အာရှဖလား ယူ-၂၃ ခြေစစ်ပွဲအတွက် မြန်မာအသင်း ယခုလကုန်ပိုင်း စတင်လေ့ကျင့်ရန်စီစဉ်

 

 

နေပြည်တော်  ဇူလိုင်   ၁၂


၂၀၂၂ အာရှဖလား   ယူ-၂၃ ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာအသင်းသည်    ယခုလကုန်ပိုင်းတွင်   စတင် လေ့ကျင့်ရန် စီစဉ်ထားသည်။
ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာအသင်းကို နည်းပြ ချုပ်အဖြစ် ပိုပေါ့ဗ်(ဘူလ်ဂေးရီးယား)က ကိုင်တွယ် မည်ဖြစ်ပြီး ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲ ရွှေ့ဆိုင်းခဲ့သဖြင့် ယခုနှစ်အတွင်း အာရှခြေစစ်ပွဲသာ  ယှဉ်ပြိုင်ရမည် ဖြစ်သည်။ မြန်မာအသင်းသည် ပဏာမကစားသမား များ    ရွေးချယ်ရန်နှင့်    ခြေစစ်ပွဲအကြိုပြင်ဆင်မည့် အစီအစဉ်များအား   မကြာမီ  အတည်ပြုသွားမည် ဖြစ်သည်။ အာရှဖလား  ယူ-၂၃  ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲ ကို  ဇူလိုင် ၉ ရက်က   ပြုလုပ်ခဲ့ပြီး  အုပ်စုမဲခွဲမှုအရ အနောက်အာရှဇုန်   အုပ်စု (A) တွင်   ဆီးရီးယား၊ ကာတာ၊ ယီမင်၊ သီရိလင်္ကာ၊  အုပ်စု (B) တွင်   အီရန်၊   တာဂျစ်ကစ္စတန်၊ လက်ဘနွန်၊ နီပေါ၊ အုပ်စု (C) တွင် အီရတ်၊ ဘာရိန်း၊ အာဖဂန်နစ္စတန်၊ မော်လ်ဒိုက်၊ အုပ်စု(D)တွင်     ဆော်ဒီအာရေဗျ၊    ဘင်္ဂလားဒေ့ရှ်၊ ကူဝိတ်၊ ဥဇဘက်ကစ္စတန်၊ အုပ်စု (E) တွင် ယူအေအီး၊  အိုမန်၊ အိန္ဒိယ၊ ကာဂျစ္စတန်၊  အုပ်စု (F)တွင်  ဂျော်ဒန်၊    ပါလက်စတိုင်း၊ တာ့ခ်မင်နစ္စတန်၊ အရှေ့အာရှဇုန် အုပ်စု(G)တွင် သြစတြေးလျ၊ တရုတ်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ အုပ်စု (H) တွင် တောင်ကိုရီးယား၊ စင်ကာပူ၊ တီမော၊ ဖိလစ်ပိုင်၊ အုပ်စု (I) တွင် ဗီယက်နမ်၊ မြန်မာ၊ ဟောင်ကောင်၊ တရုတ်(တိုင်ပေ)၊ အုပ်စု(J)တွင် ထိုင်း၊  မလေးရှား၊  လာအို၊   မွန်ဂိုလီးယား၊   အုပ်စု (K)တွင်     မြောက်ကိုရီးယား၊ ဂျပန်နှင့် ကမ္ဘောဒီးယားအသင်းတို့ ပါဝင်နေသည်။ ခြေစစ်ပွဲကို အောက်တိုဘာ ၂၇ ရက်မှ ၃၁ ရက်အထိ     ကျင်းပမည်ဖြစ်ပြီး   ဇုန်နှစ်ခုခွဲ၍ အနောက်အာရှဇုန်တွင် အုပ်စုခြောက်ခု၊ အရှေ့အာရှ ဇုန်တွင်    အုပ်စုငါးခုခွဲ၍      ပြုလုပ်မည်ဖြစ်သည်။   ခြေစစ်ပွဲတွင်   အသင်းပေါင်း  ၄၂  သင်း   ယှဉ်ပြိုင်မည် ဖြစ်ပြီး  အုပ်စုတစ်ခုစီမှထိပ်ဆုံး  ၁၁ သင်းနှင့် ဒုတိယ နေရာရအသင်းများအနက် အကောင်းဆုံး လေးသင်း၊ စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲ အောင်မည်ဖြစ်သည်။ 
မြန်မာအသင်းသည် လာမည့်ပြိုင်ပွဲတွင်တစ်ကျော့ ပြန်ခြေစစ်ပွဲ အောင်မြင်ရန် ကြိုးပမ်းရမည်ဖြစ်ပြီး   ယခုခြေစစ်ပွဲတွင် တစ်အုပ်စုတည်း ကျရောက်နေ သည့်    ဗီယက်နမ်အသင်းနှင့်  ၂၀၁၄ ခြေစစ်ပွဲ၊ ဟောင်ကောင်၊ တရုတ်တိုင်ပေအသင်းတို့နှင့် ၂၀၁၆ ခြေစစ်ပွဲတို့တွင် တွေ့ဆုံခဲ့ဖူးပြီး ယခုတစ်ကျော့ပြန် ပြန်လည်တွေ့ဆုံခြင်းဖြစ်သည်။  မြန်မာအသင်းသည် အာရှဖလား ယူ-၂၃ ပြိုင်ပွဲတွင် ၂၀၁၄ တစ်ကြိမ်သာ ခြေစစ်ပွဲအောင်မြင်ဖူးပြီး ၂၀၁၆၊ ၂၀၁၈၊ ၂၀၂၀ ပြိုင်ပွဲ တို့တွင်  ခြေစစ်ပွဲ  မအောင်မြင်ခဲ့ပေ။    
နောက်ဆုံးအဆင့်ကို  ၂၀၂၂ ခုနှစ် ဇွန် ၁ ရက်မှ ၁၉  ရက်အထိ  ဥဇဘက်ကစ္စတန်တွင် ကျင်းပမည် ဖြစ်ပြီး ဥဇဘက်ကစ္စတန်အနေဖြင့်   နောက်ဆုံးအဆင့် ပြိုင်ပွဲကို  အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသော် လည်း  ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။   သို့သော်   အာရှဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဥဇဘက် ကစ္စတန်အသင်း ရလဒ်များကို နောက်ဆုံးအဆင့် ရပ်တည်မှုတွင်  ထည့်သွင်းတွက်ချက်မည်  မဟုတ် ကြောင်း  ထုတ်ပြန်ခဲ့သည်။                      ရဲရင့်လွင်