သတ်မှတ် Community Based Facility Quarantine Centre များ ပြင်ဆင်ခြင်းနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ (Version 3.0)

၁။    သတ်မှတ် (Community Based Facility Quarantine Centre) နေရာတွင် အသွားအလာကန့်သတ်ခြင်း ပြုလုပ်နိုင်ရန်အတွက် ပြင်ဆင်ခြင်း- 
    (က)    သတ်မှတ်ထားရှိသောနေရာများအား တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများမှ သွားရောက် ကြည့်ရှုရမည်။
    ( ခ )    အသွားအလာကန့်သတ်ခြင်းခံရသူအား ထားရှိမည့်နေရာသည်  လေဝင်လေထွက် ကောင်းမွန် ရမည်။ လုံလောက်သော အကျယ်အဝန်းရှိရမည်။ (လေဝင်လေထွက်ကောင်းမွန်စေရန် တံခါးမ၊ ပြတင်းပေါက်များ ဖွင့်ထားရမည်။)
    ( ဂ )    ဖြစ်နိုင်ပါက လူတစ်ဦးလျှင်တစ်ခန်း သီးသန့်ထားရှိနိုင်မည့်နေရာ ဖြစ်ရမည်။
    (ဃ)    ကျား၊ မ သီးခြားထားရှိရမည်။
    ( င )    တစ်ဦးလျှင်     တစ်ခန်းထားရှိနိုင်ခြင်းမရှိပါက   သီးသန့်ကုတင်များအား  တစ်မီတာ(သို့မဟုတ်) (၃)ပေအကွာတွင်   နှစ်ယောက်တစ်ခန်းထားရှိ၍    တစ်ဦးချင်းသီးသန့်ရှိစေရန်  အကာအရံ (Partition) ပါရှိရမည်။ အကာအရံမရှိပါက နှစ်မီတာ (သို့မဟုတ်) (၆)ပေအကွာ ထားရှိရမည်။
    ( စ )    ခန်းမတွင်ထားရှိမည်ဆိုပါက တစ်မီတာ(သို့မဟုတ်) (၃)ပေအကွာတွင် ကုတင်များထားရှိ၍ တစ်ဦး ချင်းသီးသန့်ရှိစေရန် အကာအရံ(Partition)ထားရှိပေးရမည်။ အကာအရံထားရှိရန် မဖြစ်နိုင် ပါက နှစ်မီတာ(သို့မဟုတ်) (၆)ပေ အကွာထားရှိရမည်။ 
    (ဆ)    အသွားအလာကန့်သတ်ခြင်းခံရသူများအား အဝင်/အထွက်ရက် တူညီသောအုပ်စု(Cohort)အလိုက် အခန်းချင်း(သို့မဟုတ်)ခန်းမနေရာချင်း  တူညီစွာ နေရာချပေးရမည်။  အုပ်စုလိုက် ခန်းမတွင် ထားရှိမည်ဆိုပါက (Cohort)အုပ်စုလိုက် အကာအရံ(Partition) ထပ်မံထားရှိပေးရမည်။ အဝင်/ အထွက်ရက် မတူညီသောသူများအား အတူနေရာမပေးရပါ။    
    ( ဇ )    အသွားအလာကန့်သတ်ခြင်းခံရသူများအား အဝင်/အထွက်ရက် တူညီသောအုပ်စု(Cohort)အလိုက် သီးသန့်ရေအိမ်များကို အသုံးပြုနိုင်ရန်စီစဉ်ပေးရပါမည်။(သီးသန့်ရေအိမ်အသုံးပြုရန် အဆင်မပြေ ပါက အခြားသူများနှင့် ထိတွေ့မှုနည်းအောင် သွားလာအသုံးပြုရပါမည်။ ရေအိမ်လုံလောက်စွာ စီစဉ်ထားရှိရမည်။) အဝင်အထွက်ရက် မတူညီသောအုပ်စု (Cohort)များကို ရေအိမ်အတူတကွ သုံးစွဲခြင်း မပြုစေရပါ။ ရေအိမ်အဝင်/အထွက်တွင် ဆပ်ပြာနှင့်ရေ အလုံအလောက်ထားရှိခြင်းနှင့် စနစ်တကျလက်ဆေးနည်းပိုစတာများ ထားရှိရမည်။  
