သမိုင်းဒေဝီ - ဆရာမကြီးဒေါ်ကြန်

Type
1

 

မှုန်ရွှေရည် (စာပေဗိမာန်)
 

မြန်မာစာပေပညာရှင်ကြီးများကို    ဂုဏ်ပြုချီးမြှောက်သည့်အနေဖြင့်  နိုင်ငံတော်အစိုးရသည် ၂၀၀၁ ခုနှစ်မှစတင်လျက် အမျိုးသားစာပေတစ်သက်တာဆုများကို နှစ်စဉ်ချီးမြှင့်ခဲ့ရာ ယခုအခါ စာရေးဆရာ၊ စာရေးဆရာမကြီး ၃၁ ဦးကို ချီးမြှင့်ခဲ့ပြီး ဖြစ်ပါသည်။

 


တစ်သက်တာစာပေဆုရှင်   ၃၁    ဦးတွင် အမျိုးသားစာရေးဆရာကြီး  ၂၈ ဦးပါဝင်ပြီး အမျိုး သမီး စာရေးဆရာမကြီး သုံးဦးသာ ပါဝင်ခဲ့ပါသည်။ ၂၀၀၅ ခုနှစ်အတွက် တစ်သက်တာစာပေဆုရှင်အဖြစ် ဆရာမကြီး  ဒေါ်ရင်ရင် (စောမုံညင်း) ချီးမြှင့်ခံခဲ့ရ ပြီးနောက် ဆက်တိုက်ဆိုသလိုပင်  ၂၀၀၆  ခုနှစ် အတွက်    တစ်သက်တာစာပေဆုကို   ဆရာမကြီး ဒေါ်ကြန် (မကြန်)    ချီးမြှင့်ခံရသဖြင့်   ကျွန်မတို့ အမျိုးသမီးထုကြီးမှာ အတိုင်းမသိ ဝမ်းသာကြည်နူး ခဲ့ရပါသည်။ ထိုမှ ငါးနှစ်အကြာ ၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုကို ဆရာမကြီး ဒေါ်ခင်ဆွေဦး (ခင်ဆွေဦး) ချီးမြှင့်ခြင်းခံရပါသည်။ ယခုအခါ   ဆရာမကြီး   သုံးဦးလုံးမှာ   ကွယ်လွန် ခဲ့ကြရှာပြီ ဖြစ်ပါသည်။

 


သက်တော်ရှည်ပညာရှင်ကြီး


သူတို့ သုံးဦးတွင်  ဆရာမကြီးဒေါ်ကြန်မှာ သက်တော်ရှည်ပညာရှင်ကြီးအဖြစ် အသက် ၁၀၂ နှစ်အရွယ်တွင်မှ  ကွယ်လွန်ခဲ့ခြင်း  ဖြစ်သည်။ ဆရာမကြီးဒေါ်စောမုံညင်းနှင့်     ဆရာမကြီး ဒေါ်ကြန်မှာ အသက်အရွယ် မတိမ်းမယိမ်းဖြစ်ပြီး မြန်မာနိုင်ငံ၏ စာပေဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လက်တွဲညီညီ ဆောင်ရွက်ခဲ့ကြသူများ ဖြစ်သည်။ သူတို့နှစ်ဦးသည် မြန်မာစာအဖွဲ့ဦးစီးဌာန၊ မြန်မာ စာအဖွဲ့ဝင်    သက်ကြီးစာပေပညာရှင်ကြီးများအဖြစ် မကွယ်လွန်မီအချိန်အထိ နိုင်ငံ့တာဝန်ကို  ထမ်း ဆောင်ခဲ့ကြသည်။

 


