ပုဂံဒေသရှိ နှစ်ထပ်လွှမ်းစေတီနှင့် ဂူဘုရားများ

Type
9

ဒေါက်တာမျိုးညွန့်အောင် (ရှေးဟောင်းသုတေသနပညာ) (ပုဂံ) 

ပုဂံမြို့ဟောင်းဒေသသည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်  ညောင်ဦးမြို့နယ်တွင် တည်ရှိသည်။ မြန်မာ့ရှေးဟောင်း ရာဇဝင်ကျမ်းများ ဖြစ်ကြသည့်  တွင်းသင်းရာဇဝင်၊  မှန်နန်းရာဇဝင်နှင့်   ဦးကုလား ရာဇဝင်တို့၌ ပုဂံနှင့်ပတ်သက်၍ အေဒီ (၁၀၇) ခုနှစ် တွင်  သမုဒ္ဒရာဇ်မင်းသည်  ပုဂံမင်းဆက်ကို  စတင် ခဲ့ပြီး   နှစ်ပေါင်း  ၁၂၀၀  ကျော် ကာလအတွင်း ပုဂံ နိုင်ငံတော်ကြီးတွင်  မင်းဆက်ပေါင်း  ၅၅   ဆက်    စိုးစံအုပ်ချုပ်ခဲ့သည်။   ပုဂံခေတ်တွင်    မြန်မာ့အနု ပညာနှင့်  ဗိသုကာလက်ရာများ  အထွတ်အထိပ်သို့ ရောက်ရှိသည့်ကာလမှာ  အေဒီ ၁၁ ရာစုမှ ၁၃  ရာစု အတွင်း ကာလဖြစ်ပေသည်။ ပုဂံမင်းတို့သည် ပုဂံ ဒေသ၌      နန်းတော်ရာပေါင်း    လေးနေရာခန့် ရွှေ့ပြောင်းနန်းစိုက်ခဲ့ကြသည်။ ပုဂံမင်းဆက်  ၄၂   ဆက်မြောက် အနော်ရထာမင်းကြီးလက်ထက်တွင် သမိုင်းအထောက်အထား၊  ကျောက်စာအထောက် အထား အခိုင်အမာဖြင့်  ပထမမြန်မာနိုင်ငံတော်ကြီး ကို တည်ထောင်ခဲ့ပြီး  အေဒီ ၁၁  ရာစုတွင်  သထုံ ဒေသမှ  ကြွလာသော  ရှင်အရဟံနှင့်  အနော်ရထာ မင်းကြီးတို့    တွေ့ဆုံပြီးနောက်     ထေရဝါဒဗုဒ္ဓ သာသနာကို  တိုးတက်ထွန်းကားပြန့်ပွားအောင်  စွမ်းဆောင်နိုင်ခဲ့သည်။    ပုဂံဒေသ၌တွေ့ရှိသော  ရှေးဟောင်းအဆောက်အအုံများသည်     ထေရဝါဒ ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သော        ဘာသာရေး၊ သာသနာရေးဆိုင်ရာ အဆောက်အအုံများဖြစ်ကြ ပေသည်။
ပုဂံဒေသရှိ     နှစ်ထပ်လွှမ်းစေတီနှင့်     ဂူဘုရား များတွင်    အကြမ်းဖျင်းလေ့လာပါက    ပုံသဏ္ဌာန်   ငါးမျိုးရှိကြောင်း လေ့လာတွေ့ရှိရသည်။  ယင်းတို့ မှာ  နှစ်ထပ်လွှမ်းစေတီများ၊  နှစ်ထပ်လွှမ်း ဂူဘုရား များ၊      နှစ်ထပ်လွှမ်းမုဋ္ဌောစေတီများ၊   နှစ်ဆူတွဲ၊ သုံးဆူတွဲစေတီတို့ပေါ်မှ ငုံ၍တည်သော စေတီများ နှင့်    နှစ်ထပ်လွှမ်းဆင်းတုတော်များဟူ၍     ခွဲခြား လေ့လာနိုင်ပါသည်။     ဒုတိယကောင်းမှုရှင်သည်  အပေါ်မှငုံ၍   တည်ဆောက်ရသည့်အကြောင်းရင်းမှာ ပထမကောင်းမှုရှင်တည်ထားခဲ့သော ဂူဘုရားစေတီ အား     သာသနာငါးထောင်    တည်ရစ်စေရန်နှင့်  ရေရှည်တည်တံ့ခိုင်မြဲစေရန် အလို့ငှာလည်းကောင်း၊ လေဒဏ်၊  မိုးဒဏ်၊  ရေဒဏ်၊ သဘာဝရာသီဥတု ဒဏ်နှင့်     လူ၊တိရစ္ဆာန်တို့၏     ဖျက်ဆီးမှုဒဏ်မှ ကင်းဝေးစေရန်အတွက်လည်းကောင်း       မူလ စေတီတော်၏   အပေါ်မှငုံ၍   တည်ဆောက်ရခြင်း ဖြစ်ပေသည်။  
