
ယဉ်မင်းထွေး
(စာပေဗိမာန်)
နိုင်ငံတစ်ခု၏ ဉာဏစွမ်းအားစုများ တိုးတက်ရေးအတွက် စာပေကဏ္ဍကို မြှင့်တင်မှုသည် အရေးကြီးသောကဏ္ဍမှ ပါဝင်ပါသည်။ သို့အတွက်ကြောင့် နိုင်ငံတော်အစိုးရသည် မြန်မာစာပေဖွံ့ဖြိုးရေးနှင့် စာကောင်းပေမွန်များ ပေါ်ထွက်လာရေးအတွက် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုတို့ကို နှစ်စဉ်ချီးမြှင့်လျက် ရှိပါသည်။
အဆိုပါ စာပေဆုများအပြင် ၂၀၀၁ ခုနှစ်မှ စတင်လျက် စာပေ အကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသား ပြုစုခဲ့သည့် စာပေပညာရှင်ကြီးများ၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် “အမျိုးသား စာပေတစ်သက်တာဆု” ကိုလည်း နှစ်စဉ် ချီးမြှင့်လျက်ရှိပါသည်။
နိုင်ငံတော်က ဆုချီးမြှင့်
အမျိုးသားစာပေတစ်သက်တာဆု ကို တစ်နှစ်လျှင် စာပေပညာရှင်တစ်ဦး မှ သုံးဦးအထိ နှစ်စဉ် ရွေးချယ်ချီးမြှင့် ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှ စတင်လျက် မိမိ၏ ဘဝတစ်လျှောက် သုတ၊ ရသ စာပေများကို တစိုက်မတ်မတ် ရေးသားခဲ့ သည့် စာရေးဆရာကြီးတစ်ဦးနှင့် စာပေ ဖွံ့ဖြိုးရေးဆိုင်ရာ၊ စာပေသုတေသန ဆိုင်ရာလုပ်ငန်းများကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် စာပေ ပညာရှင်ကြီးတစ်ဦး စုစုပေါင်းနှစ်ဦးကို ချီးမြှင့်ခဲ့ပါသည်။ ယခုအထိ အမျိုးသား စာပေတစ်သက်တာဆုရ စာရေးဆရာ၊ ဆရာမကြီး စုစုပေါင်း ၃၁ ဦးကို နိုင်ငံတော်က ဆုချီးမြှင့်ခဲ့ပြီး ဖြစ်ပါ သည်။
အမျိုးသားစာပေ တစ်သက်တာ စာပေဆုရ စာရေးဆရာ ဆရာမကြီး ၃၁ ဦးတွင် ၁၁ ဦးမှာ ကွယ်လွန်ခဲ့ပြီး ၂၀ မှာ သက်ရှိထင်ရှားဆဲ ဖြစ်ပါသည်။ ယင်းသက်ရှိထင်ရှား စာပေပညာရှင် ၂၀ တွင် အသက်အရွယ်အားဖြင့် အကြီးဆုံးမှာ ဆရာကြီး ဦးလေးမြိုင် (လေးမြိုင်) ဖြစ်ပြီး ယခုအခါ အသက် ၉၇ နှစ်ရှိပြီ ဖြစ်ပါသည်။
အမျိုးသားစာပေတစ်သက်တာဆု စတင်ချီးမြှင့်သည့် ၂၀၀၁ ခုနှစ်တွင် ဆရာကြီးပါရဂူက ဦးဦးဖျားဖျားရရှိခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ဆရာကြီးမောင်ထင်၊ ၂၀၀၃ ခုနှစ်တွင် ဆရာကြီးဌေးမောင်နှင့် ၂၀၀၄ ခုနှစ်တွင် ဆရာကြီးဦးလေးမြိုင်တို့ ရရှိပါသည်။
စာပေအားဖြင့် သာသနာပြု
အမျိုးသားစာပေ တစ်သက်တာဆု ရရှိချိန်တွင် ဆရာကြီးဦးလေးမြိုင်သည် အသက် ၈၁ နှစ်အရွယ်ရှိပြီ ဖြစ်ပါသည်။ ဆရာကြီးသည် သုတ၊ ရသ စာပေနှစ်မျိုး ကို ပိုင်နိုင်စွာ ရေးဖွဲ့နိုင်သူဖြစ်ပြီး မြန်မာ စာပေနယ်တွင် အောင်မြင်သောစာရေး ဆရာ အယ်ဒီတာအဖြစ် ကျင်လည် ရပ်တည်နိုင်ခဲ့သူ ဖြစ်ပါသည်။ အထူး သဖြင့် ဆရာကြီးသည် မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာထွန်းကားရေးကို စာပေ အားဖြင့် သာသနာပြုခဲ့သူဟု ဆိုပါက လည်း မှားမည်မဟုတ်ပါ။ မြန်မာစာပေ ပညာရှင်များတွင် ဗုဒ္ဓစာပေများကို သာမန်ဗုဒ္ဓဘာသာဝင်တစ်ဦး ဖတ်ရှု နားလည်အောင်ရေးသားသူ စာရေး ဆရာကြီးများအထဲတွင် ဆရာကြီး သည် တစ်ဦးအပါအဝင် ဖြစ်ပါသည်။ ဆရာကြီးသည် ထိုခေတ်က ဆရာ ငွေဥဒေါင်း၊ ဆရာသုခ၊ ဆရာပါရဂူ၊ ဆရာ ဦးအေးမောင် (စာပေဗိမာန်)၊ ဆရာဦးရွှေ အောင်၊ ဆရာဦးသော်ဇင်၊ ဆရာဆန်းထွန်း (မန်းတက္ကသိုလ်)၊ ဆရာဓမ္မာစရိယ ဦးဌေး လှိုင်၊ ဆရာအံ့မောင် (မဟာဝိဇ္ဇာ-ဘုံဘေ)၊ ဆရာနှစ်ဖက်လှ စသည့်စာရေးဆရာကြီး များနှင့်အတူ ဗုဒ္ဓစာပေများကို ရေးသား ခဲ့ရာ ယခုအချိန်တိုင်အောင်ပင် ဖြစ်ပါ သည်။
