
နှင်းမိုးအိမ်
တစ်ကမ္ဘာလုံးအနှံ ကိုဗစ် -၁၉ကူးစက်မှုများပြန်လည်များပြားလာချိန်တွင် အာဖရိကသည်လည်း အဆိုးဆုံးကပ်ရောဂါနှင့် ကြုံတွေ့နေရသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဇူလိုင် ၈ ရက်တွင် ပြောကြားခဲ့သည်။ ယခုအာဖရိကတွင် ကြုံတွေ့နေရသည့် ကိုဗစ် -၁၉ မှာ ကူးစက်မြန် ဒယ်လ်တာဖြစ်သည်။
လူငယ်အများအပြား ဆေးရုံတက်ရ
အာဖရိကတွင် ကာကွယ်ဆေး လိုအပ်ချက် မြင့်မားနေချိန် ယင်းကူးစက်မြန် ဒယ်လ်တာ ကြောင့် လူငယ်အများအပြားဆေးရုံသို့တက်ကာ ကုသမှုခံယူနေရသည်ဟု ကျန်းမာရေးကျွမ်းကျင် သူများကပြောသည်။
အာဖရိကတစ်တိုက်လုံးတွင် ကိုဗစ် - ၁၉ ကြောင့် ကူးစက်မှုများပြားနေသည်မှာ တစ်ပတ် ဆက်တိုက်ရှိပြီဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောသည်။ တစ်ပတ်တာအတွင်း ကူးစက်မှုမှာ ၂၀ ရာခိုင်နှုန်းမြင့်မားလာသည်ဟုကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောသည်။
ကြောက်စရာအကောင်းဆုံးအချိန်မရောက်သေး
သေဆုံးမှုနှုန်းမှာလည်း ၂၃ ရာခိုင်နှုန်း မြင့်မားလာသည်ဟု သိရသည်။ အာဖရိကသည် လက်ရှိတွင် ကြောက်စရာအကောင်းဆုံး အခြေ အနေနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး၏ ဒေသတွင်းဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ မက်ရှီဒစ်ဆိုမိုတီက ပြောသည်။ ကူးစက်မှုတတိယလှိုင်းမှာ လျင်လျင် မြန်မြန်ရွေ့လျားနေပြီး တကယ့်ကြောက်စရာ အကောင်းဆုံးအချိန်မှာ ရောက်မလာသေးဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ခွင့်ပြုချက်ရရန်ကြိုးပမ်း
ကာကွယ်ဆေးလိုအပ်ချက်များ များပြားနေ ချိန်တွင် ဖိုက်ဇာကုမ္ပဏီသည် ယခင်နှစ်ကြိမ်သာ ကာကွယ်ဆေးထိုးရာမှ ယခုအခါ သုံးကြိမ်အထိ ထိုးပေးနိုင်ရေး ခွင့်ပြုချက်ရရန် ကြိုးစားလျက် ရှိသည်။ သို့သော်လည်း အမေရိကန်ကျန်းမာရေး အာဏာပိုင်များကမူ သုံးကြိမ်ဆေးထိုးရန် ယခု အခြေအနေအရ မလိုအပ်သေးဟု ပြောသည်။
ဖိုက်ဇာနှင့် ဘိုင်ရွန်တက်ခ်တို့၏ လက်တွေ့ စမ်းသပ်မှုအပေါ် ထုတ်ပြန်ချက်အရ တတိယ အကြိမ် ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါ ကာကွယ်ပေးသောပဋိပစ္စည်း ထုတ်လုပ်နိုင်မှု အဆင့်ကို ငါးဆမှ ဆယ်ဆထိမြင့်မားလာနိုင် ကြောင်း၊ ကိုဗစ် -၁၉ နှင့် တောင်အာဖရိကတွင် တွေ့ရှိရာသည့် ဗီဇပြောင်း ဘီတာကို ကာကွယ်ရာ တွင်အစွမ်းမြင့်လာကြောင်း ဖော်ပြခဲ့သည်။
မျှော်လင့်ထား
ကုမ္ပဏီအနေဖြင့် ယင်းထက်ပို၍ တိကျသည့် အချက်အလက်များကို ထုတ်ဖော်ပြောကြားနိုင်ရန် မျှော်လင့်ထားသည်။ ထို့အပြင် ကူးစက်မြန် ဒယ်လ်တာကိုပါ တိုက်ဖျက်ပေးနိုင်ရေးအတွက်လည်းမျှော်လင့်ထားသည်။ ယခုအခါ ဗီဇပြောင်း ဒယ်လ်တာသည် တစ်ကမ္ဘာလုံးအနှံ့ လွှမ်းမိုးနေပြီ ဖြစ်သည်။
ခြောက်လကြာပြီးနောက် အစ္စရေးတွင် ကာကွယ်ဆေး၏ ကာကွယ်ပေးနိုင်မှုစွမ်းအား များ လျော့ကျလာသည်ကိုအခြေခံကာ နှစ်ကြိမ် ကာကွယ်ဆေးထိုးပြီးနောက် ခြောက်လမှ တစ်နှစ် အတွင်း တတိယအကြိမ် ကာကွယ်ဆေးထိုးရန် လိုအပ်သည်ဟု ကုမ္ပဏီဘက်မှ ပြောကြားခဲ့ခြင်းဖြစ် သည်။
အတင်းကျပ်ဆုံးစည်းကမ်းချမှတ်
တောင်ကိုရီးယားနိုင်ငံတွင်လည်း ကိုဗစ် - ၁၉ ကူးစက်မှုများ ပြန်လည်များပြားလာပြီး ဇူလိုင် ၉ ရက်တွင် ကူးစက်ခံရသူ ၁၃၁၆ ဦး တွေ့ရှိခဲ့သည့် အတွက် ဆိုးလ်မြို့ ဧရိယာတစ်ဝိုက်တွင် အတင်းကျပ် ဆုံး ကိုဗစ်-၁၉ စည်းကမ်းများ ချမှတ်ခဲ့ရ သည်။