ဆရာမကြီးဒေါ်စောမုံညင်းမှာ        မြန်မာ့ ယဉ်ကျေးမှုနှင့်    အနုပညာဆိုင်ရာစာပေများကို ကျွမ်းကျင်ပိုင်နိုင်စွာ    လေ့လာရေးသားပြုစုခဲ့သူ ဖြစ်ပြီး    ဆရာမကြီးဒေါ်ကြန်မှာလည်း  သမိုင်း ဘာသာရပ်ကို တစိုက်မတ်မတ်  သုတေသနပြု လေ့လာရေးသားခဲ့သူဖြစ်သည်။ မြန်မာနိုင်ငံတွင် သမိုင်းပညာရှင်အရေအတွက်ကို လက်ချိုး ရေတွက် နိုင်သည့်အထဲ၌ ရှားပါးစွာပါဝင်သည့် အမျိုးသမီး သမိုင်းပညာရှင်ကြီး တစ်ဦးဖြစ်သည်။ ထိုထက်ပို၍ ကား   မိမိသုတေသနပြုခဲ့သည့်  ကျမ်းများကို မှတ်တမ်းပြုရန်နှင့်    အများပြည်သူဖတ်ရှုနိုင်ရန် အတွက် စာပေမျက်နှာစာထက်သို့ တင်ပို့ကာ ကျမ်းသမား၊ စာပေသမားအဖြစ် အောင်မြင်ထင်ရှား သော စာရေးဆရာမကြီး တစ်ဦးဖြစ်ခြင်းပင်။

 


ဆရာမကြီးဒေါ်ကြန်ကို ၁၉၁၈ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် ရခိုင်ပြည်နယ်  သံတွဲမြို့နယ်၌ မွေးဖွား ခဲ့ပါသည်။ ၁၉၃၅ ခုနှစ်တွင် သံတွဲမြို့  အစိုးရ ဟိုက်စကူးကျောင်းမှ အထက်တန်းပညာအောင်မြင် ပြီး ယင်းကျောင်းတွင်ပင် အလယ်တန်းပြဆရာမ အဖြစ် ခေတ္တဆောင်ရွက်သည်။ မောင်နှမ ငါးဦးတွင် အကြီးဆုံးဖြစ်သဖြင့် မိသားစုကိုငဲ့ကာ  တက္ကသိုလ် ဆက်မတက်ဘဲ ရခိုင်ပြည်နယ် စာတိုက်ဌာနတွင် အထက်တန်းစာရေးအဖြစ်     ထမ်းဆောင်ခဲ့သည်။ ဂျပန်ခေတ်နောက်ပိုင်း ရန်ကုန်တက္ကသိုလ် ပြန်ဖွင့် သည့်အခါ ၁၉၅၁ ခုနှစ်တွင် ပညာဆက်လက်သင် ကြားပြီး ၁၉၅၄ ခုနှစ်တွင်   ဝိဇ္ဇာဘွဲ့ကို   ရရှိသည်။ ရန်ကုန်တက္ကသိုလ်    အင်္ဂလိပ်စာဌာနတွင်   နည်းပြ အဖြစ်  ထမ်းဆောင်ရင်း   ၁၉၅၉  ခုနှစ်တွင် မဟာ ဝိဇ္ဇာဘွဲ့ကို    ရရှိသည်။ ထို့နောက် မြန်မာ့သမိုင်း ကော်မရှင်  (သမိုင်းသုတေသနဦးစီးဌာန)   တွင် ကျမ်းပြုအရာရှိစာမေးပွဲဝင်ဖြေရာ  အောင်မြင်ပြီး ၁၉၆၃ ခုနှစ်တွင်    သမိုင်းသုတေသနဦးစီးဌာန၌ အကြီးတန်းသုတေသနမှူး ဖြစ်လာခဲ့သည်။

 


၁၉၇၈ ခုနှစ်တွင် သက်ပြည့်အငြိမ်းစားယူပြီး နောက် အမှတ် (၁) စက်မှုဝန်ကြီးဌာနတွင် အကြံပေး ပုဂ္ဂိုလ်အဖြစ် လေးနှစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၁၉၈၆ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ “မြန်မာ နိုင်ငံ စက်မှုလက်မှုသမိုင်း” အတွဲများ ထုတ်ဝေနိုင်ရေး အတွက် အကြံပေးပုဂ္ဂိုလ်အဖြစ် ထမ်းဆောင်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှ ကွယ်လွန်ချိန်အထိ ပညာရေးဝန်ကြီး ဌာန မြန်မာစာအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူဖြစ်သည်။

 


