ကျောပိုးအိတ်လေးကို ချီကာလွယ်ခဲ့သူ

Type
1

 

တာရာ

(ယမန်နေ့မှ အဆက်)  


စာရေးသူက “အန်တီစန်းသည် လက်မထပ်ခင်ကပင် နိုင်ငံအတွက်   ထိုသို့သော   လိုက်လျောမှုများကို ပြုခဲ့ရသည်မဟုတ်၊ စစ်သားတစ်ယောက်၏ ဇနီး၊ စစ်တိုက်ထွက်နေသော  ယောက်ျားတစ်ယောက်၏ ဇနီးမယားဘဝ၊    နိုင်ငံကပေးအပ်သော   တာဝန် ထမ်းဆောင်ရသော မင်းခယောက်ျားတစ်ယောက်၏ ဇနီးမယားအနေနှင့် နှစ်ပေါင်း ၆၀ ကြာမျှ ချစ်မြတ် နိုးစွာဖြင့်  လိုက်လျောမှုများကို  ကျွန်တော့်အား ပေးအပ်ခဲ့ပါ၏ ” ဟု ဇနီးသည်၏ နားလည်ပေးနိုင်မှု၊ လိုက်လျောမှုများကို   အသိအမှတ်ပြုထည့်သွင်း ဖော်ပြထားရာ     သစ္စာတရားကို   အလေးအနက် မထားတော့သည့်  ယနေ့ခေတ်အတွက်  အားကျ အတုယူဖွယ်ဖြစ်သည်။
တပ်မတော်သားတစ်ဦးအဖြစ် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှသည် ဧရာဝတီ တိုင်း၊  ထိုမှတစ်ဖန်  ပဲခူးရိုးမပေါ်သို့ ခြေချခဲ့ရပြန် သည်။

ထို့နောက်တွင်   အရှေ့တောင်  တိုင်းစစ် ဌာနချုပ် တိုင်းမှူးအဖြစ်  တာဝန်ထမ်းဆောင်ခဲ့သည်။ ပေးအပ်ထားသည့်တာဝန်များကို  ဗုံးသံ၊ အမြောက် သံ၊ သေနတ်သံများအကြားတွင် ကိုယ့်နိုင်ငံ၊ ကိုယ့် လူမျိုးအတွက်  ရင်မြေကတုတ်ပြုလျက် သေနတ် ကိုင်   တာဝန်ထမ်းဆောင်ရင်း   အနှစ် ၆၀ ကျော် ဖြတ်သန်းခဲ့သည့်   အတွေ့အကြုံများ၊  လုပ်ဖော် ကိုင်ဖက်ညီနောင်  စစ်သည်တို့၏  စစ်ရေးစစ်ရာ တိုက်ရည်ခိုက်ရည်များ အကြောင်းကိုလည်း အသိ အမှတ်ပြုဂုဏ်ယူကာ    ကဏ္ဍတစ်ခုအနေဖြင့် ရေးသားထားသည်။


စိတ်စေတနာကို တွေ့မြင်ရ


စာအုပ်တွင် ထိုခေတ်ထိုအခါ မြန်မာ့လွတ်လပ် ရေးရယူရန်   ကြိုးပမ်းစဉ်က  မြန်မာလူငယ်တို့၏ ရည်မှန်းချက်၊ မျှော်လင့်ချက်၊ လွတ်လပ်လိုသည့် စိတ်ဓာတ်၊ တစ်ဦးကို တစ်ဦး  ကူညီရိုင်းပင်းသည့် စိတ်ဓာတ်များကို ဖော်ကျူးရေးဖွဲ့ထားရာ   ယနေ့ ခေတ်လူငယ်များအနေဖြင့် သမိုင်းထဲမှ သင်ခန်းစာ ရယူစေလိုသည့်   စာရေးသူ၏  စိတ်စေတနာကို ရိုးရှင်းစွာတွေ့မြင်ရသည်။


