လူသတ်ဝါဒ ဇာတိရုပ်ပေါ်လာ

ကိုဗစ်-၁၉ ကပ်ရောဂါက မျိုးရိုးဗီဇပြောင်းလဲသည့် ဗိုင်းရပ်စ် ပုံစံဖြင့် ဝင်ရောက်လာခဲ့သော တတိယလှိုင်းရိုက်ခတ်မှုမှာ လွန်စွာ ပြင်းထန်လှသည်။ မူလကိုဗစ်-၁၉ ထက် အဆများစွာ ပြင်းထန်လာပြီ ဖြစ်သော ရောဂါပိုးသည် ကြီးငယ်ရွယ်လတ်၊ ဆင်းရဲ ချမ်းသာ၊ ဘာသာ လူမျိုးမရွေး မည်သူ့ကိုမဆို အသက်ဘေးအန္တရာယ်ကျရောက်စေသည် အထိ ဒုက္ခပေးနိုင်သည်။ နေ့စဉ်ရောဂါကူးစက်ခံရသူအရေအတွက် ဆေးရုံတက်ရသူနှင့် သေဆုံးသူတို့ အရေအတွက်များ မြင့်တက်လာ သည်မှာ ဂရပ်ဇယားများတွင်ကြည့်ပါက အချိန်တိုအတွင်း မိုးပေါ်သို့ ထောင်တက်နေသည်ကို ကြောက်စရာ ကောင်းအောင် တွေ့မြင်ရ သည်။


တစ်နိုင်ငံလုံးတွင် ကူးစက်ပျံ့နှံ့လာနေသည့်  ကပ်ရောဂါ တားဆီး ထိန်းချုပ်ရေးတွင်         အများအကျိုးဆောင်      ပရဟိတစိတ်ဓာတ် ထက်သန်သူများ၊ တာဝန်သိနိုင်ငံသူ နိုင်ငံသားတိုင်းက တတ်စွမ်းသမျှ ပါဝင်ကြကာ ပြည်သူ့အကျိုးဆောင်ကြသည်။ လှူကြ တန်းကြ ကူညီ ကြသည်။ ကမ္ဘာနှင့်ချီသည့် ကပ်ရောဂါကြီး မိမိတို့နိုင်ငံအတွင်းဝင်၍ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာချိန်တွင် သူတစ်ပါးအကျိုးကို လိုလား ခြင်း၊     သနားကြင်နာကိုယ်ချင်းစာခြင်း၊     ရောဂါကင်းပျောက် သေဘေးမရောက်သူတို့အတွက်   ဝမ်းမြောက်ခြင်း၊   အများအကျိုးရွက် သယ်ပိုးသည့် အလုပ်ကိုပင် ခနှိုးခနဲ့ဆိုကဲ့ရဲ့မှုများအပေါ် ခံစားမှုမပြု၊ မတုံ့ပြန်ခြင်း တည်းဟူသော လူ့ဘောင်လူ့‌လောကကို စောင့်ရှောက် သည့် အမွန်အမြတ်စိတ်ဓာတ်ဖြင့် အများပြည်သူအကျိုးကို လက်ငင်း လက်တွေ့သယ်ပိုးကြသူများမှာ  လူသာဓုခေါ်၊  နတ်သာဓုခေါ်သည့် ကုသိုလ်ကောင်းမှုပြုကြသူများပင်ဖြစ်သည်။


ဇူလိုင်လ ၁၄ ရက်နေ့နံနက်ပိုင်းက အမရပူရမြို့နယ်၊ မြစ်ငယ်မြို့ ဈေးအဝင်လမ်းတွင်  ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်မှာ  NUG၊ CRPH၊ PDF အမည်ခံ   အကြမ်းဖက်အဖွဲ့တို့၏   သူရဲဘောကြောင်လှစွာသော လူသတ်ဝါဒကို ထင်ထင်ရှားရှားပြသလိုက်ခြင်းပင်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးပညာပေးခြင်းနှင့် ပါးစပ် နှာခေါင်း စည်းများ၊ လက်ဆေးရည်များပေးဝေခြင်းတို့ ဆောင်ရွက်နေသည့် ဒေါ်သက်သက်ချိုအပါအဝင် တာဝန်သိပြည်သူခုနစ်ဦးကို အကြမ်းဖက် လူသတ်သမားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်၍ လုပ်ကြံသတ်ဖြတ်ခဲ့ရာ ဒေါ်သက် သက်ချိုမှာ နေရာတွင်ပင် သေဆုံးခဲ့ရပြီး အမျိုးသားသုံးဦးမှာ ဒဏ်ရာများ ရရှိခဲ့သည်။  ရပ်ကျိုး ရွာကျိုး သယ်ပိုးနေသည့် အမျိုးသမီး ကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သူတို့မှာ ဆိုင်ကယ်ဖြင့် ထွက်ပြေး သွားခဲ့သည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးလုပ်ခြင်းကြောင့်၊  ဒလန်လုပ် ခြင်းကြောင့်၊ သတင်းပေးခြင်းကြောင့်ဟူသော  အကြောင်းပြချက်များ မှာ   လူသတ်လုပ်ရပ်အတွက်   လုံလောက်သော   ဆင်ခြေမဟုတ်ပေ။ အထူးသဖြင့်  လက်နက်ကိုင်ဆောင်မထားသော အမျိုးသမီးများကို လုပ်ကြံသတ်ဖြတ်မှုမှာ  အတွေးအခေါ်ဉာဏ်ကင်းမဲ့သည့် ရာဇဝတ် ကောင်တို့၏ ရာဇဝတ်မှုသာဖြစ်ပြီး  တော်လှန်ရေးဟု အမည်တပ်လျှင် လွန်စွာ မိုက်မဲရာကျလိမ့်မည်ဖြစ်သည်။ 


နိုင်ငံရေးရည်မှန်းချက်အတွက် အစိုးရကို လက်နက်စွဲကိုင်ပုန်ကန် သူတို့ ပြည်သူကို ဒုက္ခပေးလာပြီဆိုလျှင် ကျဆုံးဖို့ နီးလာပြီဖြစ်သည်။ တော်လှန်ရေးဟူသော ခေါင်းစဉ်အောက်တွင် လုယက်မှု၊ လူသတ်မှု၊ ခြိမ်းခြောက်မှုအပါအဝင် ရာဇဝတ်မှုများစွာတို့  ကျူးလွန်နေကြပြီး ဖေ့စ်ဘုတ်နှင့် မီဒီယာအတုအယောင်တို့တွင်  လိမ်လည်ဖုံးဖိနေကြ စေကာမူ  ဇာတိရုပ်က ပေါ်လာလျက်ရှိလေသည်။  နောက်ကွယ်မှ နေ၍ ပိုက်ဆံပေးလူသတ်ခိုင်းနေကြသူများ၊ စဉ်းစားဆင်ခြင်ဉာဏ် ကင်းမဲ့၍ဖြစ်စေ၊ ငွေစ ကြေးစ  ရ၍ဖြစ်စေ လူသတ်နေကြသူများ အားလုံးမှာ ပြုပြုသမျှ အကုသိုလ်ဒုစရိုက်တို့၏  အကျိုးပေးကြောင့် ယခုဘဝတွင်ရော   နောင်သံသရာတွင်ပါ အကုသလ ကမ္မပထကို ခံစားကြရမည်သာ ဖြစ်ပါကြောင်း။    ။