သတင်းထုတ်ပြန်ချက်


 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီး ဌာနအနေဖြင့်   ၂၀၂၁  ခုနှစ်၊  ဖေဖော်ဝါရီလ ၂၇ ရက်မှစ၍ နယူးယောက်မြို့၊     ကုလသမဂ္ဂဆိုင်ရာ    မြန်မာအမြဲတမ်း ကိုယ်စားလှယ်/ သံအမတ်ကြီးအဖြစ်မှ ထုတ်ပယ်ထားပြီးဖြစ်သည့် ဦးကျော်မိုးထွန်းက      ကုလသမဂ္ဂအစည်းအဝေးများတွင် တက်ရောက်ပါဝင် ဆွေးနွေးပြောကြားမှုများ  ပြုလုပ်ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ၎င်းအားတာဝန်မှ ထုတ်ပယ်ထားပြီးဖြစ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ကိုယ်စားပြုခြင်းမရှိ သဖြင့်   ကုလသမဂ္ဂအစည်းအဝေးများတွင် ဆွေးနွေး ပြောကြားမှု များသည် တရားဝင်ခြင်းမရှိပါ။
ဦးကျော်မိုးထွန်းသည် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟူသည့် မတရားအသင်း အဖွဲ့များနှင့်  အကြမ်းဖက်အုပ်စုများ၏ လမ်းညွှန်ချက်များအရ တရားမဝင် လုပ်ဆောင်မှုများကြောင့် သက်ဆိုင်ရာ ခရိုင်တရားရုံး များတွင် တရားစွဲဆိုထားပြီး ၎င်းအား ဖမ်းဝရမ်းများ ထုတ်ထားပြီး ဖြစ်သည်။ 
သို့ပါ၍   ဦးကျော်မိုးထွန်းအား  ကုလသမဂ္ဂဆိုင်ရာ  မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် အသိအမှတ်မပြုရေးနှင့် တရားခွင် ၌ တရားရင်ဆိုင်နိုင်ရေးအတွက် လက်ခံထားသည့် နိုင်ငံကလည်း ၎င်းအား ပြန်လည်လွှဲပြောင်းပေးရေးတို့ကို နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့်    ကုလသမဂ္ဂဌာနချုပ်နှင့်    အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့သို့ တရားဝင်စာဖြင့် ထပ်မံအကြောင်း ကြားထားပြီး ဖြစ်သည်။ 
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ  ၁၃  ရက်