    (ဈ)    အသွားအလာကန့်သတ်ခံရသူများအတွက် ရေ၊ အစားအစာ၊ ဆေးဝါးနှင့် အခြားလိုအပ်သော အခြေခံအသုံးအဆောင်များ စီစဉ်ပေးရမည်။
    (ည)    အစားအသောက်များ လာရောက်ပို့ဆောင်သူများနှင့် အသွားအလာကန့်သတ်ခြင်းခံရသူများ တိုက်ရိုက်ထိတွေ့မှုမရှိစေရန် စီစဉ်ရမည်။ (ဥပမာ- အစားအသောက်များအား သက်ဆိုင်ရာအခန်း (သို့မဟုတ်)ခန်းမရှေ့ရှိ သတ်မှတ်စားပွဲတွင်ထားရှိပြီးမှ စားသောက်မည့်သူမှ ကိုယ်တိုင်ယူရန်)
    ( ဋ )    အသွားအလာကန့်သတ်ခြင်းခံရသူအတွက် သီးသန့်အသုံးအဆောင်များ အသုံးပြုရပါမည်။ (ဥပမာ- မျက်နှာသုတ်ပဝါ၊ အိပ်ယာခင်း၊ သောက်ရေခွက်၊ ထမင်းပန်းကန်များ)
    ( ဌ )    အသွားအလာကန့်သတ်ခြင်းခံရသူအား အစားအသောက်စားသောက်နိုင်ရန်အတွက် သီးသန့် ပြင်ဆင်ပေးရမည်၊ အသွားအလာကန့်သတ်ခြင်းခံရသူအနေဖြင့် မိမိအခန်းအတွင်းရှိ မိမိအတွက် သတ်မှတ်ထားသောနေရာတွင်သာ စားသောက်ရပါမည်။
    ( ဍ )    ရောဂါပိုးသန့်စင်ခြင်းအတွက် လိုအပ်သည့်ပစ္စည်းများ (70% Alcohol ပါဝင်သော ပိုးသန့်စင် ဆေးရည်)၊ တစ်ခါသုံးလက်အိတ်များ၊ ပါးစပ်နှင့်နှာခေါင်းစည်းများ အဆင်သင့်ထားရှိရပါမည်။
    ( ဎ )    အသွားအလာကန့်သတ်ခြင်းခံရသူ သုံးစွဲသည့်အမှိုက်သရိုက်နှင့် စွန့်ပစ်ပစ္စည်းများအား သတ်မှတ် နေရာတွင် စည်ပင်သာယာရေးကော်မတီနှင့်ချိတ်ဆက်၍ စနစ်တကျစွန့်ပစ်သည့်စနစ်ရှိရမည်။
    (ဏ)    ရေဆိုးစွန့်စနစ်နှင့်မိလ္လာစနစ် ကောင်းမွန်စေရန်၊ ယိုစိမ့်မှုမရှိစေရန် ပုံမှန်စစ်ဆေးဆောင်ရွက်ရမည်။ 
၂။    သတ်မှတ် Community Based Facility Quarantine Centre များတွင် အသွားအလာ ကန့်သတ် ခြင်း(သို့မဟုတ်)တားမြစ်ပိတ်ပင်ခြင်း (Quarantine) ဝင်ရောက်သည့်သူများအနေဖြင့် လိုက်နာ ရန်အချက်များ
    (က)    အသွား/အလာကန့်သတ်ခြင်းခံရသည့်သူများအနေဖြင့် သတ်မှတ်နေရာတွင်သာ နေထိုင်ရမည်။ ဧည့်ခန်းသို့သွားရောက်ခြင်း၊ အခြားအခန်းများသို့သွားရောက်လည်ပတ်ခြင်း၊ အခြားသူနှင့်အတူ စားသောက်ခြင်း၊ ဝိုင်းဖွဲ့ပြောဆိုခြင်းနှင့် ပြင်ပသို့ထွက်ခွာခြင်းများကို လုံးဝ(လုံးဝ)ရှောင်ကြဉ်ရမည်။
    ( ခ )    အသွား/အလာကန့်သတ်ခြင်းခံရသည့်သူ  တစ်ဦးချင်းသည်  ရောဂါလက္ခဏာမပြသော ရောဂါပိုး သယ်ဆောင်သူဖြစ်နိုင်၍ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး(၆)ပေအကွာ ခပ်ခွာခွာနေရမည်။ ပါးစပ် နှင့် နှာခေါင်းစည်း (Mask)ကို စားသောက်ချိန်နှင့် အိပ်ချိန်မှအပ အချိန်ပြည့်တပ်ဆင်ရမည်။