ထို့ပြင် စာရေးသူသည်   သူခဏတာ တာဝန် ထမ်းဆောင်ခဲ့သော ကျောက်ဖြူနှင့်  နယ်စပ်ဒေသ များကို မမေ့နိုင်သည့်အတွက် မှတ်မှတ်ရရထူးထူးခြားခြားဖြစ်ရပ်ဆန်းများ၊  ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးအတွက်     သမားရိုးကျ   မဟုတ်သော စစ်ဆင်ရေး ဆင်နွှဲခဲ့ရပုံများ၊ ၁၉၆၉ ခုနှစ်တွင် အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဘဝဖြင့် ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊  တနင်္သာရီတိုင်းဒေသကြီး စသည့်   ဒေသတစ်ခုလုံး၏  စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး၊ လုံခြုံရေး၊ အေးချမ်းသာယာရေးတို့အတွက် ဆောင်ရွက်ခဲ့ရပုံများကို အချိတ်အဆက်မိမိ လိုတို ရှင်း  ဖော်ပြထားသည်။ 


ဗဟုသုတ တိုးပွား


အရပ်ဘက်သို့   ပြောင်းရွှေ့လာပြီး  ကာကွယ် ဝန်ကြီးဌာနတွင်   ဒုတိယဝန်ကြီးအဖြစ်  တာဝန် ထမ်းဆောင်ခဲ့ပုံ၊    အမှတ်(၁)  စက်မှုဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့ပုံ၊ မြန်မာနိုင်ငံ၏ စက်မှု အခင်းအကျင်းသမိုင်း၊     အသိပညာဖွံ့ဖြိုးမှုနှင့် သုတေသနလုပ်ငန်းများကို အားပေးခြင်း၊ အထည် နှင့် အထည်ချုပ်စက်ရုံများ၊ သကြားစက်နှင့် အခြား စားသောက်ကုန်လုပ်ငန်းများ၊   စက်မှုနယ်မြေများ ထူထောင်ခြင်း၊ ဘိလပ်မြေနှင့် သံမဏိစက်ရုံ အပါ အဝင်   အခြားစက်ရုံများကို  တိုးတက်အောင်မြင် အောင် ဆောင်ရွက်ခဲ့ပုံများ၊ ပေးအပ်သည့်နေရာတွင် ပေးအပ်သည့်တာဝန်ကို ကျေပွန်အောင်ထမ်းဆောင် ခဲ့ပုံများကို ဖော်ပြထားရာ စာရှုသူတို့အတွက် သမိုင်း ဆိုင်ရာ အချက်အလက်များကို လေ့လာနိုင် ခြင်းဖြင့် အသိအမြင်၊  ဗဟုသုတ တိုးပွားစေမည်ဖြစ် သည်။


စာရေးသူ၏      ဘဝဖြတ်သန်းမှုများနှင့်အတူ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအကြောင်း တစေ့ တစောင်းနှင့် နိုင်ငံတော်ကို ဆိုရှယ်လစ်စီးပွားရေး စနစ်ဖြင့် ချီတက်ခဲ့ပုံများကို တစ်ဆက်တည်း ဖော်ပြ ခဲ့သည်။  စီမံခန့်ခွဲမှုအပိုင်းတွင်   အထက်မှချမှတ် ထားသည့် ညွှန်ကြားချက်ကို အောက်ခြေတွင် လိုရာ ဆွဲ၍ လွန်ကဲစွာပြုလုပ်မိကြခြင်းများကြောင့် ပါတီ ကို   ယုံကြည်မှု    လျော့နည်းခဲ့ရပုံများ၊  ပါတီ၏ အားနည်းချက်၊ ချို့ယွင်းချက်များကြောင့်  မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့်   အစိုးရသည် ၁၉၈၈ ခုနှစ်တွင်  ပြိုကွဲကျဆုံးခဲ့ရပုံများကို  သုံးသပ်တင်ပြ ထားသည်ကို   တွေ့ရသည်။ 

