ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှာ တစ်နေ့ပြီးတစ်နေ့ စံချိန်ချိုး နေသည့်နှယ် မြင့်တက်လျက်ရှိသည်။ ကူးစက်ရောဂါ၏ သဘော သဘာဝအရ မျိုးဗီဇပြောင်းလဲသည့် ရောဂါပိုးများ ပေါ်ပေါက်လာ ခြင်းနှင့် ပြည်သူများအတွင်း ရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်ရသည့် အချိန်ကြာမြင့်လာသည်နှင့်အမျှ သတိလက်လွတ်၊ ပေါ့လျော့စွာ နေထိုင်ခဲ့ခြင်းတို့ကြောင့် ယနေ့ရင်ဆိုင်နေရသော အခြေအနေများ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ အများပြည်သူ အလုပ်ပိတ်ရက်ရှည်များ သတ်မှတ်ကြေညာပေးခဲ့ခြင်း၊ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ကြေညာခြင်း၊ ပြည်သူလူထုအတွင်း ရပ်ကွက်ကျေးရွာများ အရောက် အသိပညာပေးခြင်း အစီအစဉ်များနှင့်အတူ ပြည်သူများက လိုက်နာနေထိုင်ကြခြင်းဖြင့် လာမည့်ရက်သတ္တပတ် အနည်းငယ် အတွင်း ရောဂါကူးစက်မှုအရှိန်တန့်သွားကာ တဖြည်းဖြည်း ပြန်လည် ကျဆင်းသွားရမည်သာဖြစ်သည်။
လက်ရှိအခြေအနေတွင် ရောဂါကူးစက်မှု မြင့်တက်နေပြီး ရောဂါ ပြင်းထန်သည့်အလျောက် ဆေးရုံတက်ကုသရသည့် လူနာအရေ အတွက်များ ရုတ်တရက်များပြားလာခြင်းနှင့်အတူ လက်ခံကုသ ရသည့် အပိုင်းတွင် ဝန်နှင့်အား မမျှသည့် အခြေအနေများ ဖြစ်ပေါ် နေကြောင်း သိရသည်။ စောင့်ကြည့်လူနာလက်ခံသည့် နေရာများနှင့် အတည်ပြုလူနာလက်ခံသည့် နေရာများနှင့်စပ်လျဉ်း၍ လည်း ကောင်း၊ အောက်ဆီဂျင်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ရောဂါကုသ မှုနှင့် စပ်လျဉ်း၍လည်းကောင်း ပြည်သူလူထုအတွင်း ပကတိအခြေ အနေမှန်၊ သတင်းအမှန်ကို ရရှိမှုအားနည်းနေပြီး စိုးရိမ်ပူပန်မှုများ လည်း မြင့်တက်လျက်ရှိသည်။
ယင်းသို့ ဖြစ်ပေါ်ရခြင်းကို လေ့လာ ကြည့်လျှင် စီမံခန့်ခွဲမှုအားနည်းချက်၊ ဝန်ထမ်းအချို့၏ စိတ်ဓာတ် ရေးရာညံ့ဖျင်းမှုနှင့် တာဝန်မကျေပွန်မှုတို့အပြင် မသမာသူတို့က ရည်ရွယ်ချက်ရှိရှိ ဖန်တီးထုတ်လွှင့်နေသော ကောလာဟလများ စသည်တို့ကြောင့်ဖြစ်သည်ကို တွေ့ရသည်။ အများပြည်သူတို့၏ စိုးရိမ်ပူပန်မှုကို အမြတ်ထုတ်သည့် ဝိသမလောဘသားတို့ကလည်း အောက်ဆီဂျင် ၄၀ လီတာဝင် အိုးကြီးတစ်အိုးလျှင် ကျပ်သိန်း ဆယ်ဂဏန်းအထက် ကြေးခေါ်ကြပြီး သေဆုံးသူရုပ်အလောင်းကို ချက်ချင်းမီးသင်္ဂြိုဟ်လိုပါက ကျပ်သိန်းဘယ်မျှ စသည်ဖြင့် ကြေးခေါ် နေကြသည်ဟု သိရသည်။ ကပ်ရောဂါကို အကြောင်းပြု၍ ဖြစ်ပေါ် လာသည့် အခက်အခဲများအပေါ် ယင်းသို့သော အရှက်အကြောက် ကင်းမဲ့သည့် လုပ်ရပ်များကို လုပ်ဆောင်သူတို့မှာ နိုင်ငံနှင့် လူမျိုး၏ ပုံရိပ်ကို ဖျက်ဆီးနေသူများ၊ တစ်ပါးသူ၏ စိုးရိမ်သောကအပေါ်တွင် အမြတ်ထုတ်သူများ ဖြစ်သည့်အလျောက် ထိထိရောက်ရောက် ဖော်ထုတ်အရေးယူသွားရန် လိုအပ်မည်ဟု ရှုမြင်မိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ‘‘တစ်နိုင်ငံလုံးရှိ ရောဂါကူးစက်ဖြစ်ပွားမှုများ၊ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ဆောင်ရွက်နေမှုများကို နေ့စဉ် သတင်းထုတ်ပြန်ပေးလျက်ရှိပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှလည်း ရောဂါ ကူးစက်ဖြစ်ပွားမှု၊ ကူးစက်ခံရမှု၊ သေဆုံးမှု၊ ကာကွယ်ထိန်းချုပ် ကုသ ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို ဖြစ်စဉ်အမှန်အတိုင်း အချိန်နှင့်တစ်ပြေးညီ ဒေသခံလူထုသိရှိအောင် အချိန်နှင့်တစ်ပြေးညီ ပြန်ကြားပေးနိုင်ရမည်ဖြစ်ကာ သတင်းအမှန်များကို သိရှိရခြင်းဖြင့် စိုးရိမ်ကြောင့်ကြမှုများကို လျှော့ချပေးနိုင်ရမည်ဖြစ်ကြောင်း။” နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာခန်းမတွင် ကျင်းပသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ စတုတ္ထ အကြိမ် ညှိနှိုင်းအစည်းအဝေး အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ ပြည်သူများသိရှိလိုသည့် သတင်း၊ ပြည်သူများသိရန် လိုအပ်သည့် သတင်းအချက်အလက်များကို သိရှိနိုင်ရေးအတွက် ဒေသအလိုက် သက်ဆိုင်ရာဌာနများက လျင်လျင် မြန်မြန် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်သည်။
ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းသည် ယနေ့ အချိန်အခါအဖို့ အမျိုးသားရေးပင်ဖြစ်ခြင်းကြောင့် အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ နှစ်နှင့်ချီ၍ ရှည်ကြာ လာပြီဖြစ်သည့် ကပ်ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ကာကွယ်ရေး သည် လုံ့လဝီရိယ၊ စေတနာ၊ ဝါသနာ၊ အနစ်နာတို့အပြင် ခိုင်မြဲသည့် ဇွဲစိတ်ဓာတ်လည်း လိုအပ်မည်ဖြစ်ပြီး တစ်ဦးချင်းအသိတရားဖြင့် ပါဝင်သည်နှင့်အမျှ မကြာမတင်သော ကာလတွင် ကပ်ရောဂါကို အနိုင်ယူနိုင်မည်ဖြစ်ပါကြောင်း။ ။