    ( ဂ )    လက်ကို ဆပ်ပြာနှင့်ရေ (သို့မဟုတ်)အနည်းဆုံး အယ်ကိုဟောလ်  (၆၀)%  ပါသော ရေမလို လက်သန့်စင်ဆေးရည်ကိုအသုံးပြု၍ စက္ကန့်(၂၀)ကြာအောင် မကြာခဏ စနစ်တကျ ဆေးကြော ရမည်။ အများသုံးပစ္စည်းများ မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း၊ အိမ်သာအသုံးပြုပြီးတိုင်း၊ အစာမစားမီတိုင်း၊ နှာချေ၊ ချောင်းဆိုး၊ နှာရည်ညှစ်ပြီးသည့်အခါတိုင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း လက်ကိုစနစ်တကျဆေးကြောရမည်။
     (ဃ)    နှာချေ၊ ချောင်းဆိုးသည့်အခါတိုင်း တစ်ရှူး (သို့မဟုတ်)တံတောင်ကွေးဖြင့် ပါးစပ်နှင့်နှာခေါင်း ကို လုံခြုံစွာဖုံးအုပ်ရမည်။  အသုံးပြုပြီးတစ်ရှူးကို  အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ရမည်။ လက်ကို စနစ်တကျပြန်လည်ဆေးကြောရမည်။
    ( င )    ကိုယ်အပူချိန်တိုင်းခြင်းနှင့် ကျန်းမာရေးအခြေအနေစစ်ဆေးခြင်းတို့ကို တစ်နေ့ (၂)ကြိမ် ခံယူရ မည်။ ဖြစ်နိုင်ပါက ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် သွေးတွင်းအောက်ဆီဂျင်ပမာဏ တိုင်းတာ ခြင်းကို မိမိကိုယ်တိုင်ဆောင်ရွက်၍ တာဝန်ရှိသူများထံ သတင်းပို့ရမည်။
    ( စ )    ဖျားနာခြင်း(ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် (သို့မဟုတ်) ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်အထက် ရှိခြင်း)၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ရုတ်တရက်အနံ့/အရသာ ပျောက်ဆုံးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ (၉၂%)အောက်ကျဆင်းခြင်း စသည့် လက္ခဏာများဖြစ်ပေါ်ပါက တာဝန်ရှိသူထံ ချက်ချင်းဆက်သွယ်အကြောင်းကြား၍ ဆေးကုသမှု ခံယူရမည်။
    (ဆ)    စည်းကမ်းမဲ့တံတွေးထွေးခြင်း၊ စည်းကမ်းမဲ့အမှိုက်ပစ်ခြင်း၊ ကွမ်းယာစားခြင်း၊ ဆေးလိပ်သောက် ခြင်း၊ အရက်သောက်ခြင်းများကို ရှောင်ကြဉ်ရမည်။ 
၃။    သတ်မှတ် Community Based Facility Quarantine Centre များတွင် အထွေထွေလိုက်နာရမည့် အချက်များ 
    (က)    တာဝန်ကျဝန်ထမ်းများအနေဖြင့် ခွဲစိတ်ခန်းသုံးပါးစပ်နှင့်နှာခေါင်းစည်း(Surgical Mask)ကို နေ့စဉ်တပ်ဆင်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေး အထူးဂရုပြုဆောင်ရွက်ရမည်။
    ( ခ )    တာဝန်ကျဝန်ထမ်းများအနေနှင့်  အချင်းချင်း အနည်းဆုံးနှစ်မီတာ (၆ပေ)အကွာတွင် နေထိုင်၍ ဆပ်ပြာနှင့်ရေကို အသုံးပြုကာ အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် လက်ကို မကြာခဏ စနစ် တကျ ဆေးကြောရမည်။
