ထူးမြတ်ကြည်ညို လမြတ်ဝါဆို

Type

ရွှေတိုင်လွင်

=====

 

ဝါဆိုလသည် မြန်မာနှစ် တစ်ဆယ့်နှစ်လရာသီဝယ် စတုတ္ထမြောက် ကရကဋ်ရာသီတွင်းသက်ဆင်းသော မိုးဦးကာလပင် ဖြစ်သည်။ မိုးများရွာသွန်းခြင်းကြောင့် နွေရာသီတစ်လျှောက် ပူပြင်းလာခဲ့သောအပူရှိန်တို့ မှေးမှိန်ကာ အေးစိမ့်သောအအေးဓာတ်တို့   လွှမ်းမိုး လာခြင်းကြောင့်  လူသားတို့ အလွန်နှစ်သက်သော လပင်ဖြစ်ပေသည်။   သာယာစိုပြည်သော   တော တောင်ရေမြေတို့ဝယ် စိမ်းလန်းစိုပြည်စွာ တွေ့မြင် ရခြင်းကြောင့် အလွန်မှနှစ်လိုဖွယ်ရာလပင် ဖြစ်ပါ သည်။ 


ဝါဆိုလသည် ကရကဋ်ရာသီခွင် သက်ဆင်း သော ပုစွန်တာရာသောက်ရှူးလျက်၊  ပုန္နဖုသျှူ၊ ဖုသျှ၊   အဿလဿနတ်က္ခတ်တို့က ဝန်းရံလျက် ရာသီပန်းမှာ ပုန်းညက်ပန်းတို့ တင့်တယ်ဝေဆာ နေသလို   မိတ်ဖက်ပန်းများအဖြစ်    မြတ်လေးပန်း၊ ဝါဆိုပန်းတို့ကလည်း ဝါဆိုချိန်ခါမီ ဝေဆာလျက် ရှိပါပေသည်။ 


ဗုဒ္ဓမြတ်စွာဘုရား၏    ဗုဒ္ဓဝင်နေ့များဖြစ်သည့်   သန္ဓေ၊ တောထွက်၊  ဓမ္မစက်ဆိုသည့်     ဗုဒ္ဓမြတ်စွာ လောင်းလျာ  သန္ဓေယူသောနေ့၊ နိမိတ်ကြီးလေးပါး တွေ့မြင်ကာ    သံဝေဂရပြီး     တောထွက်သောနေ့၊ ဘုရားစင်စစ်ဧကန်ဖြစ်ပြီး           ပဉ္စင်းခံပွဲများကို    ဤလရာသီဝယ် ခြိမ့်ခြိမ့်သဲဆင်နွှဲကြခြင်း ဝါဆိုပန်း ခူးခြင်းတို့မှာ    စဉ်လာမပျက်   ဝါဆိုပွဲများအဖြစ် ကျင်းပကြလေသည်။ 


ငါးပါးဝဂ္ဂီတို့မှာ အာသဝေါတရားကင်းသွား


ဗုဒ္ဓမြတ်စွာဘုရားသည်   ဝါဆိုလပြည့်နေ့ဝယ် အလွန်ကြီးကျယ်များပြား နတ်ဗြဟ္မာတို့၏အလယ် တွင် ငါးပါးသောပဉ္စဝဂ္ဂီများဖြစ်သည့်  ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ မည်သောထေရ်ရှင်  ငါးပါးတို့အား အမှူးထားကာ ဓမ္မစကြာတရားတည်း ဟူသော အယုတ်တရား၊ အမြတ်တရား၊ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊  မဂ္ဂသစ္စာတည်းဟူ သော လေးပါးသောသစ္စာတရားများကို    ဟောကြား သွန်သင်ဆုံးမသောကြောင့်     နတ်ဗြဟ္မာတို့သည် ကုဋေနှင့်ချီကာ  မရေမတွက်နိုင်အောင်   ကျွတ်တမ်း ဝင်ကြလေပြီးလျှင် ငါးပါးဝဂ္ဂီတို့မှာ အာသဝေါတရား ကင်းသွား၍ ရဟန္တာကြီးများ ဖြစ်ကုန်ကြလေသည်။ သို့ပါ၍     ထိုဝါဆိုလပြည့်နေ့အား    ထူးမြတ်ပေ သည်ဟူ၍ တင်စားရပါပေမည်။ 


