ကိုဗစ်-၁၉ ဒုတိယနှစ်နှင့် ကမ္ဘာ့လူဦးရေနေ့

ကမ္ဘာ့လူဦးရေသန်းပေါင်း ၅၀၀၀ ပြည့်သည့် ၁၉၈၇ ခုနှစ်တွင် မြေကမ္ဘာနေ လူသားတို့ လူဦးရေအကြောင်းအရာကို စတင် အာရုံစိုက်လာခဲ့ကြသည်။  တစ်နည်းဆိုရသော် ကမ္ဘာ့လူဦးရေ တစ်စတစ်စများပြားလာသည့်အပေါ် စိုးရိမ်ကြောင့်ကြလာကြခြင်း ပင်ဖြစ်ရာ ထုံးစံအတိုင်း ပညာရှင်များနှင့် မီဒီယာတို့မှ စတင်၍ ထုတ်ဖော်ပြောကြားလာခဲ့ရာမှစ၍ ကမ္ဘာ့အရေးကိစ္စတစ်ခုဖြစ် လာပြီး ၁၉၈၉ ခုနှစ်မှစတင်ကာ နှစ်စဉ် ဇူလိုင်လ ၁၁ ရက်နေ့တိုင်း ကမ္ဘာ့လူဦးရေနေ့ကို ကျင်းပပြီး လူဦးရေဆိုင်ရာအကြောင်းအရာ များကို တစ်ခုပြီးတစ်ခု ခေါင်းစဉ်တပ် အာရုံစိုက်ဆွေးနွေးခဲ့ကြ သည်။


ကမ္ဘာ့လူဦးရေ တိုးပွားလာခြင်းအပေါ် လူများလေ၊ ပြဿနာ များလေဟူသော ကမ္ဘာ့အမြင်ဖြင့် ဆင်ခြင်သုံးသပ်ပါက မလိုလား အပ်စရာပင် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ  စိုက်ပျိုးမြေ၊ ရေ၊ စားနပ်ရိက္ခာ တို့ အပါအဝင် သယံဇာတများမှာ အကန့်အသတ်ရှိခြင်းကြောင့် လူဦးရေတိုးသည်ထက်   တိုးလာသည်ကို   ဇက်ကြိုးသတ်၍ ထိန်းချုပ်ရန်လိုအပ်သည်။ ဆင်းရဲမွဲတေသော နိုင်ငံများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်မူ လူဦးရေ အခြေအနေက  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး နှင့် ဆက်စပ်လျက်ရှိသည်။ နိုင်ငံလူဦးရေကို ကောင်းစွာစီမံခန့်ခွဲ နိုင်စွမ်း  မရှိပါက ဆင်းရဲနွမ်းပါးမှုနှင့် ၎င်း၏ အကျိုးဆက်များ ဖြစ်သော လူမှောင်ခိုပြဿနာ၊ ကလေးအလုပ်သမားပြဿနာ၊ ရာဇဝတ်မှုများပြားလာသည့် ပြဿနာများမှသည် နိုင်ငံမတည်ငြိမ်မှု အထိ ပြဿနာများစွာတို့က တန်းစီနေသည်။


ယခုနှစ် ကမ္ဘာ့လူဦးရေနေ့ကမူ ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါ ကြီး၏ ဒုတိယမြောက်နှစ်အတွင်း ကျရောက်နေသည်။ ကပ် ရောဂါလှိုင်းများ   တစ်ကြိမ်ပြီးတစ်ကြိမ်   ရိုက်ခတ်မှုကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအပါအဝင် လူ့အရေးအရာ ကိစ္စများစွာတို့ ထိခိုက်ရခြင်း၊ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး အတွက် မြို့ ရွာ များအတွင်း  တားဆီးကန့်သတ် ပိတ်ဆို့ရခြင်း စသည်တို့က  လူတို့၏ စိတ်ပိုင်း ရုပ်ပိုင်းတို့အပေါ် ဖိအားများစွာ ကျရောက်စေသည်။ သဘာဝအရ အားနည်းသူများဖြစ်သလို အချို့သော လူ့အဖွဲ့အစည်းများ၏ ဓလေ့ထုံးစံ၊ ယုံကြည်ကိုးကွယ် မှုအရတို့ပါ ဦးစားပေးမခံရသည့် အမျိုးသမီးငယ်/ ကြီး များအပေါ် အထက်ပါဖိအားများက ပုံကျလာနိုင်သည့် အရေးပေါ် အထူးပြု စူးစိုက်ထားသည်။ အိမ်တွင်းအကြမ်းဖက်မှုများ၊ အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံမှုများ၊ ကလေးသူငယ် ထိမ်းမြားလက်ထပ် မှုများ    ပိုမိုများပြားလာနိုင်သည့်အပေါ်  ကမ္ဘာ့လူသားတို့   ဂရု ပြုလာစေရေးအတွက်  ယခုနှစ် ကမ္ဘာ့လူဦးရေနေ့က  ဦးတည်ချက် ထားရှိသည်။


မြန်မာနိုင်ငံအနေဖြင့်မူ  နိုင်ငံ၏လူဦးရေ အရွယ်အစားသည် ပြဿနာမဟုတ်။   နိုင်ငံ၏  လူဦးရေကို ကောင်းစွာစီမံခန့်ခွဲရန် အထူးသဖြင့် အလုပ်လုပ်သည့်အရွယ် လူဦးရေ အရင်းအမြစ်ကို တန်ဖိုးမြှင့်တင်ပေးနိုင်ရန်ကသာ နိုင်ငံ၏ ပကတိလိုအပ်ချက်နှင့် ကိုက်ညီမည်ဖြစ်သည်။ အချို့သော ကမ္ဘာ့အမြင်တို့က မိမိတို့နိုင်ငံ၊ လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုနှင့် အံမဝင်သည်များလည်းရှိနေမည်ဖြစ်သည်။   မည်သို့ပင်ဆိုစေ  ကိုဗစ်-၁၉ ကာလအတွင်း အိမ်တွင်းအကြမ်းဖက်မှုများ မဖြစ်ပေါ်စေရေး၊ ဖြစ်လာပါကလည်း အမျိုးသမီးတို့အပေါ် ပုံမချမိစေရေး၊ နိုင်ငံအတွင်းရှိ အမျိုးသမီးထု ၏  အင်အားကို  ရယူ၍ ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊  ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် တစ်တပ် တစ်အားပါဝင်လာရေး  အခွင့်အလမ်းများ ထုတ်ဖော်ပေးနိုင်ပါစေကြောင်း။     ။