 ပုဂံဒေသ၌   စာပေအထောက်အထားရှိသော   နှစ်ထပ်ဂူဘုရားများကို   လေ့လာကြည့်ရှုရာတွင်  မူလကောင်းမှုရှင်သည်  ဖခင်၊  အဘိုး၊ အဘွားတို့ ဖြစ်ကြသည်ကို   အများဆုံးတွေ့ရှိရပြီး  မိမိတို့၏ ဖခင်၊ မိမိတို့၏ အဘိုးအဘွားကောင်းမှုကို ရေရှည် တည်တံ့ခိုင်မြဲစေရန်နှင့်  သဘာဝရာသီဥတုဒဏ်မှ  ကာကွယ်ထိန်းသိမ်းစောင့်ရှောက်စေရန် အလို့ငှာ မူလကောင်းမှုရှင်၏ ကောင်းမှုကုသိုလ်ကို ဌာပနာ လိုက်သည့်  သဘောမျိုးဖြစ်မည်ဟု ထင်မြင်ယူဆ ရပါသည်။ ပုဂံခေတ်ကျောက်စာများတွင် အများဆုံး ဖော်ပြထားသည်မှာ  “မိမိ၏ကုသိုလ်ကောင်းမှုကို  သာသနာငါးထောင်တည်ရစ်စေသောငှာ  ထိန်းသိမ်း စောင့်ရှောက်သူအား  မိမိနှင့်  ထပ်တူအကျိုးရပါ စေသား  မိမိ၏ကုသိုလ်ကောင်းမှုကို ဖျက်ဆီးသူအား အဝီစိငရဲသို့        ကျရောက်ပါစေသား”       စသည် ဖြင့်  ဆုတောင်းစာ၊  ကျိန်စာများတွင်   ဖော်ပြလေ့ ရှိသည်။
စာရေးသူအနေဖြင့် ပုဂံဒေသရှိ   နှစ်ထပ်လွှမ်း စေတီနှင့် ဂူဘုရားများကို သုတေသနပြုစုခဲ့ရာတွင် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသကို ဧရိယာ ရှစ်နေရာခွဲ၍  ကွင်းဆင်းသုတေသနပြု      လေ့လာခဲ့ပါသည်။   အဆိုပါဧရိယာ ရှစ်နေရာတို့မှာ ညောင်ဦးဧရိယာ၊ ဝက်ကြီးအင်းဧရိယာ၊    တောင်ဘီဧရိယာ၊    ပုဂံ မြို့ဟောင်းဧရိယာ၊  မြင်းကပါဧရိယာ၊  သီရိပစ္စယာ ဧရိယာ၊ မင်းနန်သူနှင့် ဖွားစောဧရိယာနှင့် ဧရာဝတီ မြစ်အနောက်ဘက်ရှိ      တန့်ကြည့်ဧရိယာတို့ကို လေ့လာဆောင်ရွက်ခဲ့ပါသည်။
လက်ရာကွဲပြားသော
နှစ်ထပ်လွှမ်းစေတီနှင့် ဂူဘုရားများ  
ပုဂံဒေသရှိ   နှစ်ထပ်လွှမ်းစေတီနှင့်   ဂူဘုရား တို့ကို အလွယ်တကူမတွေ့ရှိနိုင်ဘဲ မြေငလျင်ဒဏ် ကြောင့် လည်းကောင်း၊ ဘုရားတွင် ဌာပနာခဲ့သော    အဖိုးတန်ကျောက်မျက်ရတနာနှင့်     ရှေးဟောင်း ပစ္စည်းများအား    သိုက်ပေါက်တူးသော   လူတို့၏ ဖျက်ဆီးမှုဒဏ်ကြောင့်   လည်းကောင်း၊     မြစ်ရေ တိုက်စားမှုဒဏ်ကြောင့်     လည်းကောင်း၊    စေတီဂူ ဘုရားများအား ပြုပြင်ထိန်းသိမ်းခြင်းနှင့် တူးဖော်ရေး လုပ်ငန်းများ  ဆောင်ရွက်ခြင်းတို့မှလည်းကောင်း    အတွင်းစေတီများ      ပေါ်ပေါက်လာကြောင်းကို   လေ့လာတွေ့ရှိနိုင်ပါသည်။      အတွင်းစေတီနှင့်  ဂူဘုရားတို့ကို   အပြင်စေတီ၏    ပျက်စီးယိုယွင်းနေ သည့် အခြေအနေပေါ်မူတည်၍ မူလဂူဘုရားစေတီ၏ ခရေသီး၊ ကြာမှောက်ကြာလန်တို့ပါသည့် အထွတ် ပိုင်းကိုသော်လည်းကောင်း၊      ခေါင်းလောင်းနားမှ    အထွတ်ပိုင်းအထိကိုသော်လည်းကောင်း၊  စေတီနှင့် ဂူဘုရားတစ်ဆူလုံးကိုသော်လည်းကောင်း      မူလ လက်ရာအခြေအနေအတိုင်း တွေ့မြင်နိုင်ပေသည်။
နှစ်ထပ်လွှမ်းစေတီများ