    ( ဂ )    အနည်းဆုံး အယ်ကိုဟောလ်(၆၀)%ပါဝင်သော  ရေမလိုလက်သန့်စင်ဆေးရည်ကို အလွယ် တကူ အသုံးပြုနိုင်ရန် အဆင်သင့်ထားရှိရမည်။ လိုအပ်ပါက အသုံးပြုနိုင်ရန် ပါးစပ်နှင့်နှာခေါင်း စည်း (Surgical Mask) များ အဆင်သင့်ထားရှိရမည်။
    (ဃ)    အဆောက်အဦ အတွင်း/အပြင်ကို အမြဲမပြတ် ပိုးသန့်စင်ရေးအတွက် အောက်ပါတို့ကို အထူး ဂရုပြုဆောင်ရွက်ရမည်။
    (၁)    လူအများမကြာခဏထိတွေ့လေ့ရှိသောနေရာများ(ဥပမာ-ဓာတ်လှေကားခလုတ်၊ လှေကား လက်ရန်းများ၊  တံခါးလက်ကိုင်များစသည်တို့)ကို  အသုံးပြုသည့်လူဦးရေပေါ်မူတည်၍ (၂)နာရီ တစ်ကြိမ်ခန့် အယ်ကိုဟောလ်(၇၀)% ပါသော ပိုးသန့်စင်ဆေးရည်အသုံးပြု၍ သန့်ရှင်းရေးပြုလုပ်ရမည်။
    (၂)    လူအများ နေထိုင်လေ့ရှိသောနေရာများ၊ အခန်း၏ကြမ်းခင်းများနှင့် အခြားမျက်နှာပြင်များ ကို ပိုးမွှားသန့်စင်စေရန် 1:50 Hypochlorite Solution (1,000 ppm) ဆွတ်ထားသော အဝတ်ဖြင့်သေချာစွာသုတ်ပြီး(၁၀)မိနစ်ထားပါ။ ထို့နောက် ရေဝတ်ဖြင့်ထပ်မံသုတ်ရမည်။ 
    (၃)    လက်နှင့်ထိတွေ့မှုများသော မျက်နှာပြင်များ (ဥပမာ - ကုတင်လက်ရန်းများ၊ စားပွဲများ၊ အများသုံးတယ်လီဖုန်း၊ လူခေါ်ခလုတ်၊ အိမ်သာရေဆွဲခလုတ်၊ တံခါးပေါက်၊ လေဝင်/ လေထွက်ရှိသောနေရာများ) စသည်တို့ကို  တစ်နေ့လျှင်  အနည်းဆုံး  နှစ်ကြိမ် 1:50 Hypochlorite Solution (1,000 ppm) ဖြင့် ဆေးကြောရမည်။
        (1:50 Hypochlorite Solution (1,000 ppm) ရရှိနိုင်ရန် ရေ(၁)လီတာတွင် ၅% အိမ်သုံး အရောင်ချွတ်ဆေး (Bleaching Powder) လက်ဖက်ရည်ဇွန်း (၄)ဇွန်း ထည့်၍ဖျော်ပါ။)
    (၄)    လူအများနေထိုင်လေ့ရှိသောနေရာများတွင်ရှိသော  အရာဝတ္ထုများအား အလွယ်တကူ ဆေးကြောသန့်စင်နိုင်သောအရာများနှင့် ဖုံးအုပ်ထားရမည်။
    ( င )    အဆောက်အဦ၏ လေဝင်/လေထွက်ကောင်းစေရန် ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်။ 
    (၁)    အခန်းများအား လေဝင်/လေထွက်ကောင်းစေရန် တံခါးများ ဖွင့်ထားရမည်။
    (၂)    Aircon မဖြစ်မနေအသုံးပြုရန် လိုအပ်ပါက  လေဝင်/လေထွက်စနစ်အား အမြဲမပြတ် သန့်ရှင်းရေးပြုလုပ်ရမည်။ (လိုအပ်လျှင် လေစစ်စကာများကို အသစ်လဲလှယ်ရမည်။)
    ( စ )    ရေအိမ် လုံလောက်စွာစီစဉ်ထားရှိရမည်။ ရေဆိုးစွန့်စနစ်နှင့် မိလ္လာစနစ်ကို ကောင်းမွန်စေရန် နှင့် ယိုစိမ့်မှုမရှိစေရန် အမြဲမပြတ် သတိပြုဆောင်ရွက်ရမည်။