စာပေမွေ့လျော်
ဆရာကြီးကို ၁၉၂၄ ခုနှစ် စက်တင် ဘာလ ၂၁ ရက်တွင် မိတ္ထီလာခရိုင် သာစည်မြို့နယ် ဟံဇားရွာကြီးတွင် အဖ ဦးပေါမြိုင်၊ အမိ ဒေါ်လေးကြီးတို့ က မွေးဖွားခဲ့သည်။ ငယ်နာမည်မှာ မောင်အောင်ဖေဖြစ်သည်။ မောင်အောင် ဖေသည် ဟံဇားဘုန်းတော်ကြီးကျောင်း တွင် ရှင်သာမဏေဝတ်ခဲ့ပြီး ကိုရင် “အာစာရ” ဘွဲ့ကို ရရှိသည်။ ထိုမှတစ်ဖန် အသက် ၁၉ နှစ် ၃ လတွင် ရဟန်းခံ၍ ဦးပဉ္စင်း “အာစာရ” ဖြစ်လာခဲ့သည်။ ငယ်စဉ် ဘုန်းကြီးကျောင်းသားဘဝကပင် စာဖတ်ဝါသနာပါခဲ့သူဖြစ်သည်။ ၁၆ နှစ် အရွယ် ကိုရင် “အာစာရ” ဘဝတွင် စစ်ရိပ် စစ်ငွေ့ကြောင့် ဘုန်းကြီးကျောင်းတွင် လာရောက်သိမ်းဆည်းထားသော ဟံဇား ရွာစာကြည့်တိုက်မှ စာအုပ်သေတ္တာကြီး နှစ်လုံးကို မွှေနှောက်ဖတ်ရှုခွင့်ရရာမှ စာပေမွေ့လျော်စိတ်ထက်သန်နိုးကြား လာခဲ့သည်။ ဒဂုံမဂ္ဂဇင်း၊ သူရိယမဂ္ဂဇင်း၊ တိုးတက်ရေးမဂ္ဂဇင်း၊ ဟံသာဝတီမဂ္ဂဇင်း၊ နဂါးနီဂျာနယ်၊ ဂျာနယ်ကျော်တို့ကို ဖတ်ရှု ခဲ့သည်။ မဂ္ဂဇင်းနှင့် ဝတ္ထုများကို ဖတ်ရှုရာ မှ စာရေးဆရာများကို လေးစားအားကျ လာပြီး ကိုယ်တိုင်စာရေးချင်စိတ် ဖြစ်ပေါ် လာခဲ့သည်။
စာရေးဆရာကြီး မဟာဆွေ၊ သခင် ကိုယ်တော်မှိုင်းတို့၏ စာအုပ်များ၊ မြို့မ ဆရာဟိန် ဘာသာပြန်သည့် စာအုပ်များ၊ သခင်နု၊ သခင်စိုး၊ သခင်ဘသောင်းတို့၏ နိုင်ငံရေးစာအုပ်များ၊ ဆရာပီမိုးနင်းနှင့် ဦးပဂျီငိုတို့၏ တက်ကျမ်းစာအုပ်များကို ဖတ်ရှုခဲ့သည်။ ဘုန်းကြီးပျံပွဲ၊ မီးထွန်းပွဲ စသည်တို့အတွက် သံချပ်များ၊ ဧယဉ်ကျူး သီချင်းများ၊ ကဗျာလင်္ကာများ၊ ဇာတ်စာ များရေးကာ ကလောင်သွေးခဲ့သည်။ ထိုမှ အာဇာနည်နေ့ တစ်နှစ်မြောက် အထိမ်း အမှတ်အတွက် “စန်းယုအောင်” ကလောင် အမည်ဖြင့် ပေးပို့သော “မမေ့တဲ့နိုင်” ဆောင်းပါးသည် မန္တလေး သူရိယသတင်း စာတွင် ပထမဆုံး ပုံနှိပ်စာလုံးအဖြစ် ဖော်ပြခြင်း ခံခဲ့ရသည်။ စစ်ပြီးခေတ်တွင် ရဟန်းဘဝဖြင့် မန္တလေးမြို့တွင် နေထိုင် လျက် ပရိယတ္တိစာပေများ၊ ပဋိပတ္တိစာပေ များကို ဆက်လက်သင်ကြားရင်း တစ်ဖက် မှလည်း ကလောင်သွေးခဲ့သည်။ ဆရာကြီး မဟာဆွေရေးသားသည့် “ဘိုးဝဇီရ” ၏ စာအုပ်ကို ဖတ်မိပြီး လွန်စွာစိတ်ဝင်စား ကာ ဘိုးဝဇီရ၏အကြောင်းကို လေ့လာပြီး ဘိုးဝဇီရ၏ အကြောင်းနှင့် တိမ်မြုပ်နေ သော သူ၏ စာပေလက်ရာများကို စုစည်း လျက် မိမိကိုယ်ပိုင်အရင်းအနှီးဖြင့် “ဘိုးဝ ဇီရစာပေ” စာအုပ်ကို အသက် ၂၆ နှစ် အရွယ်တွင် ကလောင်အမည် “စန်းယု အောင်” ဖြင့် ရေးသားထုတ်ဝေခဲ့ပါသည်။ ထို့နောက် အသက် ၂၉ နှစ်အရွယ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိပြီး လူဝတ်လဲကာ စာပေများရေးသားလျက် စာပေလောက တွင်းသို့ ရောက်ရှိခဲ့လေသည်။
စာပြင်ပညာကို သင်ကြား