ပုဂံဒေသတွင်  နှစ်ထပ်လွှမ်းစေတီ    အမျိုးအစား  အဆူရေ   ၆၀   သုတေသနပြု   ဖော်ထုတ်နိုင်ခဲ့ ပါသည်။ ပုဂံမြို့ရွှေစည်းခုံ စေတီတော်မြတ်ကြီးကို လက်တွေ့လေ့လာကြည့်ပါက  ရာဇဝင်အချို့တွင် “ရွှေစည်းခုံ စေတီတော်မြတ်ကြီး၏   မူလဒါယကာ မှာ    အနော်ရထာမင်းကြီးဖြစ်ပြီး   ဘုရားကြီးကို   ပစ္စယာသုံးဆင့်အထိသာပြီးစီးခဲ့သည်။     သားတော် ကျန်စစ်သားမင်းကြီး     လက်ထက်ရောက်မှသာ ဘုရားကြီးကို    အပြီးသတ်တည်နိုင်ခဲ့သည်”  ဟု ဖော်ပြထားပါသည်။    အနော်ရထာမင်းကြီး   စိုးစံ အုပ်ချုပ်နေစဉ်ကာလအတွင်း     ဘုရားကြီးအား အပြီးသတ်တည်မည်ဆိုပါက  အောင်မြင်စွာ ပြီးစီး နိုင်မည်ဟု    စာရေးသူအနေဖြင့်    ထင်မြင်ယူဆပါ သည်။   သို့သော်  ၁၉၇၅  ခုနှစ်တွင်  ပုဂံဒေသ၌   ပြင်းထန်သော     ငလျင်ကြီးလှုပ်လိုက်သောအခါ    ရွှေစည်းခုံဘုရားကြီး၏     အထွတ်ပိုင်း   အရှေ့ မြောက်ဘက်သို့    တိမ်းစောင်းကွဲအက်သွားသော အခါ ပြုပြင်ထိန်းသိမ်းရန်  ပဉ္စလောဟာဖြင့်ပြီးသော   အထွတ်ခရေသီးကြီးကို       မြှောက်တင်လိုက်ရာ သဲကျောက်ဖြင့် တည်ထားသော  အတွင်းစေတီနှင့်   ပဉ္စလောဟာ ခရေသီးကြီးတို့      ပေါ်ထွက်လာသည်ကို    တွေ့ရှိရသည်။     ထိုအချိန်မှစ၍     ရှေးဟောင်း သုတေသနပညာရှင်တို့    လက်ခံထားကြသည်မှာ   ရွှေစည်းခုံစေတီ၏ အတွင်းတစ်ထပ်ကို အနော်ရထာ မင်းကြီးက ထည်ထားခဲ့ပြီး အပြင်စေတီကိုသားတော်  ကျန်စစ်သားမင်းကြီးက တည်ထားခဲ့ကြောင်း အခိုင် အမာပြောနိုင်ခဲ့ပါသည်။ ဤကဲ့သို့  ကြီးမားခံ့ညား သော စေတီကြီးများကိုပင်   နှစ်ထပ်တည်ဆောက် လေ့ရှိခဲ့ပါသည်။
ထို့အပြင် ပုဂံမြို့ဟောင်း၏  တစ်ဖက်ကမ်းတွင် ရှိသော   တန့်ကြည့်တောင်ဘုရားမှာ     အနော်ရထာ မင်းကြီးတည်ထားခဲ့ကြောင်း မှတ်သားခဲ့ကြသည်။ သို့သော်ခိုင်မာသော       စာပေအထောက်အထား မတွေ့ခဲ့ပေ။   ၁၉၇၅  ခုနှစ်  ငလျင်လှုပ်လိုက်သောအခါ   တန့်ကြည့်တောင်စေတီကြီး၌    ကြီးမားသော  အက်ကွဲကြောင်းကြီးအတွင်းမှ စေတီငယ်တစ်ဆူ ပေါ်ထွက်လာသည်ကို     တွေ့ရှိရသည်။     ၎င်းစေတီ အတွင်းမှ    အနော်ရထာမင်းကြီး၏    အုတ်ခွက်ပေါင်း မြောက်မြားစွာ    တွေ့ရှိခဲ့သည်။   အနော်ရထာမင်း တည်သည်ဟု ထောက်ပြနေသော အုတ်ခွက်များ၏ နောက်ကျောဘက်မှစာနှင့် အောက်ခြေမှ စာတို့မှာ ပါဠိအက္ခရာများဖြင့်  ဖော်ပြထားသည်။  ဓမ္မရံကြီး လမ်းခွဲအနီး  စကိုဗယ်ပေါ်တော်မူဘုရားမှာ ကိုလိုနီ ခေတ်ကာလခန့်က   ရှေးဟောင်းအဆောက်အအုံ များကိုပြုပြင်ရေးအဖွဲ့မှ   မစ္စတာစကိုဗယ်   (ပခုက္ကူ လမ်းလုပ်ငန်းဌာနမှ     အမှုဆောင်အင်ဂျင်နီယာ)    က    အပြင်စေတီကိုခွာလိုက်ရာ   အတွင်းစေတီ ပေါ်လာပြီး ယနေ့ထက်တိုင်  စကိုဗယ်ပေါ်တော်မူ ဟူ၍ လူသိများလျက် ရှိနေပေသည်။
စိုးမင်းကြီးဘုရား  အနောက်ဘက်ကမ်းနားရှိ   ကျောက်မျက်မော်ဘုရားမှာလည်း    ကြီးမားသော   နှစ်ထပ်လွှမ်းစေတီတစ်ဆူဖြစ်သည်။ အပြင်စေတီ မှာ  လောကနန္ဒာဘုရားပုံတည်ထားပြီး  လေးထောင့်   ပစ္စယာခံထားကာ     အတွင်းစေတီမှာ    ရှစ်မြှောင့် ပစ္စယာခံထားသော     ပျူခေတ်လက်ရာစေတီကြီး ဖြစ်ပါသည်။   အပြင်စေတီမှာ     အနော်ရထာမင်း လက်ထက်တည်ထားသော    စေတီတစ်ဆူဖြစ်ပြီး    အတွင်းစေတီမှာ    အနော်ရထာမင်းလက်ထက် ကာလထက်စောသော   ပျူခေတ်လက်ရာစေတီ တစ်ဆူ ဖြစ်ဖွယ်ရှိသည်။    
