ကြက်သွန်နီ တန်ဖိုးမြှင့်ထုတ်ကုန်များဆီသို့

Type
1

 

ယဉ်ဝင်းခိုင် (စားသုံးသူရေးရာဦးစီးဌာန)

 

ကြက်သွန်နီသည် ကမ္ဘာတစ်ဝန်းလုံးတွင် စားသုံးသော ဟင်းသီးဟင်းရွက်အုပ်စုအဖြစ် သတ်မှတ်ထားပြီး အဓိကအားဖြင့် အစားအစာနှင့် အချက်အပြုတ်ပြင်ဆင်မှု များတွင် အသုံးပြုသည်။ ကြက်သွန်နီကို နှစ်ပေါင်း ၅၀၀၀ ကျော်မှ စတင်သိရှိခဲ့ကြပြီး ယခုအခါ နိုင်ငံပေါင်း ၁၄၀ ကျော်ခန့်တွင် စိုက်ပျိုးလျက်ရှိရာ အိမ်ထောင်စု အားလုံးနီးပါးတွင် တစ်နှစ်ပတ်လုံး နေ့စဉ်အစားအစာ၏ အစိတ်အပိုင်းအဖြစ် စားသုံးလျက်ရှိပါသည်။ ကြက်သွန်နီသည် အရေးပါသောအစာအာဟာရဖြစ်ပြီး လူတစ်ဦးချင်းစီ၏ စားသုံးမှုသည် တစ်နှစ်လျှင် ပျမ်းမျှ ၆ ဒသမ ၂ ကီလိုဂရမ်ခန့် ရှိပါသည်။ (National Onion Association, 2013)။ မြန်မာနိုင်ငံတွင် တစ်နှစ် ပတ်လုံး ကြက်သွန်နီသုံးစွဲမှုမှာ စုစုပေါင်းတန်ချိန် ၆၄၁၂၁၅ တန်ခန့် ရှိပါသည်။
 

ဘက်တီးရီးယားနှင့် 
ဗိုင်းရပ်စ်ကူးစက်မှုများကို ကာကွယ်


ကြက်သွန်နီသည် လူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ဆိုဒီယမ်နှင့် အဆီပါဝင်မှုမှာ အလွန်နည်းပြီး  အာဟာရနှင့်  ကျန်းမာရေးကို မြှင့်တင်ပေးနိုင်သည့်  ဗီတာမင်ဘီ၊   ဗီတာမင်စီ၊ သံဓာတ်နှင့်   ကယ်လစီယမ်တို့ပါဝင်၍   ကပ်ပါး ကောင်  (fungal)၊  ဘက်တီးရီးယားနှင့်   ဗိုင်းရပ်စ် ကူးစက်မှုများကို ကာကွယ်ပေးနိုင်သည်ဟု လူ့အဖွဲ့ အစည်းအများစုက ယုံကြည်လက်ခံထားကြသည်။ ကြက်သွန်နီတွင် သဘာဝကျကျဖြစ်ပေါ်နေသော organo-sulfur ဒြပ်ပေါင်းများသည် သွေးပေါင်ချိန် ကို ထိန်းညှိပေးပြီး နှလုံးသွေးကြောဆိုင်ရာရောဂါ များနှင့် ကင်ဆာဖြစ်နိုင်ခြေများကို လျှော့ချပေး နိုင်သည့်အပြင်  ကိုယ်လက်ရောင်ရမ်းခြင်းနှင့် ပန်းနာရင်ကျပ်ရောဂါကို ကာကွယ်ပေးနိုင်ပါသည်။ (Corzo-Martinez  et  al  2007)။   ကြက်သွန်နီ စားသုံးခြင်းဖြင့် အစာအိမ်အနာကို တားဆီးနိုင် သည့်အပြင် ပျို့အန်ခြင်းကဲ့သို့သော ကျန်းမာရေး အခြေအနေများအတွက်  လူကြိုက်များသော အိမ်သုံးဆေးတစ်မျိုး ဖြစ်ပါသည်။


တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်


ကြက်သွန်နီသည် ပျက်စီးလွယ်သောကုန်ကြမ်း ဖြစ်ပြီး  သာမန်အခြေအနေများတွင်  ရိတ်သိမ်း ပြီးနောက် အချိန်ကြာမြင့်စွာ သိုလှောင်၍မရခြင်း နှင့်သင့်လျော်သော ရိတ်သိမ်းချိန်လွန်သိုလှောင်ရုံ အဆောက်အအုံများမရှိပါက ဇီဝဓာတုဖြစ်စဉ်များ၊ ပိုးမွှားများအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်စေနိုင်သည်။   ကြက်သွန်နီကို   တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်နိုင်ခြင်းအားဖြင့်  ပျက်စီးဆုံးရှုံးခြင်းနှင့်  ကြက်သွန်ပေါ်ချိန် ဈေးနှုန်းကျဆင်းမှုကိုလည်း ထိန်းသိမ်းနိုင်မည် ဖြစ်ပါသည်။  အစားအစာနှင့်   ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် ကြက်သွန်နီကိုလူသိများ မှုနည်းပါးသော်လည်း  အခြားနည်းလမ်းအသုံးပြုမှု ဖြစ်သော အသင့်စား သို့မဟုတ် လတ်ဆတ်သော ကြက်သွန်နီ၊ ကြက်သွန်နီငါးပိ၊ သွေ့ခြောက်သော ကြက်သွန်အလွှာများ၊ ကြက်သွန်အမှုန့်၊ ကြက်သွန် ဆီ၊ ကြက်သွန်နီ ရှာလကာရည်၊ ကြက်သွန်အဖျော် ယမကာ၊  ကြက်သွန်နီငံပြာရည်၊  ကြက်သွန်ချဉ်၊ ကြက်သွန်နီဆား စသည်ဖြင့် ကြက်သွန်နီမှတန်ဖိုးမြှင့် ထုတ်ကုန်များကို ထုတ်လုပ်လျက်ရှိကြောင်း လေ့လာ သိရှိရပါသည်။ အချို့သော  အစားအစာ   ထုတ်ကုန် များတွင်  ကြက်သွန်ဆီကို  သဘာဝအစားအစာ ထိန်းသိမ်းမှုအဖြစ်   အသုံးပြုသည်။   ကြက်သွန်နီ ဆားကို စားပွဲဆားအဖြစ် အသုံးပြုနိုင်သည်။


အာဟာရ ပြည့်ဝ


ကြက်သွန်အခြောက်အဖြစ် ပြုပြင်ထုတ်လုပ် ခြင်းသည် သာမန်အားဖြင့် ကြက်သွန်နီကို လပေါင်း များစွာထိန်းသိမ်းရန်အတွက်  ထိရောက်သော လုပ်ငန်းစဉ်တစ်ခုဖြစ်၍ ရေရှည်သိုလှောင်ထားနိုင် ပြီး  စားသုံးသူများကို   တစ်နှစ်ပတ်လုံး   အာဟာရ ပြည့်ဝစွာဖြင့် စားသုံးနိုင်စေပါသည်။ ခြောက်သွေ့ အောင်  ပြုလုပ်ထားသော  အစားအစာများသည် အခြားမည်သည့်ထိန်းသိမ်းထားသည့် အစားအစာ အမျိုးအစားထက်မဆို အာဟာရဓာတ်ပိုမိုစုစည်းထားနိုင်သည်။ ခြောက်သွေ့အောင် ပြုလုပ်ထား သော ကြက်သွန်နီ တန်ဖိုးမြှင့်ထုတ်ကုန်များအားလုံးနီးပါးသည် သိုလှောင်ရန် လွယ်ကူခြင်း၊  အလေး ချိန်ပိုမိုပေါ့ပါးပြီး လတ်ဆတ်သော သို့မဟုတ် အခြား ပြုပြင်ထားသော  ကြက်သွန်နီများထက်  ပမာဏ သေးငယ်ခြင်းစသည်တို့သည် အခြောက်ခံထားသော ကြက်သွန်နီ၏ အဓိက အားသာချက်များ  ဖြစ်ကြ သည်။  စည်သွတ်ဘူးများနှင့် နှိုင်းယှဉ်ပါက  ထုပ်ပိုးမှု ကုန်ကျစရိတ်လည်း   ပိုမိုသက်သာစေနိုင်သည်။ ကြက်သွန်ခြောက်ကို အမှုန့် သို့မဟုတ် အချိုမှုန့် အနေဖြင့်လည်း အသုံးပြုနိုင်သည်။ ကြက်သွန်နီ ခြောက်ကို ၁၉ ရာစုမှ  စတင်၍  အနည်းငယ်သာ ထုတ်လုပ်ခဲ့ကြသည်။ သေသပ်လှပစွာထုပ်ပိုးထား သည့် အခြောက်ခံထားသော ကြက်သွန်နီသည် အစားအစာထုတ်ကုန်များထဲတွင် လူကြိုက်များမှု ကြောင့် ကမ္ဘာအနှံ့တွင် စားသုံးမှုများပြားလာသည် ကို တွေ့ရှိရပါသည်။ အသင့်စား သို့မဟုတ် အသုံးပြု ရန်အတွက် အဆင်သင့်ဖြစ်သည့် ကြက်သွန်သည် ကြက်သွန်နီ အခွံဖယ်ရှားရခြင်း၊ ဖြတ်တောက်ခြင်း  စသည်ဖြင့် အစားအစာပြင်ဆင်မှုအချိန်ကို လျှော့ချ ပေးနိုင်သည်။ တနည်း အားဖြင့် ကြက်သွန်နီများကို အကွင်းလိုက်လှီးဖြတ်ပြီး  သင့်လျော်သောထုပ်ပိုးပစ္စည်းများတွင် သိုလှောင်ထားသည့်  ကြက်သွန်နီ များကို အပူချိန်နိမ့်သော (Frozen) တွင် အေးခဲထား ခြင်းဖြစ်ပြီး ၁၂ လခန့်ထိ သိုလှောင်၍  အသုံးပြုနိုင် သည်။


