ကျန်းမာရေးစောင့်ရှောက်မှု စနစ်တကျခံယူ

ကိုဗစ်-၁၉ ကပ်ရောဂါသည် အရှိန်အဟုန်ကောင်းနေသည်။ ဇူလိုင် ၁၄ ရက်က ရောဂါ ကူးစက်ဖြစ်ပွားမှုတွင် ဓာတ်ခွဲစစ်ဆေးအတည်ပြုပိုးတွေ့လူနာ ခုနစ်ထောင်ကျော် ရှိပြီး သေဆုံးလူနာ ၁၅၀ ခန့်ဖြင့် လွန်ခဲ့သည့်နေ့ထက် နှစ်ဆတိုး ဖြစ်ပေါ်ခဲ့သည်။ ယင်းအခြေအနေသည် ဆေးရုံတက် စစ်ဆေးကုသမှု အခြေအနေဖြစ်ပြီး ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ရောဂါရှိသည်ဖြစ်စေ၊ တစ်စုံတစ်ရာ သံသယရှိလျှင်ဖြစ်စေ ဆေးရုံသို့ ရောက်မလာနိုင်ဘဲ ရောဂါဖြစ်ပွား၊ သေဆုံးနေကြသူများမှာ ယခုထက်ပင်ပိုမိုများပြား မည်ဟု ခန့်မှန်းရသည်။


ကိုဗစ်-၁၉ ရောဂါအခြေအနေသည် တစ်နေ့ထက်တစ်နေ့ ဆက်လက်ဆိုးရွား နေဦးမည်ဖြစ်၍ ဖြစ်ပွားနေသူများအား  စနစ်တကျကုသစောင့်ရှောက်မှုပေးပြီး မဖြစ်ပွား၊ မကူးစက် ကျန်းမာနေသူပြည်သူများအားလုံးက ရောဂါကူးစက်ခြင်း မရှိအောင် အထူးသတိပြု ကျင့်ကြံနေထိုင်ကြရန်  လိုအပ်ပေသည်။ လက်ရှိတွင် မိမိနေအိမ်၌ နေထိုင်ကြရတော့မည့်အခြေအနေဖြစ်သည်။   မဖြစ်မနေ  ပြင်ပသို့ ထွက်ရမည်ဆိုလျှင် ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများကို တိတိကျကျလိုက်နာ ဖို့လိုအပ်ပါသည်။ နေအိမ်တွင် နေထိုင်ကြသူများအနေဖြင့်လည်း အပြင်ထွက်ပြီး ပြန်လာသူကို အထူးဂရုစိုက်ပြီး ကာကွယ်ရေးဆောင်ရွက်ထားကြရမည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများနှင့် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာရှိသူများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရမည့် နည်းလမ်းများကို သိရှိထားဖို့လိုအပ်ပါသည်။ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ မိမိမည်သို့အနေအထားရှိသည်ကို မပိုမလို ဦးစွာမှန်မှန်ကန်ကန်သိရှိဖို့လိုအပ်ပါ သည်။ လိုသည်ထက်ပို၍ စိုးရိမ်ပူပန်ခြင်း၊ လိုနေသည်ကိုသတိမမူဘဲ ပေါ့ပေါ့ဆဆ နေထိုင်ခြင်းတို့သည် အန္တရာယ်ဖြစ်စေနိုင်သောအနေအထား ဖြစ်ပါသည်။ မိမိတို့ သည် ပတ်ဝန်းကျင်တွင် လှုပ်ရှားသွားလာ နေထိုင်လျက်ရှိရာ၌ ဓာတ်ခွဲအတည်ပြု လူနာနှင့် ထိတွေ့ခဲ့သူ သို့မဟုတ် ထိတွေ့ခဲ့သည်ဟု သံသယရှိသူ သို့မဟုတ် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ သံသယလက္ခဏာများ ခံစားနေရသည်ဟု ယူဆရသူ တစ်ဦးဦးသည် ဦးစွာ သက်ဆိုင်ရာမြို့နယ်ဒေသန္တရကျန်းမာရေးဌာနသို့ သွားရောက် ရမည်ဖြစ်သည်။