    (ဆ)    အဆောက်အဦအတွင်း    လူအများစုဝေးခြင်း၊  ဟောပြောခြင်းနှင့်  ပွဲများစီစဉ်ခြင်းကို လုံးဝ ရပ်ဆိုင်းထားရမည်။
    ( ဇ )    အဆောက်အဦအတွင်းရှိ ဝန်ထမ်းများစာရင်းနှင့် ကန့်သတ်စောင့်ကြည့်ခြင်းခံရသူစာရင်း၊ စတင် ဝင်ရောက်နေထိုင်သည့်အချိန်၊ Quarantine ရက်ပြည့်မည့်အချိန်၊  အချိန်တူ ဝင်ရောက်/ ထွက်ခွာ မည့်အုပ်စု(Cohort)၊ သတ်မှတ်အုပ်စုအလိုက်နေရာခွဲဝေချထားခြင်း (Cluster)၊ ဝင်ရောက်သူ အမည်၊  အသက်၊  မှတ်ပုံတင်နံပါတ်(သို့မဟုတ်)  ပတ်စပို့နံပါတ်၊  နိုင်ငံသား၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်များအား အချိန်နှင့်တစ်ပြေးညီ စနစ်တကျမှတ်တမ်းတင်ထားရှိရမည်။
၄။    သတ်မှတ် Community Based Facility Quarantine Centre များရှိ တာဝန်ရှိသူများအနေဖြင့် -
    (က)    တာဝန်ရှိသူများအနေဖြင့် ခွဲစိတ်ခန်းသုံးပါးစပ်နှင့်နှာခေါင်းစည်း (Surgical Mask) ကို နေ့စဉ် တပ်ဆင်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေး အထူးဂရုပြုဆောင်ရွက်ရမည်။
    (ခ)    တာဝန်ရှိသူများအနေဖြင့် အချင်းချင်း အနည်းဆုံးနှစ်မီတာ (၆ပေ)အကွာတွင် နေထိုင်၍ ဆပ်ပြာ နှင့် ရေကို အသုံးပြုကာ အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် လက်ကို မကြာခဏ စနစ်တကျ ဆေးကြောရမည်။
    (ဂ)    ဧည့်သည် (သို့မဟုတ်) Quarantine ဝင်ရောက်သူများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရ မည်။ အစားအသောက်ပေးပို့ရာတွင် တစ်ခါသုံးဘူးများဖြင့်ထည့်ပြီး လုံခြုံစွာဖုံးအုပ်ပြီး ဧည့်သည် အခန်းရှေ့တွင် ခုံတစ်လုံးချထား၍ ပေးအပ်နိုင်ရေး ဦးစားပေးဆောင်ရွက်ရမည်။


»» စာမျက်နှာ ၁၁ မှ
    (ဃ)    မဖြစ်မနေ ဧည့်သည်၏အခန်းထဲဝင်ရမည်ဆိုပါက မိမိကိုယ်တိုင် Level-2 PPE ဝတ်စုံ (ပါးစပ် နှင့်နှာခေါင်းစည်း(Surgical Mask)၊ မျက်နှာအကာ(Face Shield)၊ ရင်ကာအင်္ကျီ(Surgical Gowns)၊ လက်အိတ် (Glove))ကို သေချာစွာ မဖြစ်မနေ ဝတ်ဆင်ရမည်၊ အခန်းထဲမဝင်မီ ဧည့်သည်ကို ပါးစပ်နှင့် နှာခေါင်းစည်း(Surgical Mask) သေချာစွာတပ်ဆင်ရန် ကြိုတင်၍ပြောရ မည်။ ဧည့်သည်နှင့် နှစ်မီတာ (၆ပေ)အကွာတွင်သာ နေရမည်။ အခန်းထဲမှထွက်သည်နှင့် ဆပ်ပြာနှင့်ရေကို အသုံးပြု၍ အနည်းဆုံးစက္ကန့်(၂၀)ကြာအောင် လက်ကို မကြာခဏ စနစ်တကျ ဆေးကြောရမည်၊ ဧည့်သည်အခန်းထဲဝင်ရောက်စဉ် အသုံးပြုခဲ့သည့် တစ်ခါသုံးပစ္စည်းများကို အဖုံးပါသော အမှိုက်ပုံးများအတွင်းသို့ စနစ်တကျစွန့်ပစ်ရပါမည်။