ကောင်းမွန်သော ဈေးကွက်ရရှိနိုင်


ကြက်သွန်နီအမှုန့်သည်   သန့်စင်ထားသော ကြက်သွန်နီအမျိုးအစားဖြစ်ပြီး လတ်ဆတ်သော ကြက်သွန်နီ၏ အရသာမပျောက်ပျက်ဘဲ အဆင်ပြေ စွာအသုံးပြုနိုင်သည်။  ကြက်သွန်အမှုန့်ကို  အစား အစာ၊ အချဉ်ရည်၊ အသုပ်၊ ဟင်းချို၊ ဟင်းသီး ဟင်းရွက်ကြော်များတွင် အရသာအနေဖြင့်  အလယ် အလတ်အရွယ်ရှိသော ကြက်သွန်နီပမာဏခန့် ထည့်၍ အစား ထိုးအသုံးပြုနိုင်ပါသည်။ ထို့အပြင် ကြက်သွန်မှုန့်ကို ထုပ်ပိုးထားသော ဟင်းချိုများ၊ ဆော့စ်များ၊ ခေါက်ဆွဲ များ၊ ပင်လယ်စာနှင့် အသား များကိုပြင်ဆင်ရာတွင် အသုံးပြုသည်။ ကြက်သွန်နီ အမှုန့်သည် လတ်ဆတ်သောကြက်သွန်နီများနှင့် စာလျှင် ကိုင်တွယ်ရန် ပိုမိုလွယ်ကူပြီး ချက်ပြုတ် နေစဉ်လှီးဖြတ်ရန် မလိုသောကြောင့်  အချိန်ကုန် သက်သာ ၍  အသုံးပြုရန်   ပိုမိုလွယ်ကူပါသည်။  အထူးသဖြင့်   အိန္ဒိယနိုင်ငံတွင်   ကြက်သွန်မှုန့် ဝယ်လိုအား တိုးမြင့်သည်ကို  တွေ့ရှိရပြီး မြို့ပြ လူနေမှုစနစ်တိုးတက်လာမှုနှင့်အတူ အလုပ်လုပ် နေရသည့်     လူဦးရေများပြားလာမှုတို့ကြောင့် အချိန်ကုန်သက်သာစေရန်အတွက် စားသုံးသူများ သည် ဟင်းလျာများထဲတွင် ကြက်သွန်နီခပ်ခြင်းကို ခက်ခဲစွာချက်ပြုတ်သည့် လုပ်ထုံးလုပ်နည်းများဖြင့် မလုပ်လိုကြတော့ပေ။ ပြည်ပသို့ ကြက်သွန်မှုန့် တင်ပို့သော   ဈေးကွက်အနေအထားမှာလည်း တိုးတက်လာ ခြင်းကြောင့် ကြက်သွန်မှ တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ်    ထုတ်လုပ်လိုသူများအတွက် ကောင်းမွန်သော ဈေးကွက်ရရှိနိုင်ပါသည်။ အိန္ဒိယ နိုင်ငံတွင် စားနပ်ရိက္ခာကို တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ် ပြုပြင်ထုတ်လုပ်မှုသည် အကြီးဆုံးကဏ္ဍ တစ်ခုဖြစ်ပြီး ကြက်သွန်မှုန့် ဝယ်လိုအားကိုလည်း မြင့်တက်စေသည်။


ကြက်သွန်ငါးပိသည်   ထုတ်ကုန်များအား ကြာရှည်စွာ  အသုံးပြုနိုင်ရန်အတွက်   သင့်လျော် သည့် အကောင်းဆုံးအစားအစာတစ်ခုဖြစ်သည်။ ကြက်သွန် ငါးပိသည် အိန္ဒိယဟင်းလျာများအတွက် မရှိမဖြစ် လိုအပ်သောအရာဖြစ်ပြီး အနံ့နှင့်အရသာ အတွက် အလွန်ကောင်းမွန်ပါသည်။ ဥပမာအားဖြင့် ကြက်သားဟင်းချက်ပြုတ်ရာတွင် ၎င်းကိုအသုံးပြု နိုင်ပြီး ဟင်း ၏အရသာကို  အံ့ဩဖွယ်ကောင်းအောင်  တိုးမြှင့်စေနိုင်သည်။            