ကျောက်မျက်မော်ဘုရားတွင် အတွင်းစေတီနှင့် အပြင်စေတီကြား၌       အုတ်ကိုအပြည့်မဖြည့်ဘဲ သုံးပေခန့်အကျယ်ရှိသော       ဒေါက်ကြီးများဖြင့် ထောက်စီထားသည့်  စနစ်ကိုလည်း  ထူးခြားစွာ တွေ့ရှိရသည်။    အုတ်စီခြင်းလုပ်ငန်း    အပြည့် မဖြည့်ဘဲ ဒေါက်ခံ၍စီထားသဖြင့်    အပြင်စေတီကြီး မှာ   ဆောလျင်စွာ   ပြိုကျပျက်စီးလေသလောဟု တွေးတောဖွယ်ဖြစ်ရပေသည်။       ပုဂံဒေသတွင် ကျောက်မျက်မော်ဘုရားသည်      နှစ်ထပ်လွှမ်း စေတီများထဲတွင်  အလှပဆုံးသော  ထူးခြားသည့် နှစ်ထပ်လွှမ်းစေတီတစ်ဆူ ဖြစ်ပါသည်။
ထူးခြားသော အခြားစေတီတစ်ဆူမှာ   ဝက်ကြီး အင်း   ဂူပြောက်ငယ်ဘုရားတောင်ဘက်ရှိ    ဘုရား အမှတ် (၂၈၉) နှစ်ထပ်လွှမ်းစေတီတစ်ဆူဖြစ်သည်။ အတွင်းစေတီသည်     ပျူခေတ်လက်ရာ    မူလ ဖောင်းရစ်များပါရှိပြီး    ရှားပါးသော   ပျူစေတီကို လေ့လာတွေ့ရှိနိုင်ပါသည်။ အပြင်စေတီမှာလည်း ပုဂံခေတ်ဦးပိုင်း      လေးထောင့်ပစ္စယာခံထားသော စေတီပေါက်  ဘုရားတစ်ဆူဖြစ်ပြီး      အာရုံခံပိုင်းမှာ   ပုဂံခေတ် နှောင်းပိုင်းကာလခန့်မှ        ထပ်ဖြည့်တည်ဆောက် ထားကြောင်း   အာရုံခံနှင့်   တိုက်မအဆက်နေရာရှိ  အုတ်စီလက်ရာနှင့်   အင်္ဂတေလိမ်းကျံထားမှု  အခြေ အနေတို့အရ   သိရှိနိုင်ပေသည်။  အတွင်းစေတီတွင်  မူလအင်္ဂတေအချို့ ကျန်ရှိနေသေးပြီး အပြင်စေတီတွင် လည်း  မူလအင်္ဂတေပန်းများ ကျန်ရှိပါသေးသည်။
ပုဂံဒေသရှိ       နှစ်ထပ်လွှမ်းစေတီများထဲတွင် လောကဥသျှောင်ဘုရား၏   အရှေ့မြောက်ဘက်   ကပ်လျက်ရှိသော ဘုရားအမှတ်(၁၄၆၉)၏ အတွင်း စေတီတွင်   တန်ဆာဆင်ထားသော   ကြာဖတ်ရှစ် ဖတ်ပါစဉ့်ချပ်များ၊  ကြာဖတ်လေးဖတ်ပါ  အင်္ဂတေ ပန်းများကို  ပုဂံခေတ်မူလလက်ရာအတိုင်း     ရှားပါး စွာ    လေ့လာတွေ့မြင်နိုင်ပါသည်။   အတွင်းအရှေ့ မြောက်ထောင့်    ပစ္စယာဆင့်တွင်    အာနန္ဒာဘုရား အား ပုဆစ်ဒူးတုပ်ရှိခိုးနေဟန် နတ်ရုပ်ဟု ပြောလေ့ ရှိသော   နားဆွဲ၊   နားပန်၊   လက်ကြပ်၊   လက်ကောက် တို့ဖြင့်    ဝတ်ဆင်ထားသည့်    မူလအင်္ဂတေနတ်ရုပ် တစ်ရုပ်ကိုလည်း ရှားပါးစွာတွေ့မြင်နိုင်သည်။
ယခု     ပုဂံရှေးဟောင်းသုတေသနပြတိုက်၏ အနောက်မြောက်ဘက်  ပုဂံသံတဲအဝင်ဝရှိ နှစ်ထပ် လွှမ်းစေတီ   ဘုရားအမှတ် (၁၆၂၆)   သည်လည်း ထူခြားသည့် စေတီတစ်ဆူဖြစ်သည်။   အပြင်စေတီ မှာ   ပုဂံခေတ်ဦးပိုင်းစေတီတစ်ဆူဖြစ်ပြီး   အတွင်း စေတီမှာ အာမလကာခေါ်   ဖရုံတုံးများ  ပတ်ထား သည့်   ပုံစံကွဲပြားသော    ပျူခေတ်စေတီတစ်ဆူ ဖြစ်ဖွယ်ရှိသည်။ စေတီနှစ်ဆူ၏ ကျန်သေးသော အပိုင်းတို့မှာ အမြင့်ခြောက်ပေခန့်သာ ရှိပေသည်။ ပုဂံဒေသရှိ  နှစ်ထပ်လွှမ်းစေတီများအနက် အတွင်း စေတီကိုငုံ၍တည်ထားသော အပြင်စေတီ၏  နံရံထု မှာ တစ်ပေ ခြောက်လက်မမှ  နှစ်ပေခန့်အထိသာ ရှိသော မင်းအိုချမ်းသာဘုရား၏ အရှေ့မြောက်ဘက် ရှိ နှစ်ထပ်လွှမ်းစေတီဘုရားအမှတ် (၁၉၀၅) တစ်ဆူ မှာလည်း  ၁၉၇၅   ခုနှစ်တွင်   ငလျင်ဒဏ်ကြောင့်  အပြင်စေတီတစ်ခြမ်း ပြိုကျသွားသဖြင့်   အတွင်း စေတီတစ်ဆူလုံး၏      ကိုယ်ထည်ကို    ထင်ရှားစွာ  အသစ်အတိုင်းမြင်နိုင်ပြီး မူလအင်္ဂတေပန်းများကို ခေါင်းလောင်းနားမှ     ခရေသီးအထိ   မည်ကဲ့သို့ တည်ဆောက်ခဲ့ပုံကို အသေးစိတ် လေ့လာကြည့်ရှု နိုင်ပေသည်။
နှစ်ထပ်လွှမ်း မုဋ္ဌောစေတီများ
ပုဂံယဉ်ကျေးမှု          အမွေအနှစ်ဒေသတွင် အတွင်းလိုဏ်ရှိသော     မုဋ္ဌောစေတီသုံးဆူခန့်သာ   လေ့လာတွေ့ရှိရသည်။     ယင်းတို့မှာအနောက် ဖွားစောကျေးရွာ     သမထီးကျောင်းဝင်းအတွင်း သစ္စာဝတီဘုရား၏အနောက်ဘက်ရှိ ရွှေမုဋ္ဌောစေတီ ဘုရားအမှတ်  (၉၁၉)၊   သရပါတံခါးအရှေ့ဘက် တိုင်းချွတ်ဘုရားအနီး    ရွှေမုဋ္ဌောစေတီ     ဘုရား အမှတ်  (၁၉၅၆)၊  ညောင်ဦးမြို့၊ ဓာတ်ဆီဆိုင်ဝင်း အရှေ့ဘက်ရှိ ရွှေမုဋ္ဌောစေတီ ဘုရားအမှတ် (၁၉၄) တို့ဖြစ်ကြသည်။
ရွှေမုဋ္ဌောစေတီများကို မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရှိနိုင်ပြီး အတွင်းစေတီအား လှူဒါန်းသူမှာ သီရိ
ဓမ္မာသောကမင်းကြီးဖြစ်ကြောင်း     ပုဂံခေတ် ကျောက်စာများတွင်  ဖော်ပြလေ့ရှိသည်။    ရွှေမုဋ္ဌော စေတီကိုငုံ၍တည်သော      ဒုတိယအလှူရှင်သည် ပထမအလှူရှင်၏   ကုသိုလ်ကောင်းမှုကို   ရေရှည် တည်တံ့ခိုင်မြဲစေရန်အတွက်လည်းကောင်း၊ အများ ပြည်သူ သဒ္ဓါပွားများစေရန်အတွက် လည်းကောင်း၊ အတွင်းစေတီအား   ဝတ်ပြုကိုးကွယ်စေရန်အတွက်  လည်းကောင်း စသည့်ရည်ရွယ်ချက်များရှိပေသည်။  
ရွှေမုဋ္ဌောစေတီတို့အား           အပေါ်မှမိုး၍    တည်ဆောက်သောအခါ  စေတီများဖြင့်  မတည် ဆောက်ကြဘဲ မုခ်ပေါက်ပါသည့် ဂူဘုရားများဖြင့် လည်းကောင်း၊ အတွင်းစေတီနှင့် အပြင်ဘုရားတို့ ကြားတွင် အများပြည်သူတို့ လှည့်လည်ကြည်ညို ဖူးမြော်စေရန်  လိုဏ်ပတ်လမ်းဖြင့်  တည်ဆောက် လေ့ရှိကြသည်။
အနောက်ဖွားစောကျေးရွာ သမထီးကျောင်းဝင်း အတွင်း   ရွှေမုဋ္ဌောဘုရား၏    တည်ဆောက်ပုံကို   လေ့လာကြည့်ပါက     အတွင်းစေတီ၏အချင်းမှာ ၁၀  ပေခန့်ရှိပြီး  စေတီအမြင့်မှာ   ရှစ်ပေခန့်ရှိကာ လိုဏ်ပတ်လမ်းအကျယ်မှာ      ငါးပေခန့်ရှိသည်။ အပေါ်မှ ငုံ၍တည်သော ဂူဘုရား၏ အတွင်းပန္နက်မှာ အဝိုင်းဖြစ်ပြီး     အတွင်းစေတီ၏      ပန္နက်မှာလည်း အဝိုင်းပုံစံတို့ဖြစ်သည်။   ဂူဘုရား၏   အောက်ခြေ အပြင်ပန္နက်မှာ     ၄၂   ပေ    ပတ်လည်ခန့်ရှိသော  လေးထောင့်တိုက်မခံစေတီပေါက် ဂူဘုရားတစ်ဆူ ဖြစ်သည်။   အရှေ့လှည့်   ဂူဘုရားတစ်ဆူဖြစ်ပြီး