အသက်မွေးဝမ်းကျောင်းမှုအတွက် စာပြင်ပညာကို သင်ကြားပြီး ဆရာကြီး ဦးရန်အောင်၏ အကူအညီဖြင့် မြဝတီ ပုံနှိပ်တိုက်တွင် စာပြင်လုပ်ငန်းကို လေ့လာ ခွင့်ရခဲ့သည်။ ရှုမဝ၊ ငွေတာရီ၊ မြဝတီ၊ ပေဖူးလွှာမဂ္ဂဇင်းများနှင့် ကြေးမုံသတင်း စာတို့၌ စာပြင်ဆရာအဖြစ် ဆောင်ရွက်ခဲ့ သည်။ ၁၉၅၇ ခုနှစ်တွင် မြဝတီမဂ္ဂဇင်း တိုက်၌ စာပြင်ဆရာအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပြီး ထိုမှ ငွေတာရီမဂ္ဂဇင်းတိုက်တွင် စာပြင်၊ လက်ထောက်အယ်ဒီတာ၊ တာဝန်ခံ အယ်ဒီတာအဖြစ်မှ ၁၉၇၇ ခုနှစ်တွင် မြဝတီပုံနှိပ်တိုက် တစ်တိုက်လုံး၏ ဒုတိယ အယ်ဒီတာချုပ်တာဝန်ကို ထမ်းဆောင် ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် သက်ပြည့်အငြိမ်းစား ယူခဲ့ပါသည်။
ဆရာကြီးသည် ဖဆပလခေတ် ကမ္ဘာ့ ငြိမ်းချမ်းရေးကွန်ဖရင့်က ကျင်းပသည့် ငြိမ်းချမ်းရေးနှင့် လူမျိုးပေါင်းစုံ ချစ်ကြည် ရေး ကဗျာပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့ သည်။ ၂၀၀၂ ခုနှစ်တွင် ကျေးဇူးသစ္စာ မြတ်ပဏ္ဏာအဖွဲ့၏ ဂုဏ်ပြုမှတ်တမ်းတင် ဆု၊ ၂၀၀၄ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ ၂၀၀၅ ခုနှစ်တွင် ဓမ္မ ဗိမာန် တစ်သက်တာစာပေဆုတို့ကို ချီးမြှင့် ခြင်းခံခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်က ချီးမြှင့်သော စည်သူဘွဲ့ကို ရရှိခဲ့သည်။
ဘာသာရေးလုံးချင်းစာအုပ်များထုတ်ဝေ
ဆရာကြီးသည် အလုပ်တာဝန်၊ စာပေ တာဝန်များ ထမ်းဆောင်နေရင်းမှပင် ဘာသာရေးဆောင်းပါးများ ရေးသားခဲ့ရာ ဘာသာရေး လုံးချင်းစာအုပ်များကိုလည်း ထုတ်ဝေနိုင်ခဲ့ပါသည်။ အငြိမ်းစားယူပြီး သည့်နောက် ၁၉၉၀ ပြည့်နှစ်တွင် “ဓမ္မ ရံသီမဂ္ဂဇင်း” နှင့် ၁၉၉၅ ခုနှစ်တွင် “ဓမ္မ ရတနာ ဓမ္မမဂ္ဂဇင်း” တို့တွင် အယ်ဒီတာ ချုပ်အဖြစ် တာဝန်ယူစီစဉ် ထုတ်ဝေခဲ့ပါ သည်။
စာပြင်ဆရာဘဝတွင် စာရေးဆရာ မျိုးစုံ၏ လက်ရေးပေါင်းစုံနှင့် ထိတွေ့ လေ့လာခဲ့ရသဖြင့် စာရေးနည်းပညာကို မှတ်သားသင်ယူနိုင်ခဲ့ပြီး အယ်ဒီတာဘဝ ရောက်သောအခါလည်း သူတွေ့လို မြင်လို သော စာရေးဆရာများနှင့် ရင်းနှီးကျွမ်းဝင် ခဲ့ကာ သူတို့ထံမှ စာရေးဆရာ၊ အယ်ဒီတာ ဆိုင်ရာ ပညာများစွာရရှိခဲ့သည်ဟု ဆိုပါ သည်။ ထိုခေတ်အခါက မြန်မာနိုင်ငံ၏ ဝါရင့်နာမည်ကြီး စာရေးဆရာများဖြစ်ကြ သည့် ရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှား၊ ဟံသာဝတီ ဦးဘရင်၊ ရွှေစကြာ၊ တက်တိုး၊ သာဓု၊ ရန်ကုန်ဘဆွေ၊ ဗန်းမော်တင်အောင်၊ မင်းအောင်၊ ဂျာနယ်ကျော် မမလေး၊ အောင်ဗလ စသည့်ပုဂ္ဂိုလ်များသည် ဆရာကြီး၏ အယ်ဒီတာစားပွဲသို့ ဝင်ထွက် သွားလာမှု များခဲ့ကြသည်။ ဆရာကြီးနှင့် အတူ ဆရာရန်အောင်၊ ဆရာဇဝန၊ ဆရာ တက္ကသိုလ်နန္ဒမိတ်၊ ဆရာမင်းယုဝေ၊ ဆရာ ဌေးမောင်၊ ဆရာမင်းရှင်၊ ခင်မောင်အေး (မန္တလေး)၊ ဗိုလ်မှူးမြသိန်း စသူတို့သည် မြဝတီနှင့် ငွေတာရီစာပေတိုက်တို့တွင် စာပေတာဝန်များ လက်တွဲထမ်းဆောင် ခဲ့ကြသည်။ ဆရာကြီးသည် ဝါရင့် ဝါနု ကလောင်မရွေးဘဲ စာရေးဆရာများ၊ ပန်းချီ ဆရာများ၊ ကာတွန်းရေးဆရာများ၊ စာမူ လာပို့သူများ မည်သူ့ကိုမဆို စေတနာထား ဆက်ဆံကူညီခဲ့သူဖြစ်သည်။ မြဝတီစာပေ တိုက် ဒုတိယအယ်ဒီတာချုပ် တာဝန် ထမ်းဆောင်နေချိန်တွင် မြဝတီစာပေ တိုက်ကထုတ်ဝေသော တေဇ၊ တို့ကျောင်း သား၊ မိုးသောက်ပန်း စာစောင်များနှင့် လုံးချင်းစာအုပ်များကို အရည်အသွေး ပြည့်မီစွာ ထုတ်ဝေနိုင်ရေးကို ကြိုးပမ်းခဲ့ ပြီး လူငယ်တို့အကြိုက် “မိုးသောက်ပန်း” ဂျာနယ်အမည်ကို ဆရာကြီးက ပေးခဲ့သည် ဟု သိရပါသည်။
