ဒယ်လ်တာဗီဇပြောင်း ကိုရိုနာပိုးမျိုးကွဲသစ်သည် ကျန်ဗီဇပြောင်း မျိုးကွဲပိုးသစ်များထက်ပို၍ ကမ္ဘာ့နိုင်ငံများစွာတို့ကို အကြီး အကျယ် ဒုက္ခပေးလျက်ရှိသည်။ မူလ ကိုဗစ်- ၁၉ ထက် အဆပေါင်းများစွာ ပို၍ဆိုးရွား ပြင်းထန်သွားပြီဖြစ်သော ပိုးကြောင့် ရောဂါကူးစက်ပျံ့နှံ့မှု အဆများစွာမြင့်တက်သွားခဲ့ရာရောဂါကာကွယ်မှု၊ ကုသမှုနှင့် ယုတ်စွအဆုံး သေဆုံးသူများကို သင်္ဂြိုဟ်သည့် အရေးကိစ္စများအထိ မူလကရှိနေသည့် အရင်း အမြစ်များနှင့် လုံလောက်မှုမရှိတော့သည့်အတွက် မမြင်သင့်၊ မမြင်အပ်ရာ မြင်ကွင်းများ တွေ့မြင်လာရသည်။
ဆေးရုံခုတင်များ လုံလောက်မှုမရှိတော့ခြင်း၊ ဆရာဝန်၊ သူနာပြုအင်အားမလုံလောက်ခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်း လိုအပ်ချက်များ ရုတ်တရက်မြင့်တက်လာခြင်း၊ ကုသရေးစင်တာ များတွင် လူနာသစ်များ ထပ်မံလက်ခံနိုင်စွမ်းမရှိတော့ခြင်းတို့ ဖြစ်ပေါ်လာသည်။ အစိုးရ၏ နိုင်ငံတော်အဆင့် ကျန်းမာရေးစနစ် ထက် ကပ်ရောဂါက ကျော်လွန်သွားသည့်အခါ ရောဂါကူးစက်ခံ ရသူများမှာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြင်ပတွင် ကုသကြရသည့် အတွက် ဆေးဝါး၊ ဓာတ်စာ၊ အောက်ဆီဂျင် စသည်တို့ကို ပြင်ပတွင် ရှာဖွေကြရသည်။ ထိုအခါ လိုအပ်ချက်ကြောင့် ဝယ်လိုအား ရုတ်တရက်မြင့်တက်လာရာ သာမန်ဖျားနာပျောက် ဆေး၊ အကိုက်အခဲပျောက်ဆေးမှအစ အခြားဆေးဝါးများနှင့် ကြက်ဥ၊ ပင်စိမ်းရွက်၊ ခွေးတောက်ရွက်တို့အထိ ဈေးနှုန်းတို့ မြင့်တက်လာသည်။ အောက်ဆီဂျင်အိုးနှင့် အောက်ဆီဂျင်ရှူသည့် စက်များဆိုလျှင်လည်း သေရေးရှင်ရေးမို့ ဈေးကြီးပေးဝယ်ယူကြ ရပြီး လူနာရှင်တို့ အရေးတကြီး အပူတပြင်း ဖြစ်နေကြချိန်တွင် မသမာသူတို့က လိမ်လည်မှုများ ပြုနေကြသည်ဟုလည်း သိရ သည်။
ရန်ကုန်မြို့ကဲ့သို့ လူနေထူထပ်သော စီးပွားရေးမြို့တော်ကြီး တွင် ကူးစက်ခံရသူအရေအတွက် များပြားသလို သေဆုံးမှုနှုန်း လည်း မြင့်မားခြင်းကြောင့် သုသာန်များတွင် နေ့စဉ် သင်္ဂြိုဟ် မှုလုပ်ငန်းများကို မူလရှိသည့် ဝန်ထမ်းအရေအတွက်၊ မီးသင်္ဂြိုဟ် စက်အရေအတွက်တို့ဖြင့် မနိုင်ဝန်ထမ်းနေရသည့် အခြေအနေ အထိ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများ ထပ်မံအင်အားတိုးမြှင့်ကာ ၂၄ နာရီ အလုပ်လုပ်နေကြရကြောင်း၊ လူနာများ သယ်ပို့သည့် လူမှု ကူညီရေးပရဟိတအဖွဲ့အစည်းများမှာလည်း လွန်စွာပင်ပန်းစွာ ဆောင်ရွက်နေကြရကြောင်းကိုလည်း သတင်းများတွင် တွေ့မြင် ကြရသည်။ ကိုဗစ်-၁၉ ရောဂါပိုး မျိုးကွဲသစ်ကြောင့် ဖြစ်ပေါ်လာ သည့် အခက်အခဲများနှင့် ပြည်သူလူထုအတွင်း စိုးရိမ်ပူပန်မှု၊ ထိတ်လန့်ချောက်ချားမှုတို့ မြင့်တက်လာနေချိန်တွင် မသမာသူ တို့က တစ်ပူပေါ် နှစ်ပူဆင့်စေရေးနှင့် မီးလောင်ရာလေပင့် သည့်လုပ်ရပ်များ၊ ကောလာဟလထုတ်လွှင့်မှုများကို ပြုလုပ် လျက်ရှိကြသည်။ ဝိသမလောဘသားတို့ကလည်း နှာခေါင်းစည်း၊ လက်အိတ်မှသည် ဆေးဝါးနှင့် အောက်ဆီဂျင်အိုးအထိ ဈေးနှုန်း ကို အဆများစွာမြှင့်တင်ကာ အရှက်အကြောက်ကင်းမဲ့စွာ ရောင်းချနေကြသည်။
ကပ်ရောဂါ အရှိန်မြင့်တက်နေချိန်တွင် ပြည်သူများအတွက် လိုအပ်သည့် သတင်းအချက်အလက်များကို ရပ်ကွက်ကျေးရွာ အဆင့်အထိ အချိန်နှင့်တစ်ပြေးညီ မှန်မှန်ကန်ကန် မြန်မြန် ဆန်ဆန်ရရှိရေး၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမှန်မှန် ကန်ကန်နှင့် သက်သက်သာသာ လိုအပ်သလိုရရှိရေး၊ ရောဂါ ကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေး နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရေး၊ လူမှုရေးအကူအညီ လိုအပ်နေသူများကို အကူအညီပေးရေးတို့ကို သက်ဆိုင်ရာဌာန များ၊ အသင်းအဖွဲ့များနှင့် ပြည်သူများ၏ ပူးပေါင်းအင်အားများဖြင့် လျင်လျင်မြန်မြန် ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်သည်ဟု ရှုမြင်မိပါကြောင်း။ ။