နှစ်ပေါင်း ၃၀ ခန့် ထမ်းဆောင်


၁၉၅၇ ခုနှစ်နှင့် ၁၉၅၉ ခုနှစ်များတွင် မြန်မာ့ သမိုင်းအထောက်အထားများ ကူးယူစုဆောင်းရေး စီမံကိန်းဖြင့် အင်္ဂလန်နိုင်ငံတွင် သွားရောက်အမှုထမ်း လေ့လာခဲ့သည်။ သမိုင်းသုတေသနဦးစီးဌာနတွင် နှစ်ပေါင်း ၃၀ ခန့် ထမ်းဆောင်ခဲ့ပြီး မြန်မာ့သမိုင်း ဆိုင်ရာများကို    သုတေသနပြုလျက်   ကျမ်းကြီး ကျမ်းခိုင်များ၊  စာတမ်းငယ်များ၊  ကျမ်းတည်းဖြတ် ခြင်းများ၊ ဆောင်းပါးများ ရေးသားလျက် မျိုးဆက် သစ်များ အားကိုးအားထားပြုနိုင်သည့်   မြန်မာ့ သမိုင်းဆိုင်ရာစာအုပ်များ ထုတ်ဝေနိုင်ခဲ့သည်။ မိမိ ဘဝတစ်လျှောက် သမိုင်းပညာရပ်နယ်ပယ်တွင် နှစ်မြှုပ်ထားသူ သမိုင်းသုတေသီတစ်ဦးဖြစ်ပါသည်။

 


ဆရာမကြီး၏ မြန်မာ့သမိုင်းဆိုင်ရာ အကျွမ်း ကျင်ဆုံးခေတ်မှာ ကုန်းဘောင်ခေတ်နှင့်  ကိုလိုနီ ခေတ်ဖြစ်သည်။    ဆရာမကြီး    လေ့လာခဲ့သည့် ယင်းခေတ်ကာလများဆိုင်ရာ    သမိုင်းစာပေများကို သမိုင်းသုတေသီများ လက်မလွတ်တမ်း အားကိုး အားထားပြုကြရသည့်အပြင် ဆရာမကြီး၏ သမိုင်း အတွေး၊ သမိုင်းအရေးများကို        စံအဖြစ်ဖတ်ရှု လေ့လာကြရသည်ဟု ဆိုကြပါသည်။ 

 


ဆရာမကြီးအကြောင်းရေးသားလျှင် ချန်လှပ် ထား၍ မရသူတစ်ဦးမှာ ဆရာမကြီးနှင့်အတူ တွဲဖက် ၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့သူ ဆရာမ ကြီးဒေါက်တာရီရီ   (၁၉၂၉-၁၉၈၄)   ဖြစ်ပါသည်။ ဆရာကြီး ဒေါက်တာသန်းထွန်းက “ဒေါ်ကြန်တို့၊ ဒေါက်တာရီရီတို့လို သမိုင်းသုတေသီမျိုး သူ့တစ်သက် မှာ    ထပ်တွေ့ဖို့မရှိတော့၊    သူတို့လို    ဇွဲလုံ့လနှင့် ကြိုးစားလေ့လာနိုင်၊ ဖတ်ကြားနိုင်၊  ရေးသားနိုင်တဲ့ သမိုင်းပညာရှင်များ ထပ်မံမပေါ်ထွန်းနိုင်တော့” ဟု ပြောခဲ့ကြောင်း သိရှိရပါသည်။ 

 


