ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
အမိန့်အမှတ် ၂၈၇/၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်)
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019- COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် COVID-19 ဓာတ်ခွဲ အတည်ပြုလူနာများ တွေ့ရှိရမှုများပြားလာပြီး ပိုးတွေ့နှုန်းမြင့်တက် လျက်ရှိပါသဖြင့် အဆိုပါမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများ အနေဖြင့် မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်။
၂။ သို့ဖြစ်ပါ၍ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ အောက်ဖော်ပြပါမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာလိုက်သည် -
(က) ကချင်ပြည်နယ်
(၁) ဗန်းမော်မြို့နယ်၊
(၂) မြစ်ကြီးနားမြို့နယ်၊
(ခ) ကရင်ပြည်နယ်
(၁) မြဝတီမြို့နယ်၊
(ဂ) စစ်ကိုင်းတိုင်းဒေသကြီး
(၁) စစ်ကိုင်းမြို့နယ်၊
(၂) မုံရွာမြို့နယ်၊
(ဃ) မကွေးတိုင်းဒေသကြီး
(၁) မကွေးမြို့နယ်၊
(င) ရှမ်းပြည်နယ်
(၁) သီပေါမြို့နယ်၊
(၂) တာချီလိတ်မြို့နယ်၊
(၃) မူဆယ်မြို့နယ်၊
(စ) ဧရာဝတီတိုင်းဒေသကြီး
(၁) ကန်ကြီးထောင့်မြို့နယ်၊
(၂) ဟင်္သာတမြို့နယ်။
၃။ အဆိုပါမြို့နယ်များရှိ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများသည် အောက်ပါစည်းကမ်း ချက်များကို လိုက်နာရမည် -
(က) မိမိနေအိမ်တွင်သာ နေထိုင်ရန် -
(၁) အစိုးရဌာနများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများမပါ၊
(၂) ပုဂ္ဂလိကလုပ်ငန်းများဖြစ်သည့် ဘဏ်နှင့် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင် များ၊ စားသောက်ကုန်နှင့် သား၊ ငါး၊ အအေးခန်း လုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း များ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ၊ နေ့စဉ်တစ်ကိုယ်ရေသုံး ပစ္စည်း ထုတ်လုပ်သည့်စက်ရုံများတွင် တာဝန်ထမ်းဆောင် ရန် သွားရောက်သူများနှင့် ဆက်စပ်ဆောင်ရွက် ရသည့် လုပ်ငန်းများ၌ မဖြစ်မနေ တာဝန် ထမ်းဆောင်သူများမပါ၊
(၃) Relief Flight များ၊ Cargo Flight များနှင့် အထူး စင်းလုံးငှားလေယာဉ် ခရီးစဉ်များအတွက် ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သော လေကြောင်းလိုင်းများ/ အထွေထွေလေကြောင်း ပို့ဆောင်ရေးလုပ်ငန်းများ၊ မြေပြင်ဝန်ဆောင်မှု လုပ်ငန်းများ၊ လေယာဉ်ဆီဖြည့်တင်းရေးလုပ်ငန်း၊ လေကြောင်းဖြင့် ကုန်စည်တင်သွင်း/တင်ပို့ခြင်း လုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင် ရေးဝန်ဆောင်မှုလုပ်ငန်း (Freight Forwarder) ကုမ္ပဏီများ၊ အကောက်ခွန် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီအေဂျင်စီများ၊ လေယာဉ်တင် အစားအသောက် ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်း၊ လေယာဉ်ပြုပြင်ထိန်းသိမ်း မွမ်းမံခြင်းလုပ်ငန်းမှ ဝန်ထမ်းများမပါ၊
(၄) ဆိပ်ကမ်းတွင် ကုန်တင်သင်္ဘောများအတွက် ဝန်ဆောင်မှုပေးရသည့် ပုဂ္ဂလိကဆိပ်ကမ်းများ၊ သင်္ဘောလိုင်း ဌာနေကိုယ်စားလှယ်ရုံးများ၊ အပြည် ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်း (Freight Forwarder) ကုမ္ပဏီများ၊ အကောက်ခွန် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီအေဂျင်စီများ၊ ကုန်သေတ္တာတင် မော်တော် ယာဉ်လုပ်ငန်းများ၊ ဆိပ်ကမ်းပို့ကုန်/ သွင်းကုန် သယ်ဆောင်သည့် ကုန်တင်မော်တော်ယာဉ်၊ ရေယာဉ်လုပ်ငန်းများ၊ ကုန်းတွင်းကုန်သေတ္တာ စခန်းများ (Inland Container Depot) နှင့် ကုန်းတွင်းဆိပ်များ (Dry Port) မှ ဝန်ထမ်းများမပါ၊
(၅) ဆက်သွယ်ရေးဝန်ဆောင်မှုပေးရသော လုပ်ငန်း များဖြစ်သည့် စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်း၊ ကြိုးဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုများ (ဆိုင်ဖွင့်လှစ်၍ တယ်လီဖုန်းရောင်းချခြင်း၊ ဒေတာ ရောင်းချခြင်းများမပါ)၊ တာဝါနှင့် ဖိုင်ဘာပြုပြင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းမှ ဝန်ထမ်းများမပါ၊
(ခ) ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစား လုပ်ငန်း(CMP)စက်ရုံ၊ အလုပ်ရုံများတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများအနေဖြင့် လိုအပ်သော အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက် ပေးရန်၊
(ဂ) အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် အိမ်မှနေ၍ လုပ်ငန်းဆောင်ရွက်ရန်၊
(ဃ) မဖြစ်မနေ ဈေးဝယ်ထွက်ရန်အတွက် တစ်အိမ်လျှင်တစ်ဦး သာ သွားရောက်ရန်၊
(င) ဆေးရုံ၊ ဆေးခန်းသွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊
(စ) နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/နှာခေါင်းစည်း (Mask) တပ်ရန်၊
(ဆ) တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊
(ဇ) ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံဆေးခန်း သွားရောက်ခြင်း အတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်၊
(ဈ) အဆိုပါမြို့နယ်များမှ ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့ စေရေးအတွက် ကုန်တင်ယာဉ်များသွားလာမှု စံသတ်မှတ် ချက် Standard Operating Procedure (SOP) အတိုင်း လိုက်နာဆောင်ရွက်ရန်။
၄။ အပိုဒ် ၃ အပိုဒ်ခွဲ(ဃ)၊ (င)နှင့် (ဇ)တို့ပါ ကိစ္စရပ်များတွင် သတ်မှတ် ဦးရေထက် ပိုမိုရန်ရှိလျှင်ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန်ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ် ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့်သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့သည် တာဝန်ရှိသူ၊ တာဝန် ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက်ခွင့်မပြုရန်
ဖြစ်သည်။
၅။ ဤအမိန့်ကို လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများ အရ အရေးယူဆောင်ရွက်မည်ဖြစ်သည်။
၆။ ဤအမိန့်သည် ၁၃-၇-၂၀၂၁ ရက်၊ နံနက် ၀၄:၀၀ နာရီအချိန်မှ စတင်သက်ရောက်သည်။
ဒေါက်တာသက်ခိုင်ဝင်း
ပြည်ထောင်စုဝန်ကြီး