စာပြင်ဆရာဘဝတွင် ဆရာကြီးက “စာပြင်ဆရာစားပွဲသည် စာသမားအတွက် တန်ဖိုးမဖြတ်နိုင်သော နေရာတစ်ခုဖြစ် သည်။ တက္ကသိုလ်ကျောင်းကြီး တစ် ကျောင်း၊ စာကြည့်တိုက်ကြီး တစ်တိုက် ကဲ့သို့ ပညာလေ့လာဆည်းပူးရာ ဘူမိ နက်သန်ကြီးဖြစ်၏။ စာရေးဆရာကြီး များ၏ စာမူများတွင် ပြင်ဆင်ချက်များ ကိုဖတ်ရင်း ဆရာကြီးများ၏ အတွေး များကို လိုက်၍ ဖမ်းမိသည်။ အဘယ် ကြောင့် မူရင်းရေးထားသည်ကို ပြင်ဆင် ဖြည့်စွက်လိုက်ကြောင်း မှန်းဆပြီး နားလည်သွားသည်။ ဆရာကြီးတွေက စာရေးနည်းကို ကိုယ်တိုင်လာသင်ပေး နေသကဲ့သို့ပင်” ဟူ၍ဖော်ပြခဲ့ကြောင်း ဆရာမ မသန်းသန်း (မန်းတက္ကသိုလ်) ၏ “လေးမြိုင်၊ စာပေသတ္တိဖြင့် ရှင်သန် သူ” စာအုပ်ထဲတွင် ဖတ်ရှုခဲ့ရသည်။ စာပြင်ဆရာအလုပ်၏ တန်ဖိုးနှင့် အလုပ် လုပ်ကိုင်ရင်း ပညာဗဟုသုတကိုပါ ကျွဲကူးရေပါ ရရှိစေသည့် စာပေ အလုပ်ကို ဖော်ပြထားရာ ကျွန်မတို့ လူငယ်အယ်ဒီတာများအတွက် အရေးပါ သည့် သတင်းစကားနှင့် အတုယူဖွယ် အကောင်းဆုံးပညာရှာဖွေမှု နည်းနာပင် ဖြစ်သည်။
ဆရာကြီးသည် စာပြင်ဆရာဘဝမှ ငွေတာရီတိုက်၏ လက်ထောက်အယ်ဒီ တာဘဝသို့ ရောက်ရှိသည့်အခါ မိမိ စာရေးသင်စက မရခဲ့သော အခွင့်အရေး များ၊ တစ်နည်းအားဖြင့် ကြိုးစား၍ ချဉ်းကပ် ရှာဖွေခဲ့ရသော ပညာရပ်များကို အလားအလာကောင်းသော ကလောင် သစ်များအား အိတ်သွန်ဖာမှောက် ပေး တော့၏။ မဂ္ဂဇင်းတွင် အသုံးမပြုသော စာမူများကို စာမူရှင်ထံ ပြန်ပေးရာတွင် ဆရာကိုယ်တိုင် အသေအချာရှင်းပြပြီး စာမူရှင်စိတ်အားမငယ်ရန်လည်းအားပေး စကားပြောသေးသည်။ ပြင်ဆင်ပေးလျှင် အသုံးပြုနိုင်မည့် စာမူများတွေ့လျှင် သူက ယူထားပြီး စာမူရှင်ရောက်လာ လျှင် သူ့စာမူကို ပြန်ပေးပြီး လိုအပ်သည် တို့ကို ထောက်ပြသည်။ တစ်ခါတစ်ရံ မင်နီဖြင့် ပြင်ဆင်ဖြည့်စွက် နုတ်ပယ် လုပ်ထားသောစာမူကိုပေးပြီး ထိုအတိုင်း ပြန်ရေးခိုင်းသည်။ နယ်မှဖြစ်၍ စာပေ တိုက်သို့ ကိုယ်တိုင် မလာနိုင်ကြသူ၊ ပြင်ဆင်တည်းဖြတ်ပေးလျှင် တိုးတက် လာနိုင်သူများ၏ စာမူများပေါ်တွင် မင်နီဖြင့် ပြင်ဆင်ပေးကာ အကြံပေး ချက်၊ မှတ်ချက်များ စိတ်ရှည်လက်ရှည် ရေးပြီး စာတိုက်မှ ပြန်ပို့ပေးခဲ့သည်။
စာရေးနည်း စာပေးစာယူသင်တန်းဟု သတ်မှတ်လျှင်ပင် ရနိုင်သည်ဟု ဆိုခဲ့ သည်။ ဆရာကြီး၏ ကလောင်သစ်များ အပေါ်တွင် မေတ္တာစေတနာထားကာ ပြုစုပျိုးထောင်ပေးသည့် စေတနာကို မြင်တွေ့ နိုင်သကဲ့သို့ အယ်ဒီတာတာဝန် ကို လွန်စွာကျေပွန်သူအဖြစ် လေးစား အားကျမိပါသည်။ ဆရာကြီး အနှစ် သက်ဆုံးစာအုပ်များမှာ ကြည့်ကန်ရှင် ကြီးမေတ္တာစာ၊ ကိုးခန်းပျို့ (ရှင်မဟာ ရဋ္ဌသာရ)၊ မဃဒေဝလင်္ကာ (မန်လည် ဆရာတော်)၊ ဓမ္မစေတီ(သခင်ကိုယ်တော် မှိုင်း)၊ ကြီးပွားချမ်းသာရေး (ဦးပဂျီငို)၊ ပြည်တွင်းလဲ့လဲ့ (စစ်ကိုင်းဦးဘိုးသင်း)၊ အဘိဓမ္မတ္ထ ဝိဘာဝနီကျမ်း (အရှင် သုမင်္ဂလသာမိ)၊ ဗေဒါလမ်း (ဇော်ဂျီ)၊ ပန်းနှင့် ပင်စည် (မင်းသုဝဏ်) နှင့် နန်း ဓလေ့မှတ်တမ်း (မြကေတု)တို့ ဖြစ် သည်ဟု သိရပါသည်။