စာတမ်းများ ပေါ်ထွက်လာနိုင်


မြန်မာ့သမိုင်းအဖွဲ့ အတွင်းရေးမှူး ဆရာကြီး ဒေါက်တာကျော်ဝင်းက ရာပြည့်သမိုင်းဒေဝီစာအုပ် တွင် “ဆရာမကြီးနှင့် ဒေါက်တာရီရီတို့သည် လန်ဒန် မြို့ရှိ ဝိတိုရိယနှင့်  အဲလ်ဘတ်ပြတိုက်မှ မြန်မာ မင်းခမ်းတော်များကို သွားရောက် ဓာတ်ပုံရိုက်ကူးခဲ့မှု အကျိုးဆက်အဖြစ်        အမျိုးသားပြတိုက်တွင် ယခုပြသထားသော   မင်းခမ်းတော်ပစ္စည်းများကို မြန်မာနိုင်ငံသို့      ပြန်လည်လွှဲပြောင်းနိုင်ခဲ့သည်။ အင်္ဂလန်မှရလာသော     အထောက်အထားများ ကြောင့် ရတနာပုံစက်ရုံများစာတမ်း၊ စစ်သိမ်းပစ္စည်း များစာတမ်း၊ မြန်မာ့ဒေါင်းဒင်္ဂါးတို့၏ ဇာတ်သိမ်းပုံ စသည့်   စာတမ်းများ    ပေါ်ထွက်လာနိုင်ခဲ့သည်။ ဆရာမကြီးရိုက်ကူးခဲ့သော     မြန်မာနိုင်ငံဆိုင်ရာ၊ သမိုင်းဆိုင်ရာ၊ မှတ်တမ်းများဆိုင်ရာ မိုက်ခရိုဖလင် များသည် ယနေ့တိုင် သမိုင်းသုတေသနဦးစီးဌာန အတွက် အသုံးတည့်လျက် ရှိပါသည်” ဟု   ရေးသား ခဲ့ပါသည်။

 


ဆရာမကြီးသည်    သမိုင်းဆိုင်ရာ    ပြည်ပ အထောက်အထားများ  ရှာဖွေသကဲ့သို့   ပြည်တွင်း တွင်လည်း   အထောက်အထားရရှိရန်   ဒေသအနှံ့ ခရီးထွက်ခဲ့သည်ဟု  သူရေးထားသည့်“သမိုင်းရှာပုံတော်ခရီး”   ဆောင်းပါးတွင်   “အမျိုးသမီးဖြစ် သော်လည်း နယ်မြေအနှံ့ ခြေဆန့်၍ တောင်လည်း တက်ဖူးသည်။  ချောင်းလည်း    ကူးဖူးသည်။  ရွှံ့ထဲ ဗွက်ထဲလည်း   ရုန်းဖူးသည်။   နေပူစပ်ခါးလည်း မရှောင်နိုင်။ ခရီးထွက်လျှင် ကာကီရောင် ရှပ်လက် ရှည်၊ ဘောင်းဘီရှည်၊ ဦးထုပ်၊ စစ်ဖိနပ်နှင့် ရေဘူး လွယ်ရသည်။ စာရွက်စာတမ်း၊ ကူးစရာ၊ မှတ်စရာ၊ ခဲတံ၊ ခဲဖျက်၊ မှန်ဘီလူး၊ လက်နှိပ်ဓာတ်မီး၊ ခဲတံချွန် စက်၊ မကြီးမသေး   မောင်းချဓားကလေး၊  ပေတံ၊ ပေကြိုးမှအစ ပစ္စည်းစုံစုံ လွယ်အိတ်နှင့်အပြည့် လွယ်ရသည်။ သောနုတ္တရမုဆိုး၏ ဘယားအိတ် လောက်မကြီးသော်လည်း ပစ္စည်းတော့စုံသည်။ ကျောပိုးအိတ်ကိုလွယ်ကာ တောင်ပြာတန်းကဟု မဆိုနိုင်သော်လည်း ကျောပိုးအိတ်ကိုလွယ်ကာ ဘုရားကြိုဘုရားကြား၊ ကျောင်းကြိုကျောင်းကြား၊ သင်္ချိုင်းကြို သင်္ချိုင်းကြား သွားရသည်။ သည်ဝတ်စုံ ကို “တောတက်ဝတ်စုံ” ဟု အမည်ပေးထားသည်။ သမိုင်းရှာပုံတော်ထွက်သူတို့၏ စစ်ထွက်ဝတ်စုံ ဟုလည်း  ခေါ်သူကခေါ်သည်။  ဤဝတ်စုံနှင့် သွားလျှင် ခရီးတွင်သည်။ အညာနေမင်း၏ ဒဏ်ကို ခံနိုင်သည်။ ဆူးချုံတွင် လုံချည်ငြိသည့် ဒုက္ခမှ ကင်းလွတ်သည်။ သို့သော် ဗိုလ်ကြီးမမဟု အထင်ခံ ရသည်။ ကျောက်စာကူးအဖွဲ့ကို သိုက်ဆရာများဟု လည်း ထင်ယောင်မှားကြသေးသည်။” ဟု ဖော်ပြ ထားသည်။

 