သင်ခန်းစာယူနိုင်ရန်


ဤစာအုပ်တွင် နိုင်ငံ့ကောင်းကျိုး၊ နိုင်ငံသားများ ၏ကောင်းကျိုးကို   စိတ်စေတနာဖြင့်   အပင်ပန်း အဆင်းရဲခံပြီး      မည်မျှပင်ကောင်းမွန်အောင် ဆောင်ရွက်စေကာမူ စနစ်မမှန်ကန်ပါက၊ ဥပဒေ အကြောင်းနှင့် ညီညွတ်မှုမရှိပါက ရလဒ်မကောင်း နိုင်ကြောင်း၊ အချိန်အခါ စောလွန်းခြင်း၊ နောက်ကျ ခြင်းတို့ကလည်း အဖြေမှားများကို ဖြစ်ပေါ်စေတတ် ကြောင်းကို သင်ခန်းစာယူနိုင်ရန် ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြထားသည်။ 


စာရေးသူသည် ဘဝနေဝင်ချိန်အတွက် တရား ဓမ္မတို့ကို   ပြင်ဆင်နေပုံများလည်း    ပါဝင်ရာ ဤစာအုပ်မှ  စာရှုသူတို့အတွက် လောကဓံရှစ်ပါး၏ ထုထောင်းမှုများ၊ ဝမ်းသာ၊  ဝမ်းနည်းခံစားမှုများကို မတုန်မလှုပ်ရင်ဆိုင်နိုင်သည့် စိတ်ဓာတ်ခွန်အားများ ရရှိစေမည်ဖြစ်သည်။ 

 

စာအုပ်တွင် စာရေးသူ၏ ဇနီးသည်နှင့်လက်ထပ် သည့်နေ့မှ    ဓာတ်ပုံ၊     လုပ်ဖော်ကိုင်ဖက်များနှင့် ရိုက်ကူးထားသည့်ဓာတ်ပုံ၊ ဝန်ကြီးအဖွဲ့ဝင်များနှင့် ပုံများ၊   တရုတ်ပြည်ခရီးစဉ်မှ  ဓာတ်ပုံများ၊ ဂျပန် စစ်ပညာသင်ဘဝ ကျောင်းသားဘဝဓာတ်ပုံ၊  ဖူဂျီရာ မတောင်ခြေလေ့ကျင့်ရေးစခန်းတွင်  ရဲဘော်ရဲဘက်
များနှင့်အတူ ရိုက်ထားသည့်ဓာတ်ပုံများ စသည်ဖြင့် ဓာတ်ပုံများစွာကို ဝေဝေဆာဆာ  ထည့်သွင်းဖော်ပြ ထားရာ   ဓာတ်ပုံတစ်ပုံ၊  ပန်းချီကားတစ်ချပ်သည် စကားလုံးပေါင်း      ထောင်သောင်းနှင့်ညီသည်    ဆိုသည့်အတိုင်း      စာရှုသူတို့၏        အသိအမြင်ကို   ပိုမိုကျယ်ပြန့်       စေနိုင်မည်ဟု       ယူဆမိပါ    သည်။


ဖတ်ရှုသင့်သည့်    စာအုပ်ကောင်းတစ်အုပ်


ဤကျောပိုးအိတ်လေးကို   ချီကာလွယ် စာအုပ် တွင် စာရေးသူ  တင့်ဆွေ (ဖျာပုံ)၏  ဘဝဖြစ်ရပ်များ၊  ဖြတ်သန်းခဲ့သည့်  ခေတ်စနစ်တို့၏  ထင်ဟပ်မှုများ၊ နိုင်ငံရေးအခြေအနေ၊      ဘဝအတွေ့အကြုံတို့ကို  သုတရသရောယှက်ခြယ်မှုန်းထားရာ    လေ့လာ သင်ခန်းစာယူ၍    ပြုပြင်သင့်သည်ကို   ပြုပြင်၊ အတုယူ  သင့်သည်ကို    အတုယူ၊    စွန့်ပယ်သင့်သည် ကို စွန့်ပယ်ခြင်းဖြင့်   အောင်မြင်သည့်  ဘဝတစ်ခုကို တည်ဆောက်သွားနိုင်မည်     ဖြစ်သည့်အတွက် ဖတ်ရှုသင့်သည့်    စာအုပ်ကောင်းတစ်အုပ်အဖြစ် မိတ်ဆက်ပေးလိုက်ရပါသည်။      ။