
နေပြည်တော် ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် တာဝန်ထမ်း ဆောင်ခဲ့သော ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများ၏ ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများရှိသောကြောင့် ဥပဒေနှင့် အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေး ရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် နိုင်ငံရေး ရာထူး လက်ရှိဖြစ်ခဲ့စဉ်က မန္တလေးတိုင်းဒေသကြီးအတွင်း စီမံကိန်း ဧရိယာနှင့် ဆက်စပ်သည့် လယ်ယာမြေများကို အခြားနည်းသုံးစွဲခွင့်ရရှိ ရေးနှင့် စီမံကိန်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေးတို့အတွက် ဆောင်ရွက်ရသည့် ဆက်စပ်ကုမ္ပဏီတစ်ခုထံမှ ၂၀၁၉ ခုနှစ် စက်တင် ဘာလတွင် ထိုင်းဘတ်ငွေ တစ်သိန်းနှင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ တွင် ထိုင်းဘတ်ငွေ နှစ်သိန်း၊ စုစုပေါင်း ထိုင်းဘတ်ငွေ သုံးသိန်းပေးအပ် ခြင်းကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ခြင်းသည် ရာထူး တာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ် ကြောင်း။
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ်က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်နေသော ကုမ္ပဏီတစ်ခုက ဆေးကုသစရိတ်အကြောင်းပြ၍ ၂၀၁၉ ခုနှစ်တွင် ငွေကျပ်သိန်း ၃၅၀၊ ၂၀၂၀ ပြည့်နှစ်တွင် ငွေကျပ် သိန်း ၃၀၀ ၊ စုစုပေါင်း ငွေကျပ်သိန်း ၆၅၀ ပေးအပ်ခြင်းကို တံစိုးလက်ဆောင်အဖြစ် လက်ခံ ရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်း ဖြစ်ကြောင်း။
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံ ဘန်ရွမ်ဂရက်(စ်)ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် မန္တလေးတိုင်းဒေသကြီးအတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသော လုပ်ငန်းရှင်တစ်ဦးက လာရောက်တွေ့ဆုံပြီး ဆေးကုသစရိတ်အကြောင်းပြ၍ အမေရိကန် ဒေါ်လာ တစ်သိန်းကို သုံးကြိမ်ခွဲ၍ ပေးအပ်ခဲ့ခြင်းကို တံစိုးလက်ဆောင် အဖြစ် လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခြင်း ဖြစ်ကြောင်း။
စည်းမျဉ်းများကို ဖောက်ဖျက်
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတော်အစိုးရက စီမံ ခန့်ခွဲခွင့်ရှိသည့် မြေနေရာ ၀ ဒသမ ၀၁၇၁ ဧက ကို မြင်းခြံခရိုင်/မြို့နယ် NLD ပါတီရုံးအတွက် ချထားပေးခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာနက တွက်ချက်မှုအရ အနည်းဆုံး ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၉၄၁ သိန်း တန်ဖိုးရှိသော မြေကွက်ကို တည်ဆဲဥပဒေ စည်းမျဉ်းများကို ဖောက်ဖျက်၍ တန်ဖိုးငွေကျပ် ၅ သိန်းကျော်ကိုသာ ပေးသွင်းစေခဲ့သဖြင့် နိုင်ငံတော်မှ ငွေကျပ်သိန်း ၉၃၀ ကျော် ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ ကြောင်းနှင့် ၂၀၁၉ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ပြင်ဦးလွင် မြို့နယ်ပါတီရုံးအတွက် နိုင်ငံတော်အစိုးရက စီမံခန့်ခွဲရမည့် မြေ ၀ ဒသမ ၁၇၂ ဧကကို ခွင့်ပြုချထားပေးခဲ့ရာ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အနည်းဆုံးကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၂,၅၈၀ တန်ဖိုးရှိသော မြေကွက်အတွက် တည်ဆဲဥပဒေ စည်းမျဉ်းများကို ဖောက်ဖျက်၍ ငွေကျပ် ၆၁ သိန်းကျော်ကိုသာ မြေဖိုးပေးသွင်းစေခဲ့ရာ နိုင်ငံတော်မှ ငွေကျပ်သိန်း ၂၅၀၀ ကျော် နစ်နာဆုံးရှုံးစေခဲ့ကြောင်း၊
ခေတ္တဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သူ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးဇာနည်အောင်သည် နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်မြေသာစံမြို့နယ်ရုံးအတွက် နိုင်ငံတော်အစိုးရက စီမံခန့်ခွဲရမည့် မြေနေရာ ၀ ဒသမ ၂၁၆၄ ဧက ချထားပေးခဲ့ရာတွင် ပြည်တွင်း အခွန်များဦးစီးဌာနမှ အနည်းဆုံးကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၉၃၁ သိန်း တန်ဖိုးရှိသော မြေကွက်ကို တည်ဆဲဥပဒေ စည်းမျဉ်းများကို ဖောက်ဖျက်၍ မြေဖိုးငွေကျပ်သိန်း ၁၁၀ ကျော်ကိုသာ ပေးသွင်းစေ ခဲ့သဖြင့် နိုင်ငံတော်မှ ငွေကျပ်သိန်း ၈၁၀ ကျော် နစ်နာဆုံးရှုံးစေခဲ့ကြောင်း နှင့် ချမ်းအေးသာစံ မြို့နယ် NLD ပါတီရုံးမြေနေရာအတွက် ၀ ဒသမ ၀၈၂၆ ဧကကို ချထား ပေးခဲ့ရာတွင် ပြည်တွင်းအခွန်များဦးစီးဌာနက အနည်းဆုံးကာလ ပေါက်ဈေး တန်ဖိုးငွေကျပ် ၅၉၅ သိန်း တန်ဖိုးရှိသော မြေကွက်ကို တည်ဆဲဥပဒေ စည်းမျဉ်းများကို ဖောက်ဖျက်၍ ငွေကျပ် ၅၃ သိန်းကျော် ကိုသာ မြေဖိုးပေးသွင်းစေခဲ့ရာ နိုင်ငံတော်မှ ငွေကျပ် သိန်း ၅၄၀ ကျော် နစ်နာဆုံးရှုံးစေခဲ့ကြောင်းတို့ကို စစ်ဆေးပေါ်ပေါက် သဖြင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်နှင့် ဝန်ကြီးဟောင်း ဦးဇာနည်အောင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အမှတ် (၁) နယ်မြေ ရဲစခန်းတွင် ဇူလိုင် ၆ ရက်၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် စုံစမ်း စစ်ဆေးရေးအဖွဲ့မှ သိမ်းဆည်းခဲ့သည့် သတ္တုဖွံ့ဖြိုးရေးဘဏ်တွင် ငွေစာရင်းဖွင့်လှစ်အပ်နှံထားသည့် ငွေကျပ်သိန်း ၈၅၀၀ ကျော်ပါ ဘဏ် စာအုပ်နှင့် ငွေသားကျပ်သိန်း ၄၅၀ တို့ကိုလည်းကောင်း၊ အမေရိကန် ဒေါ်လာ နှစ်သောင်းနှင့် ထိုင်းဘတ်ငွေ ငါးသိန်းတို့ကိုလည်းကောင်း ပဏာမစိစစ်ရေးအဖွဲ့ ဖွဲ့စည်း၍ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။
သတင်းစဉ်