သမိုင်းဘာသာရပ် ဖွံ့ဖြိုးရေး


ယခုအခါ သမိုင်းပညာရပ်ကို လေ့လာသင် ကြားလိုသူ လူငယ်များ ပါးရှားလျက်ရှိရာ ဆရာမ ကြီးတို့၏ ဝါသနာနှင့် အတွေ့အကြုံကို အားကျ အတုယူလျက် သမိုင်းဘာသာရပ် ဖွံ့ဖြိုးရေးတွင် ပါဝင်ကြလျှင် ကောင်းလေစွဟု အတွေးပေါ်မိပါ သည်။    

 


ဆရာမကြီးသည်  လုံးချင်းစာအုပ်  ၂၀  ခန့် ထုတ်ဝေခဲ့ပြီး မြန်မာနိုင်ငံအခြေအနေ (၁၈၈၅-၈၆) (၁၉၇၈)၊ သမိုင်းရှာပုံတော်ခရီးနှင့် အခြားစာတမ်း များ (၂၀၀၂)၊ မဟာဝန်ရှင်တော်မင်းကြီးအုပ်ချုပ်ရေး (၁၈၈၆-၉၇) (၂၀၀၃)၊ ကိုလိုနီခေတ်ဦး ကျေးရွာ အုပ်ချုပ်ရေး (၁၈၈၆-၉၇) (၂၀၀၅)၊ ကုန်းဘောင် ခေတ် အခွန်တော်ရေးရာ (၂၀၀၉) စသည့် သမိုင်း ဆိုင်ရာစာအုပ်တို့ဖြင့် အမျိုးသားစာပေဆု (သုတ ပဒေသာ-ဝိဇ္ဇာ)ဆု ကို  ငါးကြိမ်တိတိ ရရှိခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ဝိဇ္ဇာပညာထူးချွန်ဆု (ပထမဆင့်) ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် စည်သူဘွဲ့ကို ရရှိခဲ့သည်။ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် မြန်မာ နိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်က  ချီးမြှင့်သော ထူးချွန်အမျိုးသမီးဆု     သုံးကြိမ်ရရှိခဲ့သည်။ ဆရာမကြီးသည် ပခုက္ကူဦးအုံးဖေ တစ်သက်တာ စာပေဆု (၂၀၀၄)၊ ထွန်းဖောင်ဒေးရှင်း တစ်သက် တာစာပေဆု (၂၀၁၃) တို့ကိုလည်း ရရှိခဲ့သည်။

 


အင်္ဂလိပ်ဘာသာကိုလည်း နိုင်နင်း


၁၉၆၀ ပြည့်နှစ် ဇွန်လထုတ် သမိုင်းတံခွန် အတွဲ ၁ ၊ အမှတ်  ၁  တွင်  စာပေများ စတင်ရေးသားခဲ့ သည်။ ဆရာမကြီးသည်   ရေးဟန်သွက်လက်ပြီး အချက်အလက်   တိကျပြည့်စုံစွာ   ဖော်ပြသည်။ ဖတ်ရှုရန် ပျင်းစရာ ကောင်းသည်ဟူသော သမိုင်း ကို  လူတိုင်းစိတ်ဝင်စားစွာ    ဖတ်ပျော်အောင် ရေးသားခဲ့သည်။ သူ့မိတ်ဆွေများ၏ အတ္ထုပ္ပတ္တိ အကြောင်းကို ရေးသည့်အခါများတွင်မူ သရော် စာဟန်ဖြင့် ခပ်ရွှင်ရွှင်ရေးတတ်သည်။ အင်္ဂလိပ် ဘာသာကိုလည်း နိုင်နင်းသဖြင့် သမိုင်းဆောင်းပါး များကို   အင်္ဂလိပ်ဘာသာဖြင့်  ရေးသားခဲ့သည်။ မြန်မာ့သမိုင်းအဖွဲ့က ဆရာမကြီး၏ ဆောင်းပါးများ ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေသည့် Selected Writings of Daw Kyan (Bilingual) စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်းစာပေဆု (၂၀၁၇) ရရှိခဲ့သည်။

 