ရှေ့ဝင် မုခ်ပေါက်တစ်ခုနှင့်   လေဝင်လေထွက်ရရှိရန် အုတ်ဇာပေါက်ပြတင်းသုံးပေါက်တို့ဖြင့် ကာရံထား ပါသည်။ စေတီ၏  အရှေ့ဘက်ပိုင်း၌   ကျောက်ပြား ဘောင်ခတ်ထားသော  အုတ်ခုံနှင့်တန်ဆောင်း ရှိပါ သည်။     ဂူဘုရား၏       ဗိသုကာလက်ရာတို့မှာ နှောင်းခေတ်လက်ရာများ     လွှမ်းမိုးနေသော်လည်း အမိုးစောင်းများပါရှိနေသဖြင့်   ပုဂံခေတ်ဦးပိုင်းက   တည်ဆောက်ခဲ့သည့်   ဂူဘုရားတစ်ဆူဖြစ်မည်ဟု စာရေးသူအနေဖြင့် ယူဆပါသည်။
ပုဂံမြို့ဟောင်း        သရပါတံခါးအရှေ့ဘက်တိုင်းချွတ်ဘုရားအနီးရှိ ရွှေမုဋ္ဌောဘုရားတွင်လည်း   အတွင်းစေတီမှာ အချင်း ရှစ်ပေ ခြောက်လက်မခန့် ရှိပြီး   အတွင်းလိုဏ်ပတ်လမ်းအကျယ်မှာ   နှစ်ပေ   သုံးလက်မခန့်ရှိလျက်  စေတီ၏အမြင့်မှာ  ခြောက် ပေခန့်ရှိသည်။ အပြင်ဂူဘုရားမှာ    အတွင်းပန္နက်ရော      အပြင်ပန္နက်ပါ     လေးထောင့်ပုံများဖြစ်ကြပြီး  ၂၅ ပေပတ်လည်ရှိ    လေးထောင့်တိုက်မ   ခံ၊   စေတီ ပေါက်ဂူဘုရားတစ်ဆူဖြစ်သည်။  အပြင်ဂူဘုရား၏ အတွင်းပန္နက်မှာ ၁၁ ပေ ရှစ်လက်မပတ်လည်ရှိပြီး ဂူဘုရား၏       ဗိသုကာလက်ရာ     ပုံသဏ္ဌာန်အရ ကုန်းဘောင်ခေတ် အင်္ဂတေပန်းလက်ရာများ ထပ်ဖြည့် ထားကာ    အမိုးစောင်းများပါရှိသော    ဂူဘုရား တစ်ဆူဖြစ်ပေသည်။ အပြင်ဂူဘုရားသည်  အနောက် ဘက်လှည့်ဝင်ပေါက်တစ်ခု၊       ဘေးပြတင်းပေါက် သုံးခုနှင့် ရှေ့ပိုင်းတွင် သစ်သားတန်ဆောင်းတစ်ခု ရှိသည်။
ညောင်ဦးမြို့   ဓာတ်ဆီဆိုင်ဝင်းအရှေ့ဘက်ရှိ ရွှေမုဋ္ဌောဘုရား ဘုရားအမှတ်  (၁၉၄) မှာလည်း  ထူးခြားရှားပါးသော    အရှေ့လှည့်ဂူဘုရားတစ်ဆူ ဖြစ်ပြီး အောက်ခြေအဝိုင်းခံ သီဟိုဠ်ပုံပေါက်ဂူဘုရား တစ်ဆူဖြစ်သည်။ အပြင်ဂူဘုရား၏ ဗိသုကာပုံစံအရ ပုဂံခေတ်ကာလခန့်ကတည်းက တည်ဆောက်ခဲ့ သော ဂူဘုရားတစ်ဆူဖြစ်သည်။ အတွင်းရွှေမုဋ္ဌော စေတီ၏ ဗိသုကာလက်ရာတို့မှာ  နှောင်းခေတ်ပြုပြင် မွမ်းမံမှုများရှိကြသဖြင့်       မူလလက်ရာများအား ဖုံးလွှမ်းလျက်ရှိနေသည်ကို တွေ့ရပေသည်။
ပုဂံမြို့ဟောင်းအတွင်း      မြင်းကပါကျေးရွာ မနူဟာကျောင်းတောင်ဘက်ရှိ နှစ်ထပ်ဂူဘုရားမှာ လည်း  ရွှေမုဋ္ဌောစေတီများကဲ့သို့ ဆင်တူလျက်ရှိပြီး မူလအတွင်းစေတီအား     အပြင်ဂူဘုရားတစ်ဆူမှ အပေါ်မှမိုးလျက်  အတွင်းလိုဏ်ခံ၍     တည်ဆောက် ထားသော  နှစ်ထပ်လွှမ်းဘုရားတစ်ဆူဖြစ်သည်။     အပြင်ဂူဘုရားသည်           အတွင်းစေတီအား  အုပ်မိုးရန်အတွက်    အတွင်းတွင်     မုခ်ပေါင်းကူးများ ထား၍     အနောက်ဘက်တွင်လည်း     အများပြည်သူ   ကြည်ညိုသဒ္ဓါပွားများစေရန် အနောက်ဘက်လှည့် မုခ်ပေါက်တစ်ခုပါရှိပါသည်။   
နှစ်ဆူတွဲ၊ သုံးဆူတွဲစေတီတို့ပေါ်မှ ငုံ၍တည်သော စေတီများ