ထိုသူများသည် ဒေသန္တရကျန်းမာရေးဌာနသို့  မသွားရောက်ဘဲ  မိမိအစီ အစဉ်ဖြင့်မိမိ တစ်နည်းနည်းပြုလုပ်ခဲ့ပါမူ ဝေဒနာရှင်ရော ဝေဒနာရှင်နှင့်ထိတွေ့ခဲ့သူအားလုံးပါ ဒုက္ခအခက်အခဲကျရောက်သွားနိုင်ပေသည်။  သက်ဆိုင်ရာ မြို့နယ် ဒေသန္တရကျန်းမာရေးဌာနသို့သွားမှသာ မြို့နယ်ဒေသန္တရ သို့မဟုတ် ပြည်သူ့ဆေးရုံ သို့မဟုတ် ဓာတ်ခွဲစစ်ဆေးရေးစင်တာများ သို့မဟုတ် ပုဂ္ဂလိက ဓာတ်ခွဲစစ်ဆေးရေး ဆေးခန်းများတွင် ဓာတ်ခွဲစစ်ဆေးမှုဆောင်ရွက်၍ တိကျသောအဖြေရယူနိုင်မည်ဖြစ် သည်။ ထို့နောက် ဓာတ်ခွဲအတည်ပြုလူနာများအား သာမန်ရောဂါဖြစ်ပွားသူ၊ ရောဂါပြင်းထန်လက္ခဏာရှိသူနှင့် အရေးပေါ်လူနာဟူ၍ ခွဲခြားပြီး သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများ၊ ကုသရေးစင်တာများတွင် ကုသမှုခံယူကြရမည်ဖြစ်သည်။


ကိုဗစ်-၁၉ ရောဂါကို မိမိကိုယ်တိုင် ကူးစက်မခံရစေရန်၊ မိသားစုသို့ မကူးစက် စေရန်၊ မိမိပတ်ဝန်းကျင်ရှိ အခြားသူများထံ မကူးစက်စေရန် ပါးစပ်၊ နှာခေါင်းစည်း တို့ကို မဖြစ်မနေတပ်ဆင်ထားရန် လိုအပ်ပါသည်။ ပါးစပ်၊ နှာခေါင်းစည်းကို စနစ် တကျတပ်ဆင်ခြင်း၊ လက်ကို စင်ကြယ်စွာဆေးကြောခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်းတို့ သည် အလွန်ထိရောက်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများဖြစ်ပြီး ရောဂါဖြစ်ပွားမှုကွင်းဆက်ကို ထိရောက်စွာ ဖြတ်တောက်နိုင်ပါသည်။ ကိုဗစ်-၁၉ ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်၍ ရောဂါစတင်ခံစားသည်နှင့် အသက်ရှူမဝသည့် အောက်ဆီဂျင်ကျသော အခြေအနေဖြစ်လာပါသည်။ ယင်းကို ရှေးဦးပြုစုကုသ၍ နီးစပ်ရာ ဒေသန္တရကျန်းမာရေးဌာနများသို့ အရောက်သွားရမည် ဖြစ်သည်။


ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလျှင် ရောဂါပြင်းထန်သည့်လူနာ ၂၀ ရာခိုင်နှုန်းခန့် သည် ဆေးရုံတွင် တက်ရောက်ကုသမှုခံယူရန်လိုအပ်ပြီး ထို ၂၀ ရာခိုင်နှုန်းအနက် ငါးရာခိုင်နှုန်းခန့်သည် အထူးကြပ်မတ်ကုသမှုကို ခံယူရမည်ဖြစ်ပြီး အသက်အန္တရာယ် ဖြစ်ပွားနိုင်ပါသည်။ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သောသူများ၊ ရောဂါ အခံရှိသူများအား အထူးဂရုစိုက်ရမည်ဖြစ်သည်။ အသက်အရွယ်ကြီးသူများနှင့် နာတာရှည်ရောဂါရှိသူများတွင် အလွန်မောပန်းခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမျက်များ နာကျင်ကိုက်ခဲခြင်း စသည့်ရောဂါ လက္ခဏာများကို ပိုမိုပြင်းထန်စွာ ကာလရှည်ကြာခံစားရနိုင်သည့်အပြင် ရောဂါ ပျောက်ကင်းသော်လည်း နောက်ဆက်တွဲ နာတာရှည်ဆိုးကျိုးများ ရရှိနိုင်သော ကြောင့် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားအောင်  ကြိုတင်ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။


သို့ဖြစ်ရာ ယခုအခါ ရောဂါကူးစက်ဖြစ်ပွားမှု မြင့်မားနေသဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသူများအား စနစ်တကျကုသမှုခံယူနိုင်ရေးနှင့် ရောဂါမဖြစ်ပွား သူများအနေဖြင့် ရောဂါကူးစက်ခြင်းမခံရအောင် ကျန်းမာရေးဆိုင်ရာတို့က ထုတ်ပြန် အသိပေးထားသော ကျန်းမာရေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန် အချက်အလက်များ ကို အထူးဂရုစိုက် လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။    ။