ဆရာမကြီးသည် ဆောင်းပါးများစွာ ရေးသား ခဲ့ပြီး  လုံးချင်းစာအုပ်များအဖြစ် ဘင်္ဂလားသွား စာတမ်း   (တည်းဖြတ် ၁၉၆၃)၊ ရတနာသိင်္ခမြို့ထွက် ရဲတင်း မော်ကွန်း(တည်းဖြတ် ၁၉၆၈)၊ ပဒေသရာဇ် မြန်မာနိုင်ငံဇာတ်သိမ်း    (၁၉၈၁)၊     ကုန်းဘောင်၏ နောက်ဆုံးအားမာန် (၂၀၀၄)၊ မြန်မာ့သမိုင်းနှင့်ဆက် နွှယ်သော အနောက်နိုင်ငံသားများ (၂၀၀၅)၊ ကျမ်း သုတေသနပြုခြင်း (၂၀၀၆)၊  ကုန်းဘောင်ခေတ် မြန်မာရဲမက်တော်များ (၂၀၀၆)၊ ဒေါက်တာရီရီနှင့် တွဲဖက်၍ ရွှေတိဂုံစေတီတော်ကြီးမှ ကြေးအုတ်များ (၂၀၀၇)၊ သမိုင်းဟူသည်နှင့် အခြားစာတမ်းများ (၂၀၀၈)၊ ဘာသာစကားနှင့် စာပေအသံလှယ်ခြင်း စာတမ်း (၂၀၀၉) တို့မှာ ထင်ရှားသည်။

 


ဆရာမကြီး၏ နောက်ဆုံးလက်ရာမှာ စိတ်ကူး ချိုချိုစာပေမှ ထုတ်ဝေသည့် “မှန်နန်းမဟာရာဇဝင် တော်ကြီး သုံးတွဲပေါင်းချုပ်” (၂၀၁၇) ကို ဆရာ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဆရာဦးစိန်လှိုင် (သူရဇော်) တို့နှင့်အတူ တည်းဖြတ်ခဲ့ခြင်းဖြစ်သည်။ ဆရာမကြီး ၏ အမည်ရင်းမှာ ဒေါ်ကြန်ဖြစ်ပြီး ကလောင်အမည် မကြန်ဖြင့် စာပေများရေးသားခဲ့သည်။

 


၂၀၀၂ ခုနှစ်တွင် အမျိုးသားစာပေဆုရရှိခဲ့သည့် “သမိုင်းရှာပုံတော်ခရီးနှင့် အခြားစာတမ်းများ” စာအုပ်အတွက် အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီ၏ သုတပဒေသာ (ဝိဇ္ဇာ) အဖွဲ့ငယ်၏ မှတ်ချက်တွင် “…အဓိကအားဖြင့် ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်၊ ဂျပန်ခေတ်ဆိုင်ရာ မြန်မာ့သမိုင်းနှင့် ပတ်သက်၍ လူသိနည်းသေးသည့် အကြောင်းအချက် တို့ကို   ပြည်တွင်းပြည်ပ    အထောက်အထားများ၊  ပေ၊ ပုရပိုက်နှင့် ရှားပါးစာအုပ်စာတမ်းများမှ ရှာဖွေ စုဆောင်းပြီး စုစည်းတင်ပြထားသည်။ အရေးအသား ပြေပြစ်၍ ဖတ်ချင့်စဖွယ် ဖြစ်သည်။ သမိုင်းအချက် အလက်ကို သာမန်ပရိသတ်နားလည်အောင် ရေးနိုင် သည်။ စာဖတ်သူတို့က သမိုင်းသင်ခန်းစာများကို သတိပြုဆင်ခြင်မိနိုင်စွမ်းရှိကြောင်း တွေ့ရှိရသဖြင့် ဆုအဖြစ်ရွေးချယ်သည်” ဟု ဖော်ပြခဲ့ပါသည်။ 

 