ကလောင်ခွဲ ၁၆ ခု ရှိ
ဆရာကြီးသည် စာအမျိုးအစား မျိုးစုံ ရေးသားသူဖြစ်ပြီး ဆောင်းပါး ပုဒ်ရေ ၁၅၀ ကျော်၊ ဝတ္ထုပုဒ်ရေ ၅၀ ကျော်၊ ကဗျာပုဒ်ရေ ၄၀ ကျော်၊ လုံးချင်း စာအုပ်ခြောက်အုပ်၊ အမှာစာ ၅၀ ကျော် ရေးသားပြုစုခဲ့ပါသည်။ ကလောင်အမည် များမှာ စန်းယုအောင်၊ လေးမြိုင်တို့ အပြင် ဦးလေးမြိုင်၊ အယ်ဒီတာချုပ် တစ်ဦး၊ ကြီးမြိုင်၊ ဦးကြီးမြိုင်၊ မာဏဝ၊ ပုဏ္ဏမီ၊ သုန္ဒရ၊ လက္ခဏ၊ ကြတ္တိကာ၊ စောရံသီ၊ ဘိုးဘိုးမြိုင် အပါအဝင် ကလောင်ခွဲ ၁၆ ခု ရှိပါသည်။
ဆရာကြီးသည် အတွေးအမြင် ကဗျာများ၊ မြန်မာ့ကျေးလက်ဓလေ့ဖွဲ့ကဗျာများနှင့် ငြိမ်းချမ်းရေး၊ သွေးစည်း ညီညွတ်ရေးကဗျာများ စသည့်ကဗျာ များစွာကို ရေးဖွဲ့ခဲ့သကဲ့သို့ လူမှုဘဝ ဆိုင်ရာ၊ ရှင်ရဟန်းဘဝ၊ လူပြန်တော် ဘဝဆိုင်ရာ၊ စာပြင်ဆရာ၊ အယ်ဒီတာ၊ စာပေအနုပညာသမားဘဝဆိုင်ရာ၊ မိဘမေတ္တာဖွဲ့ဆိုင်ရာ စသည့်လောက သဘာဝ၊ လူ့သဘာဝဖွဲ့ ဝတ္ထုတိုများစွာ ကိုလည်း ရေးသားခဲ့သည်။
ဆရာကြီးသည် ဗုဒ္ဓဘာသာဝင်ဟု အမည်ခံယူထားသူတို့၏ အယူအမြင် မှားယွင်းမှုများ၊ ယုံကြည်ကိုးကွယ်မှု လွဲမှားနေမှုများကို ထောက်ပြပြုပြင် ပေးသည့် ဓမ္မစာပေများ ရေးသားပြုစု စီစဉ်ထုတ်ဝေခဲ့ပါသည်။ ဆရာကြီး ရေးသားပြုစုခဲ့သော လုံးချင်းစာအုပ် ပေါင်း ခုနစ်အုပ် ရှိပါသည်။ ယင်းစာအုပ် များမှာ ဘိုးဝဇီရစာပေ၊ ဗုဒ္ဓ၏ ဥပမာ တစ်ထောင်၊ ထေရီထေရာ၊ ဗုဒ္ဓ၏ ဝါဒ စစ်ပွဲများ၊ မဟော်သဓဖြတ်ထုံး၊ လောက ကြေးမုံနှင့် မျက်နှာဖုံးအဖွင့် စာအုပ် တို့ ဖြစ်ကြသည်။ ယင်းစာအုပ်များကို ဖတ်ရှုလေ့လာကြည့်လျှင် ဓမ္မရေးရာ စာအုပ်များက အများစုဖြစ်သည်ကို တွေ့ရှိရပါသည်။
ဓမ္မာစရိယဦးဌေးလှိုင်က “ဆရာ ဦးလေးမြိုင်ဟာ ထေရဝါဒနှင့်ပတ်သက် လို့ မြန်မာနိုင်ငံမှာ အကျယ်ပြန့်ဆုံး၊ အတွင်ကျယ်ဆုံး၊ အကျယ်လောင်ဆုံး နှိုးဆော်ပြီး ဗုဒ္ဓဘာသာဝင်တွေ အသိမှန် အမြင်မှန်ရကြပါစေဆိုပြီး ဆောင်ရွက် နေသူပါ…” ဟု ဆရာကြီး၏ ဘာသာ ရေးဆောင်ရွက်ချက်များကို ထုတ်ဖော် ပြောဆိုခဲ့ပါသည်။
ဆရာကြီးရေးသားသည့် “ဗုဒ္ဓ၏ ဥပမာတစ်ထောင်” စာအုပ် (၁၉၇၂)တွင် ပိဋကတ် သုံးပုံ၊ သို့မဟုတ် နိကာယ် ၅ ရပ်ကို အစီအစဉ်ကျအောင် ပြုပြင်မွမ်းမံ လျက် ယင်းတို့အတွင်းပါရှိသည့် ဗုဒ္ဓ၏ ဥပမာစကားကောင်းများကို ရွေးချယ် ရေးသားထားပါသည်။ ဗုဒ္ဓမြတ်စွာ ဘုရားသည် လောကကောင်းကျိုး အတွက် အမှန်တရားကို ညွှန်ပြရာတွင် ဥပမာများဆောင်၍ ပြတော်မူလေ့ရှိ သည်။ လောကလူ့ဘောင်ကို နည်းညွှန် လမ်းပြပြုခဲ့ကြသော အသိပညာရှင် အဆက်ဆက်တို့သည်လည်း ဗုဒ္ဓ၏ ဥပမာများကိုယူ၍ ဆင့်ပွားသုံးနှုန်းခဲ့ကြ ပါသည်။ လူသားတို့ မျက်မှောက်ဘဝ အောင်မြင်မှုများ ရရှိစေရန်သာမက သံသရာတစ်လျှောက် အကျိုးရှိစေရန် ရည်ရွယ်၍ ဆရာကြီးသည်လည်း ပိဋကတ်မြန်မာပြန်စာအုပ်ကြီးပေါင်း များစွာ အတွင်းမှ ဗုဒ္ဓ၏ အဆိုအမိန့်ပေါင်း တစ်ထောင်ကို ရွေးနုတ်၍ ဖတ်ရှု လေ့လာနာယူသူများ လွယ်ကူရှင်းလင်း စေရန် မြန်မာစကားပြေ အရေးအသား ဖြင့် ထိုဥပမာများကို ထိမိအောင် ဖော်ကျူးတင်ပြရေးသားခဲ့ရာ လွန်စွာ တန်ဖိုးရှိလှသော စာအုပ်ဖြစ်ပါသည်။
