တာလီဘန်အဖွဲ့က မြို့တော်ကဘူး၌ ကားဗုံးခွဲတိုက်ခိုက်၊ ကလေး ၅၀ ထက်မနည်း အပါအဝင် လူ ၁၀၀ နီးပါး ဒဏ်ရာရ

Image not available

 

 

ကဘူး   ဇူလိုင်  ၁

 

အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးတွင် ဇူလိုင် ၁ ရက် အစောပိုင်းက တာလီဘန်စစ်သွေးကြွအဖွဲ့က အင်အား ပြင်းထန်သည့်ကားဗုံးဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ကြောင့် လူတစ်ဦးထက်မနည်း  သေဆုံးပြီး  ထိခိုက်ဒဏ်ရာ ရရှိသူများပြားကြောင်း၊    ကားဗုံးပေါက်ကွဲပြီး နောက်တွင်  သေနတ်သမားများနှင့် အာဖဂန်လုံခြုံရေး အထူးတပ်ဖွဲ့များ အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ကားဗုံးဖောက် ခွဲတိုက်ခိုက်သည့်နေရာမှာ အာဖဂန်အစိုးရ အဆောက် အအုံများနှင့် စစ်ဘက်မှ လူနေအိမ်များ  တည်ရှိရာနေရာတွင် ဖြစ်ကြောင်း သိရသည်။

 

ထိခိုက်ဒဏ်ရာရသူများထဲတွင်    ကလေးအများစု ပါဝင်ကြောင်း ဆေးရုံတစ်ရုံမှ ထုတ်ပြန်သည့် ကြေညာ ချက်တွင် ဖော်ပြသည်။ ယင်းနေ့နံနက်ပိုင်း လူအများ သွားလာချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှု ကြောင့်   လေထုအတွင်းသို့    မီးခိုးများလွင့်ပျံတက်ကာ နှစ်ကီလိုမီတာအကွာရှိ      အဆောက်အအုံများ ပေါက်ကွဲမှု အရှိန်ကြောင့်  တုန်ခါသွားခဲ့ကြောင်း   ဒေသခံတစ်ဦးက  ပြောကြားသည်။

 

တိုက်ခိုက်မှုစတင်ဖြစ်ပွားပြီး နောက်ထပ် ခုနစ်နာရီ ခန့်အကြာအထိ သေနတ်သမားများနှင့် အာဖဂန်အထူးလုံခြုံရေးတပ်ဖွဲ့များအကြား   ဖြစ်ပွားသည့်  ပစ်ခတ် တိုက်ခိုက်မှုများအတွင်း လက်နက်ငယ်မျိုးစုံ၏ပစ်ခတ်သံ များကို ကြားရကြောင်း အေအက်ဖ်ပီသတင်းထောက်က ပြောကြားသည်။

 

ယင်းကားဗုံးဖောက်ခွဲတိုက်ခိုက်မှုကြောင့်     လူ တစ်ဦးထက်မနည်း သေဆုံးပြီး  ဒဏ်ရာရရှိသူ ၉၃ ဦး အနက်   ၅၀  ထက်မနည်း    ကလေးများပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန   ပြောရေးဆိုခွင့်ရှိသူတစ်ဦးက   ပြောကြားသည်။   ဒဏ်ရာရရှိသူများထဲမှ သေဆုံးသူအရေ အတွက် မြင့်တက်လာဖွယ်ရှိကြောင်း ၎င်းက ပြောကြား သည်။

 

ကလေးအများစုသည် ပေါက်ကွဲမှုဖြစ်ရာမှ လွင့်စဉ် လာသည့် မှန်ကွဲစများ ထိမှန်မှုကြောင့် ဒဏ်ရာရကြခြင်း ဖြစ်ပြီး  ၎င်းတို့၏အခြေအနေ   စိုးရိမ်စရာမရှိကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

 

အဆိုပါ   ဗုံးဖောက်ခွဲတိုက်ခိုက်မှုကို    တာလီဘန် စစ်သွေးကြွအဖွဲ့က  လုပ်ဆောင်ခဲ့သည်ဟု  ပြောကြားခဲ့သည်။    လာမည့်  စက်တင်ဘာလတွင်  ကျင်းပသည့်  အာဖဂန် နစ္စတန် သမ္မတရွေးကောက်ပွဲမတိုင်မီ အာဖဂန် ပြည်တွင်း စစ်   အပစ်အခတ်ရပ်စဲမှုရရှိနိုင်ရေးအတွက် အမေရိကန် အစိုးရက ကြိုးပမ်းနေပြီး ကာတာနိုင်ငံတွင် တာလီဘန် စစ်သွေးကြွအဖွဲ့     ကိုယ်စားလှယ်များနှင့် အမေရိကန် အစိုးရ ကိုယ်စားလှယ်တို့ ခုနစ်ကြိမ်မြောက် ဆွေးနွေးမှုအပြီး နှစ်ရက်အကြာတွင်  တာလီဘန်စစ်သွေးကြွ    အဖွဲ့က         တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

 

       အေအက်ဖ်ပီ