    (င)    စွန့်ပစ်ပစ္စည်းထည့်ရန် အမှိုက်အိတ်များကို လုံလောက်စွာထားပေးရမည်။ တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများ (ဥပမာ- အိမ်သာသုံးစက္ကူ၊ တစ်ရှူးလိပ်၊ ဆပ်ပြာ၊ ရေမလိုလက်သန့်စင် ဆေးရည်၊ အခန်းသန့်ရှင်းရေးပစ္စည်းများ၊ ပိုးသတ်သန့်စင်ဆေးရည်စသည်)တို့ကို လုံလောက် အောင် ထားရှိပေးရမည်။
    (စ)    အဝတ်အစားများ လျှော်ဖွပ်ရာတွင် Level-2 PPE ဝတ်စုံ (ပါးစပ်နှင့်နှာခေါင်းစည်း (Surgical Mask)၊ မျက်နှာအကာ(Face Shield)၊ ရင်ကာအင်္ကျီ (Surgical Gowns)၊ လက်အိတ် (Glove))ကို သေချာစွာ မဖြစ်မနေဝတ်ဆင်၍ 1:50 Hypochlorite Solution (1,000 ppm) (၁)ဆနှင့် ရေ (၂၀)ဆ ရောနှောထားသောဆေးရည်ဖြင့် နာရီဝက်(မိနစ် ၃၀)စိမ်ပြီးမှ အဝတ်လျှော်စက် အသုံးပြုလျှော်ဖွပ်ရမည်၊ မျက်နှာသုတ်ပဝါ၊ စောင်၊ အိပ်ယာခင်း၊ ခေါင်းအုံးစွပ်များကို အရေးပေါ် အခြေအနေမှလွဲ၍ (၃)ရက်ခန့် (၁)ကြိမ်သာ လျှော်ဖွပ်ရမည်။ 
    (ဆ)    ဧည့်သည်(သို့မဟုတ်)Quarantineပြုလုပ်ခြင်းခံရသူမှ နေထိုင်မကောင်းဖြစ်ကြောင်း (သို့မဟုတ်) ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာတစ်ခုခု ခံစားနေရကြောင်း အကြောင်းကြားလာပါက သက်ဆိုင်ရာကျန်းမာရေးဌာနသို့ ဆက်လက်၍ ချက်ချင်းသတင်းပေးပို့ရမည်။
    (ဇ)    ထပ်မံ၍ အသစ်ဝင်ရောက်မည့်သူအား ဝင်ရောက်ခွင့်မပြုမီ အခန်းသန့်ရှင်းရေးအနေဖြင့် အခန်း၏ ကြမ်းခင်းများနှင့် အခြားမျက်နှာပြင်များကို ပိုးမွှားသန့်စင်စေရန် 1:50 Hypochlorite Solution (1,000 ppm) ဆွတ်ထားသောအဝတ်ဖြင့် သေချာစွာသုတ်ပြီး (၁၀) မိနစ်ထားရမည်။ ထို့နောက် ရေဝတ်ဖြင့် ထပ်မံသုတ်ရမည်။
    Community Based Facility Quarantine များရှိ တာဝန်ရှိသူများအနေဖြင့် ဒေသဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများ၊ စေတနာ့ ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ Community Based Facility Quarantine ဝင်ရောက်မည့်သူများအား ခရီးသွားရာဇဝင်ပေါ်မူတည်၍ သာမန်အားဖြင့် (၁၀)ရက်တိတိ အသွားအလာ ကန့်သတ်နိုင်ရန်ဆောင်ရွက်ခြင်း၊ သတ်မှတ်ထားသောနေရာများတွင်သာ နေထိုင်ခြင်းရှိ/မရှိ စောင့်ကြပ် ကြည့်ရှုခြင်းနှင့် အလှူရှင်များကိုလိုအပ်သည့်အကာအကွယ်များဖြင့် သတ်မှတ်ထားရှိသည့်နေရာများ၌သာ ဝင်ရောက်စေခြင်း စသည်တို့ကို အချိတ်အဆက်ထိမိစွာ ပူးပေါင်း၍ ဆောင်ရွက်ရမည်ဖြစ်ပါသည်။