တာမွေမြို့နယ်၌ လှည့်ကင်းဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် အကြမ်းဖက်အဖွဲ့ဝင်များကို ဖမ်းဆီးရမိ

နေပြည်တော်  ဇူလိုင်   ၈


ဆူပူအကြမ်းဖက်မှုကိုလိုလားသူ အကြမ်းဖက်အဖွဲ့ များအနေဖြင့်   နိုင်ငံတော်  တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန်   ရည်ရွယ်၍   လူငယ်များကို တိုင်းရင်းသား      လက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ       တက်ရောက်စေပြီး အများပြည်သူလူထု  သွားလာလှုပ်ရှားလျက်ရှိသည့် နေရာများကို   မိုင်းထောင်တိုက်ခိုက်ခြင်း၊ ကလေး သူငယ်များ၏   ပညာရေးကို   ထိခိုက်စေရန် စာသင် ကျောင်းများ   မီးရှို့ဖျက်ဆီးခြင်း၊      မိုင်းထောင် တိုက်ခိုက်ခြင်း၊    လုံခြုံရေးဆောင် ရွက်လျက်ရှိသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ကို  လုပ်ကြံသတ်ဖြတ်ခြင်းများကို  လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲ လုပ်ဆောင်လျက်ရှိသည်။


ထိုသို့     လုပ်ဆောင်လျက်ရှိရာ    ဇွန် ၂၉ ရက် နံနက်ပိုင်းတွင် တာမွေမြို့နယ်   မေတ္တာညွန့်ရပ်ကွက် အတွင်း   လှည့်ကင်းဆောင်ရွက်ရန် ထွက်ခွာလာသော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များကို    ဧရာဝတီဘဏ်အနီးသို့ အရောက်၌   အကြမ်းဖက်သူများက   Toyota Wish အမျိုးအစား(လိုင်စင်မဲ့)     အဖြူရောင်ယာဉ်ပေါ်မှ သေနတ်ဖြင့်   ပစ်ခတ်၍ ထွက်ပြေး သွားခဲ့ကြောင်းနှင့် ၎င်းမော်တော်ယာဉ်ကို    သွားရောက်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်အနီး   လမ်းပေါ်မှ   ပစ္စတိုသေနတ် တစ်လက်၊ ၉ မမ ကျည်ခွံ ကိုးခုနှင့်  မော်တော်ယာဉ် ခေါင်းခန်းအတွင်းမှ     ၉ မမ ကျည်တောင့်  ၂၀ ၊ ယာဉ်မောင်းလိုင်စင် တစ်ခုကို သိမ်းဆည်းရမိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြစ်မှုကျူးလွန် သူ  တရားခံများကို   ဖမ်းဆီးရမိရေး   ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၆ ရက်၌     တရားခံ   ခန့်စည်သူ (၂၂) နှစ်၊ ခန့်စည်သူ၏   ဖခင်ဖြစ်သူ ဦးမောင်မောင်လွင်(၅၅)နှစ်နှင့်     စောထူးအောင်မြင့်(ခ)Y2K  တို့ သုံးဦးကို ဧရာဝတီတိုင်းဒေသကြီး    မအူပင်မြို့နယ်     ထနီး ကျေးရွာအနီးရှိ ငါးကန်၌ ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံ ခန့်စည်သူ၏  ထွက်ဆိုချက် အရ ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင်  ဆက်စပ်တရားခံ စစ်သွေးအောင်(၂၁)နှစ်ကို စမ်းချောင်းမြို့နယ်   သီရိ ခေမာရပ်ကွက် သီရိလမ်းရှိနေအိမ်၌  လက်လုပ်အသံ ဗုံးရှစ်လုံး၊   လက်လုပ်ဗုံး လေးလုံး၊    ယမ်းပျော့ ၁၁ တောင့်၊ ယမ်းမှုန့်တစ်ထုပ်၊ စနက်တံကြိုး ၁၈ ချောင်း၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ  ဖမ်းဆီးရမိခဲ့ပြီး တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကဆံ အိမ်ရာဝင်း၌ ဆက်စပ်တရားခံ ကောင်းပြည့်ဝင်း(၃၃)နှစ်ကိုလည်း Honda Insight အဖြူရောင်ယာဉ်တစ်စီး နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိသူများ၏     ထွက်ဆိုချက်များအရ ကိုခွန်းဆိုသူမှ      ခန့်စည်သူ၊        စစ်သွေးအောင်၊ ကောင်းပြည့်ဝင်းနှင့်    စောထူးအောင်မြင့်(ခ)Y2K တို့ကို ခင်ကျော် (UNRA)ထံတွင် လက်နက်နှင့် ဖောက်ခွဲရေးသင်တန်းတက်ရောက်ရန် ချိတ်ဆက် ဆောင်ရွက်ပေးခဲ့သဖြင့်  ဧပြီ ၂၀ ရက်မှ ၂၇ ရက်အထိ သင်တန်းတက်ရောက်ခဲ့ကြောင်း၊   သင်တန်းဆင်းပြီး နောက်  ကိုခွန်း ဖွဲ့စည်းထားရှိသော   Union Of Myanmar Civil Defence(UMCD) အဖွဲ့တွင်ပါဝင်ခဲ့ပြီး လက်လုပ်မိုင်းများနှင့်   ချိန်ကိုက်ဗုံးများ ပြုလုပ်၍ ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန်  ပြောကြား ထားခဲ့ကြောင်း သိရသည်။


တရားခံ ခန့်စည်သူအနေဖြင့်  ဇွန် ၂၆ ရက်တွင် တာမွေမြို့နယ်ရှိ   ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား   လက်လုပ်မိုင်းဖြင့် သွားရောက်ဖောက်ခွဲခဲ့ရာ ပေါက်ကွဲမှုမရှိခဲ့ကြောင်းနှင့် ဇွန် ၂၉ ရက်တွင် တရားခံ ခန့်စည်သူသည် စစ်သွေးအောင်၊ စောတရုတ်တို့နှင့် အတူ Toyota Wish အမျိုးအစား(လိုင်စင်မဲ့) အဖြူ ရောင်ယာဉ်ဖြင့်  တာမွေမြို့နယ်၊  မေတ္တာညွန့်ရပ်ကွက် သို့ သွားရောက်ခဲ့ပြီး  တရားခံ ခန့်စည်သူက လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အား  သေနတ်ဖြင့်   ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။


သို့ဖြစ်၍  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို   ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများ        လုပ်ဆောင်ခဲ့သည့် တရားခံငါးဦးကို    ပစ္စတိုသေနတ်တစ်လက်၊  ၉ မမ ကျည်   ၂၄  တောင့်၊     လက်လုပ်အသံဗုံး    ရှစ်လုံး၊ လက်လုပ်ဗုံး လေးလုံး၊  ယမ်းပျော့ ၁၁ တောင့်၊ ယမ်း မှုန့်တစ်ထုပ်၊    စနက်တံကြိုး ၁၈ ချောင်းတို့နှင့်အတူ ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့အား  ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့်  ဆက်စပ်သူများ အား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခို ရာ နေရာများ၊    လှုပ်ရှားသွားလာနေထိုင်မှုသတင်း များရရှိပါက   သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်း ပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက်  ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာ ရပ်ခံ အသိပေးထားကြောင်း သိရသည်။

သတင်းစဉ်