ဆရာကြီးလေးမြိုင်ရေးသားခဲ့သည့် စာအုပ်များအတွင်း၌ “ထေရီထေရာ” စာအုပ်မှာ စာဖတ်သူများအတွက် ဓမ္မ စာပေကောင်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာ ဘုရား၏ သားတပည့်များဖြစ်သည့် ထေရီ ၁၄ ပါး၊ ထေရာ ၄၂ ပါးတို့၏ ဖြစ်ရပ်ဇာတ်လမ်းများ၊ မြွက်ဆိုသည့် ဥပမာစကားကောင်းများ၊ ရည်ရွယ်ချက် ပန်းတိုင်များကို ဖော်ပြရေးသားထားပါ သည်။ အမှန်ကို မြင်ကြ သိကြသဖြင့် စည်းစိမ်ဥစ္စာ အာဏာရာထူးဟူသမျှ တပ်မက်တွယ်တာမှု မရှိဘဲ စွန့်နိုင်ခဲသည် ကို စွန့်၍ ပြုနိုင်ခဲသည်ကို ပြုကြသော ထေရီထေရာ အရှင်မြတ်တို့၏ ဖြစ်ရပ် တို့ကို ဖတ်ရှုသိရှိခြင်းဖြင့် အကျိုးကျေးဇူး များစွာ ပေါ်ထွန်းနိုင်သည်။ ထိုအရှင်မြတ် တို့ကို စံယူနှိုင်းတု၍ စူးစမ်းဆင်ခြင်ဉာဏ် နှင့် အမြင်မှန်၊ အသိမှန် ရရှိရေး အခြေခံကို ဆုပ်ကိုင်ဖမ်းယူလျက် အေးငြိမ်းချမ်းသာ ကို ရရှိခံစားနိုင်မည်ဟု စာရေးသူ၏ စေတနာကို စာအုပ်၏ “ဥပမာ မဉ္ဇရီ” ၌ ဖော်ပြထားသည်ကို တွေ့ရသည်။
“လောကကြေးမုံ” စာအုပ်၌လည်း လူ့ဘဝ အနှစ်သာရကို ရှာဖွေ၍ မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကောင်းကျိုးဆောင် နိုင်သူများဖြစ်ကြရန် ကျမ်းကြီးကျမ်းငယ် များအတွင်းမှ လောကကြေးမုံပြင်တွင် ထင်လာပေါ်လာသော ကောင်းသူ ဆိုးသူ တို့၏အကြောင်း နိမိတ်ပုံ အရိပ်စုံကို ရေးသားထားပါသည်။ “လောကကြေးမုံ” ဟု ခေါင်းစီးတပ်ကာ စာအုပ်အဖွင့်၌ ရေးသားထားသည့် ကဗျာလေးကပင် ရသပေါ်လွင်လှပါသည်။
“အကျိုးအကြောင်း၊ ဆိုးအကောင်းနှင့်
အဟောင်း အသစ်၊ ဖြစ်ပျက်ခြင်းရာ
ဤလူ့ရွာ၌၊ ထင်လာနိမိတ်၊
ကြေးမုံရိပ်ဝယ်
အစိပ်အကျဲ၊ အမည်း အဖြူ
အပူ အအေး၊ နီးဝေး ထက်အောက်
ဖြောင့်-ကောက် တွင်း-ပြင်၊
ပီပီထင်၏
ဆင်ခြင်တွေးဆ၊ သိလိုက်ရသော်
လောကအမြင် ရှင်းလိမ့်မည်။” ဟူ၍
ဖြစ်ပါသည်။
မိမိ စာပေနယ်အတွင်းသို့ စတင် ဝင်ရောက်ချိန်တွင် ဗဟုသုတအတွေ့ အကြုံ၊ မှီခိုစရာမရှိဘဲ အခက်အခဲများစွာ ကို ရင်ဆိုင်ခဲ့ရသဖြင့် ကိုယ်တိုင်အယ်ဒီတာ ဖြစ်သည့်အခါတွင် စာပေနယ်တွင်း ဝင်ရောက်လာသူ ကလောင်နုရင့် မရွေးဘဲ ကိုယ်ချင်းစာစိတ်နှင့် ကူညီပေးခဲ့သည်။ ဆရာ၏ စေတနာထား ဆောင်ရွက်ပေးခဲ့ မှုဖြင့် ယနေ့အထိ အောင်မြင်နေသော စာရေးဆရာ ဆရာမများစွာ ပေါ်ထွက်ခဲ့ ကြောင်း သိရှိရပါသည်။
ဆရာကြီး၏ စာပေစိတ်
ဆရာကြီး၏ စာပေစိတ်နှင့် ကလောင် သစ်လူငယ်လေးများအပေါ် ထားရှိသော စေတနာများကို ဆရာလယ်တွင်းသား စောချစ်က “ဆရာသည် စာပေဥယျာဉ်ကြီး ထဲမှ ဥယျာဉ်မှူးကောင်း အယ်ဒီတာဖြစ် သည်။ ပန်းပျိုးပင်များကို စိုက်ပျိုးပေါင်း သင်မြေဆွ ပြုစုပျိုးထောင်ပေးခဲ့သည်။ ဖြစ်လာနိုင်သည့် ကလောင်များကို ဖြစ် အောင် စောင့်ရှောက်ခဲ့သည်။ သိသိမသိသိ လူပုဂ္ဂိုလ်မျက်နှာကိုမကြည့်၊ ရေးလက်ကို ကြည့်သည်။ အယ်ဒီတာ၏ အတွေ့အကြုံ အရ သိသည်။ ကိုယ်တိုင်စာရေးသူဖြစ်၍ လည်း ခံစားနားလည်သည်…” ဟူ၍ ဆရာ၏ အယ်ဒီတာစေတနာကို ရေးသား မှတ်တမ်းပြုခဲ့သည်။