ပုဂံဒေသတွင် အုတ်ခုံတစ်ခုတည်းပေါ်ရှိ  နှစ်ဆူ တွဲ၊ သုံးဆူတွဲစေတီငယ်တို့ပေါ်မှ  စေတီကြီးငုံတည် သည့် အစဉ်အလာများရှိခဲ့ပေသည်။ ထိုကဲ့သို့သော အမျိုးအစားမှာ ခြောက်ဆူခန့်ရှိပါသည်။  အစောဆုံး တွေ့ရှိသော  စေတီတို့မှာ ပုဂံမြို့ဟောင်း၊ ကန်တော့ ပလ္လင်ဘုရား၏  အနောက်မြောက်ဘက်ကမ်းနား ပိုင်းရှိ ဘုရားအမှတ်   (၁၆၃၁)  နှင့်   ဘုရားအမှတ် (၁၆၃၂) တို့ ဖြစ်ကြသည်။  ဘုရားအမှတ် (၁၆၃၁) သည် ရှင်ပင်ပွင့်စဘုရားဟု အစဉ်အလာခေါ်လေ့ရှိပြီး ပျူစောထီးမင်းတည်သည့်      ဗူးဘုရားစေတီနှင့် ဆင်တူပါသည်။ ဘုရားအမှတ် (၁၆၃၂) ကို ပေါ်တော်မူ ဘုရားဟုခေါ်ကြပြီး    စေတီပုံသည်    အနော်ရထာ မင်းကြီး   ကောင်းမှုဖြစ်သော လောကနန္ဒာစေတီပုံနှင့်       ဆင်တူလျက်ရှိကာ   ဖောင်းရစ်ပိုင်းမှာ     ပျူခေတ် စေတီများတွင်  တည်ဆောက်လေ့ရှိသော  အနည်း ငယ်မြင့်သည့် ဖောင်းရစ်လျှောများဖြင့် တည်ဆောက် ထားသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။
ထို့အပြင်  ပုဂံမြို့ဟောင်းအတွင်း   ရွာဟောင်း ကြီး   ဘုရားအရှေ့မြောက်ဘက်ရှိ   ဘုရားအမှတ် (၁၈၇၀)  မှာလည်း   အုတ်ခုံတစ်ခုတည်းပေါ်တွင်   စေတီနှစ်ဆူစီရှိကြပြီး     ၎င်းစေတီနှစ်ဆူပေါ်မှ လေးထောင့်ပစ္စယာခံထားသည့်   ခေါင်းလောင်းပုံပေါက်စေတီကြီးတစ်ဆူက  ငုံ၍တည်ထားသည်ကို   လေ့လာတွေ့မြင်နိုင်ပေသည်။  
ညောင်ဦးခရိုင်      စဉ့်ကူကျေးရွာမြောက်ဘက် အဝင်ဝရှိ ပေါ်တော်မူစေတီ သုံးဆူတွဲမှာလည်း  ငုံ၍ တည်ထားပြီး    ပျက်စီးနေသော    စေတီကြီးအား ရှင်းလင်းလိုက်သောအခါ      စေတီငယ်သုံးဆူ ပေါ်ထွက်လာကြောင်း စဉ့်ကူကျေးရွာရှိ ရပ်မိရပ်ဖ တို့၏ ပြောပြချက်အရ သိရှိရပါသည်။  အစဉ်အလာ ပြောပြသော  စကားတို့အရ ပေါ်တော်မူဘုရားသုံးဆူ မှာ ညီအစ်မသုံးယောက်တို့မှ တည်ထားကြောင်း အတွင်းစေတီသုံးဆူ မပေါ်ပေါက်မီ အချိန်ကတည်း ကပင် ခွာထုတ်လိုက်ပြီးဖြစ်သော အပြင်စေတီကြီး ကို ဘုရားသုံးဆူဟု  ခေါ်နေခြင်းမှာ  ထူးခြားသည့် အချက်ပင်ဖြစ်သည်။
နှစ်ထပ်လွှမ်းဆင်းတုတော်များ
ပုဂံဒေသတွင် နှစ်ထပ်လွှမ်းစေတီနှင့် ဂူဘုရား များတည်ရှိသကဲ့သို့    နှစ်ထပ်လွှမ်းဆင်းတုတော်များ   ပြုလုပ်လေ့ရှိသည့် အထောက်အထားများကိုလည်း တင်ပြအပ်ပါသည်။    နှစ်ထပ်လွှမ်းဆင်းတုတော် တည်ရှိရာ ဂူဘုရားမှာ သုံးဆူခန့် တွေ့ရှိသည်။
နှစ်ထပ်လွှမ်းဆင်းတုတော်များ  ဖြစ်ပေါ်လာရ သည့်အကြောင်းရင်းကို       လေ့လာတင်ပြရသော်   ပထမပြုလုပ်လိုက်သော    ဗုဒ္ဓဆင်းတုတော်သည် လက်ရှိဂူဘုရားနှင့်   နှိုင်းယှဉ်ကြည့်လျှင်    အလွန် သေးငယ်နေ၍     အချိုးအစားမညီညွတ်သည်က တစ်ကြောင်း၊  အတွင်းဆင်းတုတော်နှင့်အတူ  ပထမ ဒါယကာမှ တည်ဆောက်ခဲ့သော ဂူဘုရားတစ်ဆူရှိ နိုင်ပေသည်။  ဒုတိယဒါယကာသည် ပထမအလှူရှင် ဆောင်ရွက်ခဲ့သည့် ဆင်းတုတော်နှင့်  ဂူဘုရားကိုပါ  ပိုမိုကြီးမားခံ့ညားအောင်    ဆောင်ရွက်စေလိုသဖြင့်    ပထမဆင်းတုတော်နှင့် သက်ဆိုင်သော ဂူဘုရားကို ဖြိုဖျက်ပြီးနောက်   ပထမဆင်းတုတော်ပေါ်မှ   ငုံ၍ ကြီးမားသော ဒုတိယဆင်းတုတော်ကို ပြုလုပ်ခဲ့ပြီး သူနှင့်အချိုးအစားကိုက်ညီသော ဂူဘုရားနှင့်အတူ ဒုတိယဒါယကာမှထပ်မံ၍       တည်ဆောက်ခြင်း ဖြစ်နိုင်ကြောင်း ယူဆမိပါသည်။
