အကြိမ်(၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

Image not available

 

 

 

မနီလာ နိုဝင်ဘာ ၃၀

 

၂၀၁၉ ခုနှစ် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ဖိလစ်ပိုင်နိုင်ငံ ဘာလူကန်မြို့ရှိ ပရိသတ် ၅၅၀၀၀ ဆံ့ Philippine Arena ၌ ကျင်းပသည်။

 

ဖွင့်ပွဲတွင် ဖျော်ဖြေရေးအစီအစဉ်များ စတင်ခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် အရှေ့တောင်အာရှ ၁၁ နိုင်ငံမှ အုပ်ချုပ်/နည်းပြ အဖွဲ့ဝင်များနှင့် ကစားသမားများ အားကစားရုံအတွင်း ဝင်ရောက်နေရာယူကြသည်။ ယင်းနောက် ဖိလစ်ပိုင်အိုလံပစ်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမှာစကားပြောကြားပြီး ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးက ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ ထို့နောက် ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံ့ဂုဏ်ဆောင် ကစားသမားများက ဆီးဂိမ်းပြိုင်ပွဲကျင်းပရေးအလံကို သယ်ဆောင်ပြီး ဖိလစ်ပိုင်နိုင်ငံမှ အားကစားသမားတစ်ဦးနှင့် ဒိုင်လူကြီး တစ်ဦးတို့က သစ္စာအဓိဋ္ဌာန်များ ရွတ်ဆိုကြသည်။ ဆက်လက်၍ ဖိလစ်ပိုင်နိုင်ငံမှ နာမည်ကြီးတေးသံရှင် များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။

 

ဆီးဂိမ်းပြိုင်ပွဲကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ မနီလာ၊ ဆူဘစ်၊ ကလာ့ခ်နှင့် အခြားမြို့များ၌ ကျင်းပမည်ဖြစ်ပြီး အချို့အားကစားနည်းများကို နိုဝင်ဘာ ၂၅ ရက်ကတည်းက ကျင်းပလျက်ရှိသည်။ ယခုနှစ်ဆီးဂိမ်း ပြိုင်ပွဲတွင် အားကစားနည်း ၅၆ မျိုး ထည့်သွင်းကျင်းပ လျက်ရှိပြီး ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက် အားကစားနည်း အများဆုံး ထည့်သွင်းကျင်းပသည့် ပြိုင်ပွဲလည်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၃၁ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ ဖွင့်ပွဲတွင် ဖိလစ်ပိုင် သမ္မတအပါအဝင် သောင်းဂဏန်းရှိသည့် ပရိသတ်များ တက်ရောက်ခဲ့သည်။

 

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-စိုးညွန့်(ခေတ္တ-မနီလာ)