မြန်မာနိုင်ငံလွတ်လပ်ရေးရရန် ခြောက်လခန့်သာ လိုတော့သည့် အချိန်။ ၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရပြီး နောက် ဖြစ်ပေါ်လာမည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေး လမ်းညွှန်ပြဋ္ဌာန်းချက်များကို အဆိုတင်သွင်းဆွေးနွေးခဲ့သည်။ ယင်းနောက် ဇူလိုင် ၁၃ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေးကြီး ၌ လွတ်လပ်ရေးကို တစ်နှစ်အတွင်းရရှိရန် အာမခံကြောင်းနှင့် လွတ်လပ်ရေးရပြီးနောက် လွတ်လပ်ရေးနှင့်ထိုက်တန်အောင် အလုပ် ကြိုးစားလုပ်ကြစေလိုကြောင်း ပြောကြားခဲ့ရာ ၎င်းမိန့်ခွန်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်းဖြစ်ခဲ့သည်။
ဗိုလ်ချုပ်၏ နောက်ဆုံးမိန့်ခွန်းတွင် နိုင်ငံပြန်လည်ထူထောင်ရေး ကြိုးပမ်းအလုပ်လုပ်ကြရန်အတွက် ‘‘အဲဒီတော့ ပဒေသာပင်ဟာ မြေက ပေါက်လာမှာ မဟုတ်ပါဘူး။ ပဒေသာပင်ပေါက်အောင်ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှဖြစ်မယ်ဆိုတာ ခင်ဗျားတို့ နားလည် စေချင်တယ်။ အဲဒီတော့ လွတ်လပ်ရေး ရပင်ရသော်ငြားလည်း လွတ်လပ်ရေးရဲ့ တာဝန်တွေကို ကျွန်တော်တို့က မထမ်းဆောင်ချင် ဘူးဆိုရင် ခင်ဗျားတို့ရတဲ့ လွတ်လပ်ရေးဟာ ဒီကနေ့ရပြီး မနက်ဖြန်ခါ တခြားလက် ပြန်ပါသွားမှာပဲဆိုတာ ခင်ဗျားတို့ သိစေချင်တယ်’’ ဟူ၍ ပြောကြားခဲ့သည်။
အလုပ်လုပ်ရာတွင်လည်း သာမန်မျှလုပ်နေရုံဖြင့် ကမ္ဘာ့နိုင်ငံ များနှင့် ရင်ပေါင်တန်းနိုင်သည့်အခြေအနေသို့ ရောက်ရှိနိုင်မည် မဟုတ်သည့်အတွက် “ကျွန်တော်တို့က တကယ်ပဲ သုညကစပြီး အကုန်လုံးပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ်လုပ်ရမှာဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင်၊ တခြားလွတ်လပ် တဲ့ နိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင် ကျွန်တော်တို့က ခြေလှမ်း ၄၊ ၅၊ ၁၀ လှမ်း လှမ်းလိုက်နိုင်မှ၊ အဲဒီလိုလိုက်နိုင်တဲ့ အခါကျမှ နောက် ၁၀ နှစ်၊ အနှစ် ၂၀ တန်သည်အားဖြင့် အဲဒီလို တန်းတူညီတူ ဖြစ်သွားမယ်” ဟူ၍လည်း ထည့်သွင်းမိန့်ကြားခဲ့သည်။
သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများ လူမသမာတို့၏ လက်ချက်ကြောင့် ကျဆုံးခဲ့ရပြီးနောက် လွတ်လပ်သည့် မြန်မာနိုင်ငံဘဝသို့ ရောက်ခဲ့သော်လည်း ဗိုလ်ချုပ် ရှိစဉ်က ရရှိခဲ့သည့် တစ်ခဲနက်သော စည်းလုံးညီညွတ်မှုတို့ ပျောက်ကွယ်ခဲ့ရသည်။ သံသယများ၊ အငြိုးအာဃာတများ၊ အယူဝါဒ ပေါင်းစုံနှင့် လိုလားချက်ပေါင်းစုံတို့စုပြုံကာ လက်နက်စွဲကိုင် တိုက်ခိုက်မှုများ နိုင်ငံတစ်ဝန်း၊ ဒေသများစွာတို့တွင် ပေါ်ပေါက်ခဲ့ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်သို့ မရောက်ရှိခဲ့။ တိုင်းရင်း သားအချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သားလူထုညီညွတ်ရေး တို့ကို ဗိုလ်ချုပ်က တဖွဖွမှာကြားခဲ့သော်လည်း နယ်ချဲ့တို့ စနစ်တကျ ချထားရစ်ခဲ့သည့် သံသယမျိုးစေ့တို့က အပင်ပေါက်ခဲ့သည်။ ယခု ဆိုလျှင် နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်း ရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်သူလူထုညီညွတ်ရေးတို့အတွက် ဆောင်ရွက်ဖွယ်ရာတို့က ခေတ်ပြိုင်မျိုးဆက်တို့၏ ပခုံးထက်တွင် ကြီးမားလေးလံစွာ တင်ရှိနေဆဲ။
ကမ္ဘာ့အလယ်တွင် ရင်ပေါင်တန်းနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိလာစေရန်မှာ မိမိတို့တွင် အင်အားရှိဖို့လိုသည်။ ယင်း အင်အားသည် အခြားမည်သည့်နေရာတွင်မှမရှိ ပြည်တွင်းမှာသာ ရှိသည့် အင်အားဖြစ်သည်။ နိုင်ငံ့အင်အားကို တည်ဆောက်နိုင်ရန် အတွက်မှာ စည်းလုံးညီညွတ်ရန်နှင့် စည်းကမ်းရှိရန် လိုအပ်သည်။ ‘‘ရှေ့ကို လွတ်လပ်ရေးအရသာကို ခံစားစံစားချင်တယ်ဆိုရင် အလုပ် လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ အခုကတည်းက ခင်ဗျားတို့ ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေကို ပြင်ကြဖို့လိုပြီဆိုတာ ကျွန်တော် ကနေ့ပြောခဲ့ချင်တယ်’’ ဟူသော ဗိုလ်ချုပ်၏နောက်ဆုံး မိန့်မှာချက်သည် ယနေ့ထက်တိုင်လည်း မိမိတို့နိုင်ငံတွင် လိုအပ်နေ ဆဲသာ ဖြစ်ပါကြောင်း။ ။