ပုဂံဒေသတွင် နှစ်ထပ်လွှမ်းဆင်းတုတော်များ တွေ့ရှိရာ    ဘုရားတို့မှာ    (၁)    ပုဂံရှေးဟောင်း သုတေသနပြတိုက်၏   အရှေ့ဘက်၊  မီးမလောင် ကျောင်းဘုရား၏ အနောက်ဘက်ရှိ ဘုရားအမှတ် (၁၆၁၂)၊   (၂)  ဝက်ကြီးအင်းကျေးရွာအနောက်ဘက်  သိကြားပုန်းဘုရား   ဘုရားအမှတ် (၂၃၅) နှင့်   (၃) မြင်းကပါကျေးရွာအနီး     ရှင်ရဲတစ်ထောင်အုတ် ကျောင်း၏ မြောက်ဘက်ဘုရားအမှတ် (၁၃၉၀) တို့ ဖြစ်ပါသည်။
နှစ်ထပ်လွှမ်းဆင်းတုတော်များ     တွေ့ရှိသော ဂူဘုရားများကို   လေ့လာကြည့်သောအခါ   အတွင်း ဆင်းတုတော်အရွယ်အစားနှင့်     ဂူဘုရား၏   ဂန္ဓ ကုဋိတိုက်အရွယ်အစားတို့မှာ အချိုးအစားညီညွတ်မှု၊ လိုက်ဖက်မှုမရှိသည်ကို လေ့လာသုံးသပ်နိုင်ပါသည်။
အတွင်းစေတီများနှင့်    သက်ဆိုင်သော    ခေတ် အသီးသီးမှ မူလအနုပညာနှင့် ဗိသုကာလက်ရာများကို သိရှိနားလည်ပြီးဖြစ်ပါက     ပြိုကျပျက်စီးနေသော ရှေးဟောင်းအဆောက်အအုံများကို ပြန်လည်ပြုပြင်ထိန်းသိမ်းသည့်အခါ၌ သက်ဆိုင်သည့် ခေတ်အလိုက် အတွင်းစေတီများမှ    နမူနာပုံစံယူ၍    လွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပေသည်။
နှစ်ထပ်လွှမ်းစေတီနှင့် ဂူဘုရားများတည်ဆောက် မှုနှင့် ပတ်သက်၍     လေ့လာကြည့်ရှုရာတွင်    ပထမ ဒါယကာနှင့်   ဒုတိယဒါယကာတို့မှာ  ဆွေမျိုးရင်း ချာတော်စပ်သူများဖြစ်ကြသည်။ အများဆုံးတွေ့ရ သော မှတ်တမ်းတို့မှာ   အဖနှင့်သား၊   အဘိုးနှင့်မြေး၊  ဦးလေးနှင့်တူ  စသည့်အတွဲများကို   လေ့လာမှတ်သား ရပါသည်။       ဒုတိယကောင်းမှုရှင်သည်    ပထမ ကောင်းမှုရှင်၏   ဆန္ဒ၊  ရည်ရွယ်ချက်နှင့် စိတ်နေ သဘောထားတို့ကိုလည်း     ဖြည့်ဆည်းပေးလျက် ရှိနေကြောင်း သိရှိနိုင်ပေသည်။
ပုဂံယဉ်ကျေးမှုအမွေအနှစ်     ဒေသအတွင်းရှိ နှစ်ထပ်လွှမ်းစေတီနှင့်    ဂူဘုရားများအား    ထပ်မံ တွေ့ရှိခြင်း၊      လေ့လာသုတေသနပြုခြင်းအားဖြင့် မူလကောင်းမှုရှင်တို့၏ အလှူကုသိုလ်ကို သာသနာ ငါးထောင်တည်ရစ်သောငှာ၊     ရေရှည်တည်တံ့ခိုင် မြဲစေရန်အတွက်  ကာကွယ်ထိန်းသိမ်းစောင့်ရှောက် လိုစိတ်၊  ကြည်ညိုသဒ္ဓါပွားများလိုစိတ်များ တဖွား ဖွားပေါ်ပေါက်လာရင်းနှင့်အတူ စာရေးသူအနေဖြင့် ပုဂံဒေသရှိ   နှစ်ထပ်လွှမ်းစေတီဂူဘုရားတို့အား ကျောက်စာ၊      မင်စာအထောက်အထားတို့နှင့် ရှေးဟောင်းသုတေသနဆိုင်ရာ   တူးဖော်မှုအထောက် အထားတို့နှင့်တကွ     သုတေသနပြုစုဆောင်ရွက် လျက်ရှိပါကြောင်း တင်ပြအပ်ပါသည်။    ။