အလားတူ ဘရာဇီးနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကူးစက်မှုများ များပြားပြီး သေဆုံးမှုနှုန်းလည်း မြင့်မားနေသည်။
ဗီဇပြောင်းကူးစက်မှုတွေ့လာရ
ယခုအခါ အာဖရိက ၁၆ နိုင်ငံတွင်ကူးစက်မှုများ ပြန်လည်များပြားလာခြင်းနှင့် ကြုံတွေ့နေရသည်။ အဆိုပါ ၁၆ နိုင်ငံအနက်မှ ၁၀ နိုင်ငံထက်မနည်း ဗီဇပြောင်းဒယ်လ်တာကူးစက်မှုကို တွေ့မြင်နေရ သည်။
ဇူလိုင် ၈ ရက်တွင် နိုင်ဂျီးရီးယားနိုင်ငံသည် ပထမဆုံး ဗီဇပြောင်းဒယ်တာကူးစက်မှုကို စတင် တွေ့ရှိခဲ့သည်။ ခရီးသွားတစ်ဦးထံတွင် စစ်ဆေးတွေ့ရှိ ခဲ့သည်ဟု သိရသည်။
အာဖရိက အရှေ့ပိုင်းနှင့် တောင်ပိုင်းနိုင်ငံများ တွင် ကိုဗစ်-၁၉ အဆိုးရွားဆုံး ကူးစက်နေပြီး ၎င်းတို့ထဲတွင် နမ်မီးဘီးယား၊ ယူဂန္ဓာ၊ ဇမ်ဘီယာနှင့် တောင်အာဖရိကနိုင်ငံတို့ ပါဝင်သည်။
တောင်အာဖရိကနိုင်ငံမှာ လက်ရှိတွင် ကူးစက်မှု များပြားနေသလို သေဆုံးမှုများလည်း တိုးနေသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း သေဆုံးမှုနှုန်းမှာ ၄၆ ရာခိုင်နှုန်း ရှိလာသည်။ ၁၈ ရက်လျှင်တစ်ကြိမ် ကူးစက်မှုမှာ နှစ်ဆ တိုးနေသည်ဟု မိုတီက ဆက်လက် ပြောကြား သည်။
ရပ်နားထားရ
ယခုကဲ့သို့ အာဖရိကတွင် ကူးစက်မှုများ များပြားနေသည့်အချိန် အာဖရိကတစ်တိုက်လုံး အနှံ့ ကာကွယ်ဆေးထိုးပြီးသည့် ပမာဏမှာ အကြမ်းဖျင်းအားဖြင့် ၁ ရာခိုင်နှုန်းကျော်သာ ရှိသေးသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောသည်။
ကာကွယ်ဆေး ထောက်ပံ့ပေးမှုတွင်လည်း အခက်အခဲများရှိနေပြီး ပြီးခဲ့သည့်လအတွင်းက ကိုဗစ်အစီအစဉ်မှတစ်ဆင့် အာဖရိကသို့ ကာကွယ် ဆေးပေးပို့မှုမှာလည်း ရပ်နားထားရသည်။
သဘောတူလက်မှတ်ရေးထိုး
သို့သော်လည်း ကာကွယ်ဆေးပေးပို့ရာတွင် တိုးတက်သည့် လက္ခဏာများနှင့် ကြုံတွေ့လာ ရပြီဟု ယခုသီတင်းပတ်အတွင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောသည်။
ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်သည် အာဖရိကသမဂ္ဂကို ကိုဗစ် -၁၉ ကာကွယ်ဆေး သန်း ၂၂၀ ထောက်ပံ့နိုင် ရေးအတွက် ဂျွန်ဆင်အင်န်ဂျွန်ဆင်နှင့် သဘောတူလက်မှတ်ရေးထိုးထားကြောင်း သိရ သည်။
၂၀၂၂ ခုနှစ်နှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေး များ ပေးပို့နိုင်ရေးကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကာကွယ်ဆေးများကို ကုလသမဂ္ဂ ကျောထောက် နောက်ခံအဖွဲ့အစည်းဖြစ်သည့် ကိုဗက်အစီအစဉ်မှ တစ်ဆင့် ပေးပို့မှုများပြုလုပ်သွားနိုင်ရန် စီစဉ်သွား မည်ဖြစ်သည်။
လုပ်ဆောင်သွားမည်
ပေးပို့ရန် စီစဉ်ထားသည့်ကာကွယ်ဆေးထဲမှ ၃၅ သန်းကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင်ပေးပို့ သွားနိုင်ရေး လုပ်ဆောင်သွားမည်ဟု ယူနီဆက်ဖ် က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။
အာဖရိကနိုင်ငံများအနေဖြင့် ကာကွယ်ဆေး ကို လျင်လျင်မြန်မြန် လက်လှမ်းမီစေရမည် ဖြစ်ပြီး ကာကွယ်ဆေးရရှိမှုမှာ မျှတမှုမရှိသေး ကြောင်း အာဖရိကတွင် ၁ ရာခိုင်နှုန်းကျော် ကျော်သာ ကာကွယ်ဆေး ထိုးပြီးရသေးကြောင်း ယင်းအခြေအနေအတိုင်း ဆက်သွားရန် မဖြစ် ကြောင်း ယူနီဆက်ဖ်မှညွှန်ကြားရေးမှူး ဟန်နရီ တာဖို့ဒ်က ပြောသည်။
ကိုးကား- အေအက်ဖ်ပီ
ဝါရှင်တန်ပို့စ်