ကြက်သွန်နီဈေးကွက်ကျဆင်းချိန်တွင် ကုန်ကြမ်းအဖြစ် ရောင်းချ ခြင်းသာမက တန်ဖိုးမြှင့်ထုတ်ကုန်များကိုပါ  နိုင်ငံတော်အဆင့်မီသည် အထိ အရည်အသွေးကောင်းမွန်စွာဖြင့် ကြိုးပမ်းထုတ်လုပ်မည်ဆိုပါက မိမိနိုင်ငံ၏ဒေသတွင်း စိုက်ပျိုးသီးနှံထွက်ကုန်ပစ္စည်း အခြေခံတန်ဖိုးမြှင့်ထုတ်ကုန်များအနေဖြင့်   နိုင်ငံတကာဈေးကွက်တွင်းသို့ ဝင်ရောက် ထိုးဖောက်နိုင်မည်  ဖြစ်ပါသည်။ ကြက်သွန်နီကို  တန်ဖိုးမြှင့်ထုတ်ကုန် များအဖြစ်  ဖန်တီးရန်အတွက်  အပြောင်းအလဲနှင့်  ကုန်ကျစရိတ် ကို လျှော့ချရန် အလားအလာရှိသည့်  နည်းလမ်းများကို  ရှာဖွေရန်   သုတေသနကြိုးပမ်းမှုများ  ဆောင်ရွက်ရန် လိုအပ်ပါသည်။  ထိုသို့ ဆောင်ရွက်ရာတွင် ဈေးကွက်အလားအလာများကို အကဲဖြတ်ခြင်း၊ ထုတ်လုပ်မှုနည်းစနစ်များကို အသေးစိတ်ရေးဆွဲခြင်း၊ ကုန်ကြမ်းများ လိုအပ်မှုနှင့် ကုန်ကျစရိတ်ကို ခန့်မှန်းခြင်း၊ အခြားဘဏ္ဍာရေးလိုအပ် ချက်များကို  ကြိုတင်ခန့်မှန်းခြင်း   စသည့်လိုအပ်ချက်အမျိုးမျိုးကို  ကူညီထောက်ပံ့ပေးရန် လိုအပ်ပါသည်။ ထုတ်လုပ်သူများသည် အစာ အာဟာရကြွယ်ဝသော အသင့်အစားအစာများကို စားသုံးသူများ၏ လိုအပ်ချက်အရ အမြဲတမ်းကြိုးစားထုတ်လုပ်ရန်လိုအပ်ပြီး အထူး သဖြင့်  ဖွံ့ဖြိုးဆဲနိုင်ငံများရှိ   စားသုံးသူများအကြားတွင်  အသင့်စား သို့မဟုတ် ခြောက်သွေ့သော အစားအစာများ၏ ရေရှည်သက်တမ်း တိုးမြှင့်ခြင်းနှင့်ပတ်သက်၍ စားသုံးသူများ သိရှိနားလည်မှု မြင့်တက် လာစေရန်    အသိပညာပေးရေးလုပ်ငန်းများ   ဆောင်ရွက်သင့်ပါ သည်။


တောင်သူများ၏ အကျိုးစီးပွားကို မြှင့်တင်နိုင်


သို့ဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ စီးပွားရေးဦးတည် ချက် သုံးရပ်အနက် “စိုက်ပျိုးရေးနှင့်   မွေးမြူရေးကို   အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း  ဘက်စုံဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရေး”နှင့်အညီ ကြက်သွန်နီအား ကြက်သွန် အခြောက်၊ ကြက်သွန်နီအမှုန့်၊ ကြက်သွန် အလွှာ၊   ကြက်သွန်အချဉ်စသည့်    တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ပါက ကြက်သွန်စိုက် တောင်သူများ၏ အကျိုးစီးပွားကို မြှင့်တင်နိုင်ခြင်း၊ ပြည်တွင်းအလုပ် အကိုင်များ ရရှိလာစေနိုင်ခြင်း၊ ပြည်ပမှ ကုန်ချောများ  ပြန်လည် တင်သွင်းနေရမှုကို လျှော့ချနိုင်ခြင်း စသည့်အကျိုးရလဒ်များ ရရှိလာ မည်ဖြစ်ရာ နည်းပညာ၊ ငွေကြေးအရင်းအနှီး နှင့် ဈေးကွက်ရရှိရေးတို့ကို သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များက   ဟန်ချက်ညီညီ    ပေါင်းစပ် ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။      ။