ကိုဗစ်-၁၉ ကပ်ရောဂါသည် လူတစ်ဦးချင်းစီက မိမိကိုယ်ကို မည်မျှတာဝန်ယူနိုင်သည်ကို စမ်းသပ်နေသည့်သဖွယ်ပင် ဖြစ်သည်။ လွန်စွာ လွယ်ကူရိုးရှင်းသလောက် ရောဂါပိုးကူးစက် မှုကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည့် နည်းလမ်း ကလေး အနည်းငယ်ကို မပျက်မကွက် ကျင့်သုံးရုံမျှဖြင့် ကိုဗစ်- ၁၉ ကပ်ရောဂါမှ ရှောင်ရှားနိုင်သည်ကို လူအတော်များများက သိကြသည်။ သိပင်သိသော်ငြားလည်း လက်တွေ့ကျင့်သုံးရာတွင် မူ မှန်မှန်ကန်ကန်၊ တိတိကျကျ ပြုလုပ်သူက နည်းသည်။ သို့ဖြင့် ဗီဇပြောင်းလာသည့် ရောဂါပိုးမျိုးကွဲသစ်တို့ ပေါ်လာသည့်အခါ ကူးစက်နှုန်း၊ ဆေးရုံတက်နှုန်း၊ သေနှုန်းတို့ မြင့်တက်လာသည်။
ကိုဗစ်-၁၉ ရောဂါပိုးသည် လူ့ခန္ဓာကိုယ်ပြင်ပတွင် အချိန် အကန့်အသတ်ဖြင့်သာ ရှင်သန်နိုင်သည်။ ၎င်းပိုးများ မိမိခန္ဓာကိုယ် အတွင်းသို့ မဝင်ရောက်နိုင်ရန် တားဆီးကာကွယ်ထားနိုင်သည် နှင့်အမျှ အချိန်တန်လျှင် ပိုးများ သူ့အလိုလို သေကျေပျက်စီးသွား ကြမည်ဖြစ်သည်။ သို့ရာတွင် တစ်နေရာနှင့် တစ်နေရာ ကူးသန်း သွားလာကြခြင်း၊ လူအများအပြား ဝင်ထွက်သွားလာခြင်းတို့ များပြားသည်နှင့်အမျှ ရောဂါပိုးတို့မှာလည်း အသစ်အသစ် ထပ်မံ ရောက်ရှိလာမည်သာဖြစ်ရာ ၎င်းသံသရာကို ဖြတ်တောက် နိုင်မှသာ ရောဂါပိုးကင်းရှင်းသည့်နေရာ ဖြစ်နိုင်မည်ဖြစ်သည်။
လူ့ခန္ဓာကိုယ်ပြင်ပတွင် ကိုဗစ်-၁၉ ရောဂါပိုးသည် လေထုထဲ တွင် မိနစ်အနည်းငယ် လွင့်မျောတည်ရှိနေနိုင်ပြီး အချို့သော အရာဝတ္ထုများ၊ မျက်နှာပြင်များပေါ်တွင် နာရီအနည်းငယ်၊ ရက်အနည်းငယ်မျှ တည်ရှိနေနိုင်ရာ အခန်းများအတွင်း သဘာဝ လေဝင်လေထွက်ကောင်းမွန်ရေး၊ လေကောင်းလေသန့်နှင့် နေရောင်ခြည်တို့ရရှိရေး ဆောင်ရွက်ထားခြင်းဖြင့် ရောဂါပိုး ရှင်သန်မှုကို လျှော့ချနိုင်သည်။ လူများအသုံးပြုသည့် စားပွဲ၊ ကုလားထိုင်များ၊ တံခါးလက်ကိုင်ဘုများ၊ လက်ကိုင်တန်းများ စသည့် လူအများအပြား ထိတွေ့ထားသည့်နေရာများ၊ ပစ္စည်းများ ကို ပိုးသတ်သန့်ရှင်းမှုများကို နေ့စဉ် နာရီအနည်းငယ်ခြား၍ သုံးလေးခါခန့်ပြုလုပ်ရန် လိုအပ်သည်။ ရုံးခန်းကဲ့သို့ လူအများ အပြား စုပေါင်းအလုပ်လုပ်ကြရသည့်နေရာများတွင် လူတိုင်း ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း တို့ကို မပျက်မကွက် ဆောင်ရွက်ကြရန် လိုအပ်သည်။ သို့မှသာ လူတစ်ယောက်တွင် ရောဂါပိုးတွယ်ကပ်ပါရှိလာပါက အခြားသူ များကို ဖြန့်ဝေကူးစက်ပျံ့နှံ့သည့်အဖြစ်မျိုးကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင် နေ့ရောညပါ မကြာခဏ ကြားနေရသည့် လူနာတင်ယာဉ် အရေးပေါ်ဥဩသံက လူအများတို့အား ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်ကို လူတိုင်း ကာကွယ်ကြရန် တပ်လှန့်နှိုးဆော်ကြသကဲ့သို့ရှိနေသော်လည်း ယခုအခါ လူနေကျဲပါးသည့် ကျေးလက်ဒေသများတွင် ကူးစက်မှု နှုန်းများ မြင့်တက်လာသည်ဟု သိရသည်။ ယင်းအချက်မှာ ကျေးလက်နေပြည်သူများအတွင်း ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး အသိပညာများပေးရန် လိုအပ်နေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး၊ ပြည်သူများကျင့်သုံးရမည့် လမ်းညွှန်ချက် များကို လိုက်နာမှုအားနည်းနေခြင်း စသည့်အကြောင်းများကြောင့် ဖြစ်ဖွယ်ရှိသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းက ပိုမိုမြန်ဆန်၊ ပိုမို ပျံ့နှံ့လျက်ရှိရာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုတို့ လူတိုင်းပြုလုပ်ကြ ရန် လိုသည်။ လူ့ခန္ဓာကိုယ်တစ်ခုမှ အခြားခန္ဓာကိုယ်များဆီသို့ ကူးစက်နေမှုကို ဖြတ်တောက်ပစ်ရန် လိုအပ်သည့်အတွက် လူတိုင်း လိုက်နာဆောင်ရွက်ကြမှသာ ကိုဗစ်-၁၉ ကူးစက်မှုတို့ နှေးကွေးရပ်တန့်သွားမည်ဖြစ်သည်။ လူစုလူဝေးကို ဝေးဝေးက ရှောင်၊ လူတစ်ဦးချင်းစီ အနည်းဆုံး ခြောက်ပေအကွာမှဆက်ဆံ၊ အပြင်ထွက်တိုင်း ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်၊ လက်များကို ဆပ်ပြာဖြင့် စနစ်တကျ မကြာမကြာ ဆေးကြောခြင်းတို့ကသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသေချာဆုံးနည်းလမ်း များဖြစ်သည်ဟူ၍ နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။