ဆရာကြီးဦးသန်းထွတ် (တိုက်စိုး) ကလည်း “သမိုင်းရှာပုံတော်ခရီးနှင့်  အခြားစာတမ်းများ” စာအုပ်အမှာစာတွင် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ့ နိုင်ငံရေး အပြောင်းအလဲနှင့် စပ်လျဉ်း၍ “… ဤသို့ အားဖြင့် ကုန်းဘောင်ခေတ်မှစ၍ အင်္ဂလိပ်အုပ်ချုပ် ရေးခေတ် ကွယ်ပျောက်သည့်အချိန်အထိ မကြန်က စာတမ်းအစောင်စောင်ဖြင့် စာဖတ်သူ သတိပြုမိ အောင်၊ ဆင်ခြင်ပြုပြင်နိုင်အောင် ပြန်ဖော်ခဲ့လေ သည်…” ဟု ရေးသားထားပါသည်။

 


မီးမောင်းထိုးပြနိုင်သော စာအုပ်


၂၀၀၅ ခုနှစ်အတွက် အမျိုးသားစာပေဆုရရှိ သည့် “ကိုလိုနီခေတ်ဦး ကျေးရွာအုပ်ချုပ်ရေး (၁၈၈၆-၉၇) စာအုပ်အတွက် အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီ၏ သုတပဒေသာ (ဝိဇ္ဇာ) အဖွဲ့ငယ်၏ မှတ်ချက်တွင် “ကိုလိုနီခေတ်ဦး ကာလ ဗြိတိသျှတို့ ပြဋ္ဌာန်းခဲ့သည့် အထက်မြန်မာ ပြည် ကျေးရွာစည်းမျဉ်းဥပဒေနှင့် အောက်မြန်မာပြည်ကျေးရွာအက်ဥပဒေတို့ကို ဗြိတိသျှတို့၏ မှတ်တမ်းမှတ်ရာ၊ အစီရင်ခံစာ၊ ကြေညာချက်၊ ပြန်တမ်းစသည်တို့ပါမကျန် ခိုင်လုံပြည့်စုံသော အကိုးအထောက်တို့ဖြင့် မှီငြမ်းပြုစုထားပါသည်။ မြန်မာ့အစဉ်အလာ    ကျေးရွာထုံးတမ်းတို့ကို ဥပဒေပြဋ္ဌာန်းပေးခြင်းမဟုတ်ဘဲ   ကိုလိုနီခေတ်ဦး အမျိုးသားလွတ်မြောက်ရေး    လှုပ်ရှားမှုကို နှိပ်ကွပ်ရန် ပြဋ္ဌာန်းကျင့်သုံးခဲ့၍ ကိုလိုနီကျေးရွာ အုပ်ချုပ်ရေး ပျက်ယွင်းနေပုံကို ဓမ္မဓိဋ္ဌာန်ကျစွာ မီးမောင်းထိုးပြနိုင်သော စာအုပ်ဖြစ်သည်…” ဟု မှတ်ချက်ပြုဖော်ပြထားပါသည်။

 


၂၀၀၉ ခုနှစ်အတွက် အမျိုးသားစာပေဆုရ “ကုန်းဘောင်ခေတ် အခွန်တော်ရေးရာ” စာအုပ် အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ၏ သုတပဒေသာ (ဝိဇ္ဇာ) အဖွဲ့ငယ်၏ မှတ်ချက်တွင် “… ကုန်းဘောင်ခေတ်၏ အခွန် တော်ရေးရာကို ပြုစုတင်ပြထားခြင်းဖြစ်သော် လည်း မြန်မာမင်းတို့၏ အခွန်အကောက်စနစ် တို့ကို ခြေရာကောက် ဖော်ပြထားသည်။ … ကုန်းဘောင်ခေတ်ဆိုင်ရာ အခွန်တော်ဥပဒေများ၊ အမိန့်တော်များ၊ စစ်တမ်းများ ရှိခဲ့သော်လည်း မြန်မာ့ဦးကင်း ပျက်ယွင်းသည့်အခါ ဖျောက်ဖျက်ခဲ့ ကြသည်။ သို့ရာတွင် ရနိုင်သမျှ အထောက်အထား များ၊ လက်လှမ်းမီသမျှကိုးကား၍ သုတေသနပြု ထားသည့်ကျမ်းဖြစ်သည်။   … မြန်မာ့သမိုင်း ကွင်းဆက်များကို   ဖော်ထုတ်ပြုစုထားနိုင်သဖြင့် ဆုအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်” ဟု   ဖော်ပြ ထားပါသည်။  

           
(ဆက်လက်ဖော်ပြပါမည်)