ပဉ္စင်းခံပွဲများ ထိန်ထိန်တောက်မျှ  ကျင်းပ


ဤလကို  ရှေးမြန်မာစာဆိုရှင်ကြီး   တိုင်တား မြို့သူကြီးဖက်က     ဖွဲ့ဆိုထားပုံမှာ    “လောင်းယုံ ရင့်မြေညာမှာ   ရွှေသာနာပြည်မှု     မြတ်ပဉ္စင်းရှင် တောင်ပြုငယ်နှင့် နန်းဗိုလ်ရှုခံချိန် ဝါဝါဆို သံထူးလို့ လျှံမြူးတဲ့ လျှပ်နွယ်ရောင်ရှိန်” ဟူ၍ ဖွဲ့ဆိုထားသည် မှာ သာယာအေးမြသော မြေကမ္ဘာဝယ် ပဉ္စင်းခံရှင်ပြု ပွဲတွေမှဖြင့်   ရွှေရောင်တမျှဝင်းပလျက်    သာသနာ အရောင်အဝါ            ထွန်းလင်းလျက်ရှိပါပေသည်။ နန်းရင်ပြင် ဗိုလ်ပရိသတ်အလယ်မှာလည်း ပဉ္စင်း ခံပွဲများကို  ထိန်ထိန်တောက်မျှ  ကျင်းပခဲ့သည်ကို ဖွဲ့ဆိုထားပါ၏။ ဝါဆိုလ၏ ထူးခြားချက်မှာ မိုးသံ လေသံနှင့်အတူ လျှပ်စီးများက တဖျပ်ဖျပ်တောက်ပ လျက်ရှိပေသည်ဟု   ဖွဲ့ဆိုထားခြင်းမှာ    ဝါဆိုလ၏ ရှစ်ခွင်မှိုင်းနေသော မိုးဝသန်ကြောင့် အလွမ်းဓာတ်ခံ ရှိသူတို့မှာ   လွမ်းဖွယ်ရာ   လတစ်ပါး   ဖြစ်နေပါပေ သည်။


မဟာအတုလမင်းကြီး၏ ဆယ့်နှစ်လရာသီဘွဲ့ လွမ်းချင်းများထဲမှာ    ဝါဆိုလလွမ်းချင်းကလည်း ဤသို့ဖွဲ့ဆိုထားပါလေ၏။ 
“ကိုးခွင်ငယ်မှိုင်းပါလို့  မြင်တိုင်းမှာတဲ့ မဲညို လဲ့လဲ့ငယ်ဆို    ယုဂန္ဓိုရ်တောင်မဟာက   ပြုဗ္ဗာသာဠ် နရိန္ဒာလဲ ညာတောင်နတ်နှင့် ဖိုလ်ကြယ် နိဗ္ဗူအောင် ဆုယူလို့     ရှစ်ဖြူရိပ်စံ     ပဉ္စင်းတော်ခံသောအခါ ရေလျှံတဲ့ဝါဆိုမှာ    ပုန်းညက်ညို    မာလာမင်းက သင်းလှတယ်လေး” ဟူ၍ ဖွဲ့ဆိုထားမှု မြန်မာမှုကို ပိုမိုပုံပေါ်လာစေပါသည်။ 


