ကောလာဟလမမှန်သတင်းစကား သတိထား

ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်းအမိန့်ကို ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း သိရှိခဲ့ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် လတ်တလောဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ကုသနိုင်ရေးအတွက်လည်းကောင်း၊ သက်ဆိုင်ရာတရားရုံးများတွင် စွဲဆိုထားသည့် ပြစ်မှုများအတွက် တရားစွဲဆိုခံရသူများအား ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များကြောင့် ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိသဖြင့် ချုပ်ရက်များ ရှည်ကြာနေသဖြင့်လည်းကောင်း အချို့သောပြစ်မှုဖြင့် စွဲဆိုခံရသည့် နိုင်ငံသားများ အား သက်ညှာစွာစဉ်းစားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမှုများ ပိတ်သိမ်းခြင်းအမိန့် ထုတ်ပြန်ခဲ့သည်။ ဤအမိန့်သည် အကျဉ်းထောင်၊ အချုပ်များတွင် တရားစွဲဆိုခြင်းခံထားရသူများ အားလုံးကို အမှုပိတ်သိမ်းခြင်းမဟုတ်ပေ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ယင်းနေ့မတိုင်မီက ဤအမိန့်ကြေညာချက်တွင် ဖော်ပြထားသော ပြစ်မှုတစ်ခုခုဖြင့် သက်ဆိုင်ရာတရားရုံးများတွင် စွဲဆိုခံရသည့် ပြစ်မှုဆိုင်ရာ အမှုများအားလုံးကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင် မြန်မာနိုင်ငံ၌ ရာဇဝတ်ပြစ်မှုကျူးလွန်သူများ ယခင်ထက် ပိုမိုတိုးပွားများပြားလာရာ လူစုလူဝေးရှိသည့် အကျဉ်းထောင်၊ အချုပ်ခန်းများတွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ ကုသရေးကို ထည့်သွင်းစဉ်းစားလာရသည်။ ထို့အပြင် သက်ဆိုင်ရာတရားရုံးများတွင် စွဲဆိုထားသည့် ပြစ်မှုများအတွက် တရားစွဲဆိုခံထားရသူများမှာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များကြောင့် ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိပေ။ ထို့ကြောင့် အမှုရင်ဆိုင်နေရသူများမှာ ချုပ်ရက် များရှည်ကြာနေပြီး နစ်နာမှုများဖြစ်ပေါ်နေသည်။ ယင်းအခြေအနေများကြောင့် တရားစွဲဆိုခံထားရသော နိုင်ငံသားများအား သက်ညှာစွာစဉ်းစားပြီး အမှုများကို ပိတ်သိမ်းပေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ခဲ့ခြင်းအပေါ် မမှန်သတင်းစကား များဖြင့် အမျိုးမျိုးအဖုံဖုံ ပြစ်တင်ဝေဖန်ပြောဆိုမှုများရှိလာမည်မှာ သေချာပါ သည်။ ယခုအခါတွင် ဤအမှုကိစ္စသာမက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြုလုပ်သည့် ကောင်းသောအမှုကိစ္စမှန်သမျှတို့၌လည်း မမှန်သောသတင်းစကား၊ မှားယွင်းသော ကောလာဟလစကားတို့ဖြင့် ပြည်သူများ ထင်ယောင်ထင်မှား ဖြစ်အောင် ဖျက်လိုဖျက်ဆီး ပြုလုပ်နေကြသည်ကို တွေ့ရသည်။ ယခုအချိန်အခါတွင် မြန်မာနိုင်ငံ၌ ကပ်ရောဂါဘေးကျရောက်လျက်ရှိရာ ပြည်သူ များ ရောဂါဘေးကင်းဝေးရေးကို ဝိုင်းဝန်းကူညီရမည့်အစား မမှန်သတင်းစကား၊ ကောလာဟလများဖြင့် ဖျက်လိုဖျက်ဆီး ဝိုင်းဝန်းပြုလုပ်နေကြသည်ကို တွေ့ရ သည်။ ယခုအချိန်အခါ၌ နိုင်ငံတိုင်းနိုင်ငံတိုင်း ကပ်ရောဂါဖြစ်ပွားမှု တိုးပွားနေသည်ကို သိရှိကြပြီးဖြစ်ရာ မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားအောင် တမင်တကာပြုလုပ်နေခြင်းဖြစ်ကြောင်း၊ အကျဉ်းသားများကို ပြန်လွှတ်ပေး၍ အဖျက်လုပ်ရပ်များ ပြုလုပ် ရန် ကြံဆောင်နေကြောင်း၊ ကျန်းမာရေးစနစ်ယိုင်လဲ၍ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု မပြုလုပ်ပေးနိုင်တော့ကြောင်း စသည်ဖြင့် မမှန် သတင်းစကားများ၊ အများပြည်သူ စိုးရိမ်ထိတ်လန့်ဖွယ် ကောလာဟလသတင်း စကားများကို လူမှုကွန်ရက်စာမျက်နှာများပေါ်မှ သတင်းထုတ်လွှင့်မှုများ၊ သတင်းစကားများ အမျိုးမျိုးပြုလုပ်နေကြသည်ကို တွေ့ရပေသည်။ မြန်မာနိုင်ငံကို ဖျက်လိုဖျက်ဆီး ပြုလုပ်နေကြသော ပြည်ပအခြေစိုက် မြန်မာ နိုင်ငံသားများ ဆောင်ရွက်နေသည့် သတင်းမီဒီယာများသည် မိမိတို့လိုက်နာ ဆောင်ရွက်ရမည့် သတင်းမီဒီယာကျင့်ဝတ်များကို မျက်ကွယ်ပြု၍ မမှန်သတင်း စကားများ တွင်တွင်ဖြန့်ဝေနေကြသည်ကို တွေ့မြင်နေရသည်။ သတင်းအရင်း အမြစ်ကို သေချာစွာစိစစ်ခြင်းမရှိဘဲ မှန်လျှင်တစ်ဆိတ်ကို တစ်အိတ်လုပ်၊ မမှန်လျှင် စိုးရိမ်ထိတ်လန့်အောင် ချဲ့ကားသတင်းထုတ်၊ မရေရာသော အချက်အလက်များကို စိတ်ကူးယဉ်ပုံဖော်ဇာတ်လမ်းထုတ်လုပ်ကာ တိုင်းပြည်အလုံးစုံ ပျက်စီးသွားရေး အထိ တစိုက်မတ်မတ်လုပ်ကိုင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်သူလူထု အတွင်း၌လည်း ပါတီတစ်ခုကိုအကြောင်းပြု၍ မမှန်သတင်းများ၊ ကောလာဟလ သတင်းများကို အမုန်းအာဃာတတရားကြီးမားစွာဖြင့် ဖြန့်ဝေနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ကမ္ဘာ့ကပ်ရောဂါနှင့် ကြုံတွေ့နေရချိန်တွင် လုပ်ကြံသတင်းများ၊ သတင်း မှားများ၊ ပုံဖျက်သတင်းများ၏ ခြိမ်းခြောက်မှုများသည် လွန်စွာကြီးမားခဲ့သည်။ ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် မိုဘိုင်းအသုံးပြုမှု များလာ သည်နှင့်အမျှ နောက်ဆက်တွဲဂယက်များဖြစ်သည်ဟု သုံးသပ်နိုင်သည်။ သို့ဖြစ်ရာ ယခုကဲ့သို့သောအခြေအနေတွင် ပြည်သူများအနေဖြင့် ကောလာဟလနှင့် မှန်ကန်မှုမရှိသော သတင်းများကို သတိဖြင့် ချင့်ချိန်ဖတ်ရှုသင့်ပေသည်။ သတင်းတု၊ ကောလာဟလနှင့် သတင်းအစစ်၊ မှန်ကန်သောသတင်းများကို ခွဲခြားသိမြင်နိုင်သော ဆင်ခြင်နိုင်သည့် နည်းလမ်းဖြင့် မိမိနှင့်မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံကောင်းကျိုးအတွက် ရှေးရှုသင့်ပါကြောင်း။ ။