ထိုနည်းတူ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ကလည်း “… ဆရာ့ကို တည်ငြိမ် အေးချမ်းသောအသွင်ဖြင့် အမြဲတွေ့ရ သည်။ ဆရာကလည်း ငွေတာရီအတွက် ကျွန်တော်ရေးသော ဆောင်းပါးများ ကို ကြိုဆိုမြဲဖြစ်သည်။ ဆောင်းပါးနှင့် စပ်လျဉ်း၍ ပြောစရာရှိလျှင် ပြောသည်။ အထူးသဖြင့် မြန်မာစာပေဆိုင်ရာ ဆောင်းပါးများ ရေးနေသည်ကို ဝမ်းသာ ကြောင်း ဆရာ့စကားများက ဖော်ပြနေ သည်။ မအောင်မြင်သေးသော ကျွန်တော့် လို ကလောင်ငယ်တစ်ယောက်အဖို့ ဆရာ တို့လို အယ်ဒီတာများ၏ အားပေးစကား များမှာ စာဆက်ရေးချင်အောင် တွန်းအား ပေးသော အားဆေးများ ဖြစ်ပါသည်…” ဟူ၍ ဆရာ့ကျေးဇူးကို ဖော်ပြရေးသားခဲ့ သည်။
ဆရာကြီးသည် ထေရဝါဒဗုဒ္ဓဘာသာ ဆိုင်ရာ အသိအမြင် ပီပြင်ကြည်လင်စေ ရေးနှင့် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အယူ ဝါဒနှင့် အလှည့်အလိမ် မခံကြရစေရေး ဟူသော ရည်ရွယ်ချက်ဖြင့် “ဓမ္မရံသီ ပေါင်းချုပ် ဓမ္မစာစု” များကို စီစဉ်ထုတ်ဝေ ခဲ့ပါသည်။ ဆရာကြီး အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်သည့် ဓမ္မရံသီမဂ္ဂဇင်းတွင် ပါဝင်ခဲ့သည့် ဓမ္မစာပေပညာရှင်များ၏ ဆောင်းပါးများကို လက်ရွေးစင်ရွေးချယ် ၍ စုစည်းထုတ်ဝေထားခြင်း ဖြစ်ပါသည်။ စာပေဖြင့် သာသနာပြုရန် ထောင့်ပေါင်းစုံ မှ ကြိုးစားသည့် ဆရာကြီး၏ စေတနာကို လေးစားတန်ဖိုးထားမိပါသည်။
ဆရာကြီးသည် ဓမ္မစာပေရေးသား ပြုစုသူတို့၏ ကလောင်စွမ်းရည်ကို အလေးအမြတ် ဂုဏ်ပြုပူဇော်လိုသည့် အပြင် ဓမ္မဝါဒဖော်ဆောင်ရေး၊ အဓမ္မဝါဒ တားဆီးရေးနှင့် ကိုးကွယ်မှုအယူအမြင် စင်ကြယ်မှန်ကန်ရေးတို့ကို ရည်ရွယ်လျက် မိမိ၏ ကိုယ်ပိုင်ချွေးနှဲစာ၊ စာပေမိတ်ဆွေ၊ ဓမ္မမိတ်ဆွေများ၏ လှူဒါန်းငွေတို့ကို စုဆောင်းလျက် “လေးမြိုင်ဓမ္မပူဇာစာပေ ဆု” ကို ချီးမြှင့်ပေးခဲ့သည်မှာ နဝမအကြိမ် ရှိပြီ ဖြစ်ပါသည်။
နဝမအကြိမ် လေးမြိုင်ဓမ္မပူဇာစာပေဆုချီးမြှင့်ပွဲနှင့် ဓမ္မဝါဒဖော်ဆောင်ရေး အဖွဲ့က ကျင်းပသော ထေရဝါဒဓမ္မစာမူ ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ၂၀-၆-၂၀၂၁ ရက် နေ့လယ် ၁:၀၀ နာရီတွင် မယ်လမု ဘုရား အဘိဓမ္မာခန်းမ၌ ကျင်းပခဲ့ရာ အသက် ၉၇ နှစ်အရွယ် ဆရာကြီး ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့သည်ကို တွေ့ရသဖြင့် ဆရာကြီး၏ စာပေစိတ် ထက်သန်မှုစွမ်းရည်ကို ချီးကျူးဂုဏ်ပြု မိပါသည်။
ကျွန်မသည် ဖခင်ကြီး၏ စာအုပ်စင်မှ တစ်ဆင့် ဆရာကြီး၏ စာပေအချို့ကို ဖတ်ရှုခွင့် ရရှိခဲ့ပါသည်။ အထူးသဖြင့် ဆရာကြီး အယ်ဒီတာချုပ်အဖြစ် စီစဉ် ထုတ်ဝေခဲ့သည့် “ဓမ္မရံသီမဂ္ဂဇင်း”၊ “ဓမ္မ ရတနာမဂ္ဂဇင်း” များ ဖြစ်ပါသည်။ စာပေ ဗိမာန်ရုံးတွင် အလုပ်ဝင်ရောက်သောအခါ ဆရာကြီးနှင့် လူကိုယ်တိုင်မဟုတ်သော် လည်း ဆရာကြီး၏ မိတ်ဆွေတပည့်များ ဖြစ်ကြသည့် စာပေပညာရှင်ကြီးများမှ တစ်ဆင့် ဆရာကြီး၏အကြောင်းများကို ကြားသိရပြီး စိတ်တွင် ရင်းနှီးခဲ့ရပါသည်။ နောင်တွင် စာပေဗိမာန်၏ စာပေကိစ္စ အကြောင်းများဖြင့် ဆရာကြီး၏ အိမ်သို့ သွားရောက်ခွင့်ရခဲ့ရာ ဆရာကြီးကို တွေ့မြင်ရသည့်အခိုက် ဆရာကြီး၏ တည်ငြိမ်အေးချမ်းမှု၊ ဓမ္မစာပေနှံ့စပ်မှု နှင့် ရိုးသားဖြူစင်မှုတို့မှာ တပည့်သား မြေးတို့ လေးစားအားကိုး ကြည်ညိုဖွယ်အဆင်း သဏ္ဌာန်မှာ ထင်ရှားပေါ်လွင်လှကြောင်း ကိုယ်တိုင်တွေ့ဆုံ သိရှိခဲ့ရပါသည်။
