ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ်သန်း လေးသောင်းခြောက်ထောင်တန်ဖိုးရှိ လုပ်ငန်း ၂၂ ခု ခွင့်ပြုထား

တောင်ကြီး   သြဂုတ်  ၂၉
ရှမ်းပြည်နယ်   ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခုနစ်ခု ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၁၆၃ သန်းနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၅ ခု ရင်းနှီး မြှုပ်နှံမှုပမာဏ   အမေရိကန်ဒေါ်လာ ၇ ဒသမ ၅၉၂ သန်း အပါအဝင် ငွေကျပ်သန်း ၄၆၂၁၆ ဒသမ ၃၀၁ ကို  ခွင့်ပြုပေးထားခဲ့ကြောင်း  ရှမ်းပြည်နယ်  ရင်းနှီး မြှုပ်နှံမှုကော်မတီမှ သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်အတွင်း   အလုပ်အကိုင် အခွင့်အလမ်းအနေဖြင့် ပြည်တွင်း  ၁၄၈၄  ဦးနှင့် ပြည်ပ ၆၈ ဦး   ဖန်တီးပေးနိုင်ခဲ့ကြောင်း    ဩဂုတ် ၂၈ ရက်က တောင်ကြီးမြို့  ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့်  ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။
အဆိုပါ အစည်းအဝေးသို့   ရှမ်းပြည်နယ် ရင်းနှီး မြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ     ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် တက်ရောက်ခဲ့ပြီး ပြည်နယ်ဝန်ကြီး ချုပ်က အမှာစကားပြောကြားရာတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည်  ပြည်နယ်စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေပြီး ဒေသခံများအတွက် လည်း   အလုပ်အကိုင်အခွင့်အလမ်းများရရှိစေမည် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူ ချောမွေ့စေရေး  ဆောင်ရွက်ပေးရန်အတွက်လည်းကော်မတီဝင်များသာမက      ဆက်စပ်ဦးစီးဌာန၊ လုပ်ငန်းများအားလုံး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍   ရှမ်းပြည်နယ်   ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူး ဦးလေးနိုင်က Aramaw (NyaungShwe)Co., Ltd. ၏ ဒုတိယအကြိမ်   တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာမှုနှင့် San Yang Paper MillIntemational Co.,Ltd. ၏ လုပ်ငန်း    ယာယီ ရပ်နားခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် ရှင်းလင်း တင်ပြသည်။
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် များက     အထွေထွေဆွေးနွေးကြရာ ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီ  အတွင်းရေးမှူး ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်    ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက ရှမ်းပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ရန်ပုံငွေမှ အတိုးပေးသွင်းရန် ကျန်ရှိသူများနှင့် ပတ်သက်၍   ရှင်းလင်းတင်ပြပြီး ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ   ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က  လိုအပ်သည်များ   ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်စကား ပြောကြားကြောင်း သိရ သည်။                    

မောင်မောင်သန်း(တောင်ကြီး)