ဝါဆိုဝါကပ်ခြင်း


ဒီနေရာတွင် ဆရာအတုလမင်းကြီးက အလွန် အကျူးဖွဲ့ဆိုတင်စားထားပုံမှာ အရပ်ရှစ်မျက်နှာကို တစ်ခုပိုကာ  ကိုးခွင်ဟူ၍   အလွန်အကျူးဖွဲ့ဆိုထား ပါသည်။    အရပ်မျက်နှာတိုင်းမှာ     မှိုင်းအုံ့ကာ မြင်သမျှတို့သည် တိမ်မဲညိုများက ရွာသွန်းတော့မည့် ဟန်ဆင်ထားကြလေသည်။ ထိုအချိန်တွင် ယုဂန္ဓိုရ် တောင်၌   ပြုဗ္ဗာသာဠ်ကြယ်က  ထွန်းလင်းလျက် ရှိနေပုံ     ဆင်တာရာကလည်း     မိတ်ဖက်အဖြစ်    ထွန်းတောက်လျက်ရှိပုံ         ကရကဋ်ရာသီတွင်း သက်ဆင်းကာ မိုးနတ်မင်းသည် အနောက်တောင် တစ်ခွင်လုံး   အုံ့မှိုင်းပြာညိုကာဖြင့် လွမ်းစရာပင် ဖန်လာသကဲ့သို့ အလွမ်းစိတ်တို့အား    ပယ်ဖျက်ကာ     မိမိတို့၏ ဆံကေသာကို ရှင်းလင်းကာ နိဗ္ဗာန်ကို ရည်မှန်းလျက်   ပဉ္စင်းတော်ခံသည့်    ဤလသည်    ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဟူသော   စကားအတိုင်း  ရေမှာ ရွာသွန်းသော အပေါ်မိုးရေနှင့်ပင်   လယ်ကွင်း ပြင်တစ်လျှောက်   ရေများဖွေးလျက်   ရှိနေပါတော့ သည်။    ယင်းဝါဆိုလတွင်     ဝါဆို ဝါကပ်ခြင်းအမှုကို မြန်မာဗုဒ္ဓဘာသာဝင်တို့    အလေးအမြတ်ထားကာ ပြုလုပ်သောဓလေ့မှာ ရှေးယခင်ကတည်းက   ရှိခဲ့ ကြသည်ဆိုသည်ထက်  မြတ်စွာဘုရားရှင်လက်ထက် တော်မှာကတည်းက ရှိခဲ့ပါလေသည်။     ဝါဆိုလပြည့် ကျော်  ၁   ရက်နေ့ဖြစ်စေ၊    ဝါခေါင်လပြည့်ကျော်    ၁ ရက်နေ့ဖြစ်စေ ဝါဆိုဝါကပ်ကြရမည်ကို ဂေါတမ ဘုရားရှင် ကိုယ်တော် မြတ်က မိန့်မှာထားပါပေသည်။ ထို့ကြောင့်   ဗုဒ္ဓ၏ဘုရားစင်စစ်   ဓမ္မစကြာတရား ဟောသောနေ့ကို   အထူးအမြတ်ထားသည့်အနေဖြင့် ဝါဆိုပွဲတော်အား  ကျင်းပရခြင်းကိုလည်း    လေ့လာ တွေ့ရှိရပါသည်။ 


မြန်မာတို့၏     တစ်ဆယ့်နှစ်လရာသီတွင် ဤဝါဆိုလကို  ထူးမြတ်လှပေသည်ဟု   ဖော်ညွှန်း တင်ပြရပါလျှင် သစ္စာလေးပါးတရားဟောကြားခြင်း အပေါ်   ဝေနေယျာတို့ အလေးအနက်ထားလျက်၊ ဝါဆိုလပြည့်နေ့ဝယ် အထူးအမြတ်ထားကာ   ဗုဒ္ဓ မြတ်စွာကို    ရည်စူးလျက်     သာယာစိုပြည်သည့် ပြည့်စုံအေးချမ်းသောနေ့ကို ဝါဆိုလပြည့်တည်းဟူ၍ လေးစားစွာ ဖြည့်ဆည်းရေးသား  ပူဇော်လိုက်ရပါ တော့သည်။     ။
n