၂၀၁၈ ခုနှစ်တွင် ဆရာမ မသန်းသန်း- မန်းတက္ကသိုလ်(ရွှေသဉ္ဇာ) က ဆရာကြီး ၏ဘဝအတ္ထုပ္ပတ္တိကို “လေးမြိုင်၊ စာပေ သတ္တိဖြင့် ရှင်သန်သူ” အမည်ဖြင့် ရေးသားပြီး Wisdom House စာပေမှ ထုတ်ဝေခဲ့ရာ ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေ၊ စာပဒေသာဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါသည်။ ထိုစာအုပ် သည် ဆရာကြီး၏ ငယ်စဉ်ဘဝမှ စတင်၍ ဆရာကြီး ဖြတ်သန်းခဲ့ရ သည့် ဘဝအထွေထွေ၊ တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံအဖြာဖြာနှင့် လက်ရှိ အသက်အရွယ်အထိ ဆောင်ရွက်နေဆဲ စာပေကိစ္စများ အပါအဝင် ဆရာကြီး၏ ဘဝဖြစ်စဉ်များကို ဖတ်ချင်စဖွယ် ရေးသားထားသည့် အတ္ထုပ္ပတ္တိစာအုပ် ဖြစ်သည်။ ထိုအတ္ထုပ္ပတ္တိစာအုပ်မှ တစ်ဆင့် ဆရာကြီးကို ပိုမိုရင်းနှီးကာ ချစ်ခင်လေးစားမိပါသည်။ ဆရာကြီး၏ ဘဝဖြတ်သန်းမှုနှင့် စာပေခရီးများကို ဖတ်ရှုလေ့လာခြင်းမှတစ်ဆင့် ကျွန်မတို့ ရှေ့ဆက်အားထုတ်ရမည့် အယ်ဒီတာ ဘဝအတွက် စာပေလေ့လာမှုခွန်အား သာမက ဘဝခွန်အားများကိုလည်း တိုးတက်စေခဲ့ပါသည်။
ဇရာ၏ဒဏ်ကို ကြံ့ကြံ့ခံ ဖြတ်သန်း
ဆရာကြီးတွင် သားသမီး နှစ်ဦး ထွန်းကားခဲ့ရာ သား ဦးကြီးမြိုင် (ဌာနမှူး၊ သင်တန်းရေးရာ (ငြိမ်း)၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ မန္တလေး) နှင့် သမီး ဒေါက်တာဥမ္မာမြိုင်၊ ဌာနမှူး၊ မြန်မာစာဌာန၊ ဆေးတက္ကသိုလ် - ၂၊ ရန်ကုန်တို့ ဖြစ်ကြပါသည်။ ယခုအခါ ဆရာကြီးသည် သတိတရားကောင်းမွန် စွာဖြင့် ဇရာ၏ဒဏ်ကို ကြံ့ကြံ့ခံ ဖြတ်သန်း လျက် ဇနီးဒေါ်စန်းမြင့်၊ သမီး ဒေါက်တာ ဥမ္မာမြိုင် မိသားစုနှင့်အတူ မြောက် ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့သစ် တွင် နေထိုင်လျက်ရှိပါသည်။
ဆရာကြီးဦးလေးမြိုင်သည် မိမိ ဘဝ တစ်သက်တာလုံး စာပေဖြင့် မွေ့လျော်လျက် ပြည်သူများအတွက် ဗဟုသုတအလင်းနှင့် အမျိုးဘာသာ သာသနာနှင့် စာပေထွန်းကားရေးကို စာရေးဆရာအဖြစ် လည်းကောင်း၊ အယ်ဒီတာအဖြစ် လည်းကောင်း အားထုတ်ထွန်းညှိပေးခဲ့သူ ဖြစ်ပါ သည်။ ဆရာကြီးဦးလေးမြိုင် အသက် ၁၂၀ တိုင်အောင် ကျန်းမာသက်ရှည်စွာ ဖြင့် ဓမ္မစာပေများ ဆက်လက်ရေးသား၍ စာပေဖြင့် သာသနာပြုနိုင်ပါစေကြောင်း မေတ္တာပို့သလျက် လေးမြတ်စွာ ဂါရဝ ပြုရေးသားအပ်ပါသည်။
ကိုးကားသည့် စာအုပ်စာရင်း
၁။ လေးမြိုင်၏ ဘဝနှင့် စာပေ၊ ဒေါ်ဥမ္မာမြိုင်၊ ပါရဂူဘွဲ့ကျမ်း၊ မြန်မာစာ ဌာန၊ ရန်ကုန်တက္ကသိုလ်၊ ၂၀၂၀
၂။ လေးမြိုင်၊ စာပေသတ္တိဖြင့် ရှင်သန် သူ၊ မသန်းသန်း(မန်းတက္ကသိုလ်)၊ ၂၀၁၈
၃။ ၂၀၀၄ ခုနှစ်အတွက် အမျိုးသား စာပေဆု လက်ကမ်းစာအုပ်၊ ၂၀၀၄၊ စာပေဗိမာန်
၄။ လေးမြိုင်၏စာစုစာရင်း (၁၉၄၈-၂၀၀၈)၊ ကျော်မျိုးခိုင်၊ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် သုတပညာဒီပလိုမာ ဘွဲ့ ကျမ်းငယ်
၅။ ဆရာကြီးရေးသားခဲ့သည့် စာအုပ် များ
- Log in to post comments