
မောင်မိုး
ကျွန်တော် ပြီးခဲ့သည့် ၁၀ ရက်ကစပြီး နှာစေးလာသည်။ လည်ချောင်း နာသည်။ ချောင်းဆိုးပြီး ဖျားပါတော့သည်။ ကျွန်တော်တို့ရုံးတွင် ဝန်ထမ်း ငါးဦး ရှိပါသည်။ အလျား ပေ ၂ဝ၊ အနံ ၈ ပေခန့်ရှိ အခန်းကျဉ်းလေးထဲတွင် ကျွန်တော်တို့ ရုံးအလုပ် လုပ်ကြပါသည်။ ကျွန်တော့်အဖျားမှာ ကျွန်တော်တို့ ရုံးခန်းထဲရှိ ကိုဆွေထံမှ ကူးခြင်း ဖြစ်နိုင်ပါသည်။ ကျွန်တော်နှင့် ကျန်သုံးယောက်မှာ ရုံးထဲတွင် အမြဲရှိ တတ်ပြီး ကိုဆွေက အပြင်သို့ အလုပ်ဖြင့် သွားတာများပါသည်။ ပြီးခဲ့ သည့်နှစ်ရက်လောက်ကစပြီး ကိုဆွေ ရုံးနည်းနည်းမြဲလာပါသည်။ အထိုင်များလာသည်။ သို့သော် ကိုဆွေမျက်နှာကြီး ရဲလာပြီး အဖျား စပါတော့သည်။ ကျွန်တော်က သူ့နဖူးစမ်းကြည့်သည့်အခါ ခြစ်ခြစ် တောက်ပူနေ၍ အဘကို ခွင့်တောင်းပြီး အဲဒီညနေ ကိုဆွေ ရုံးမှအချိန် စော၍ ဆင်းသွားပါသည်။
ရောဂါ မဖြစ်ပွားစေလို
အဲဒီညက ကျွန်တော်ရုံးဆင်း၍ ပြန်လာသည့်အခါ လူက ဖိန်းတိန်းတိန်း၊ ရှိန်းတိန်းတိန်းဖြစ်နေပါသည်။ ကိုဗစ်တတိယလှိုင်း ကလည်း ကူးစက်မြန်၊ ပြင်းထန်ကြောင်းသိရသဖြင့် ကျွန်တော်တို့ အချိန်အတော်များများ Mask (နှာခေါင်းစည်း) တပ်ဆင်ကြပါသည်။ အထူးသဖြင့် ရုံးတက် ရုံးဆင်းကားဖြင့် သွားသည့်အခါ နှာခေါင်းစည်း ကို ကျွန်တော်နှင့် မောင်ကျော် အမြဲတမ်းတပ်ကြပါသည်။ ကျွန်တော်တို့ ရောဂါဖြစ်ပွားမှာ စိုးသည်ထက် အဘကို ရောဂါ မဖြစ်ပွားစေလို၍ ဖြစ်ပါသည်။ ကျွန်တော်က အခုမှ အသက် ၄ဝ ပင် မပြည့်သေးပါ။ ယာဉ်မောင်း မောင်ကျော်မှာလည်း အသက် ၂၅ နှစ်ခန့် သာ ရှိပါသေးသည်။ ကျွန်တော်တို့ နှစ်ဦးပေါင်းသည့် အသက်ထက်ပင် အဘအသက်က ကြီးပါသည်။ သို့ဖြစ်၍ အဘအတွက် ကျွန်တော်တို့ စိုးရိမ်ခြင်းဖြစ်ပါသည်။
ပြီးတော့ အဘက နိုင်ငံတော်အတွက် အရေးကြီးသည့် တာဝန် ထမ်းဆောင်နေသောကြောင့် ဖြစ်ပါသည်။ အဘတွင် သားနှစ်ယောက်၊ သမီးနှစ်ယောက်ရှိပြီး အားလုံးဘွဲ့ရ၊ အိမ်ထောင်ပြုကြပြီးဖြစ်ပါသည်။ အဘတွင် မြေးပင် ခုနစ်ဦး ရှိပါသည်။ တပ်မတော်တွင် နှစ် ၃ဝ နီးပါးခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ကျွန်တော်ဘွဲ့ရချိန်တွင် ကျွန်တော့်တို့ဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင် နေပါသည်။ ကျွန်တော့်ကို အဘတာဝန်ယူခဲ့သည့်ဌာနခွဲတွင် လွန်ခဲ့ သည့် ၁၅ နှစ်ခန့်က တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါသည်။ အဘ ရန်ကုန် ရုံးတွင် တာဝန်ထမ်းဆောင်နေပြီး ၂ဝဝ၆ ခုနှစ်တွင် ဝန်ကြီးဌာနများ နေပြည်တော်သို့ ပြောင်းရွှေ့ရသည့်အခါ အဘလည်း နေပြည်တော်ပါ သွားပါသည်။
၂ဝဝ၆ ခုနှစ် ဇွန်လလောက်တွင် ကျွန်တော့်အဘကို ဝန်ကြီးက မွေးမြူရေးဇုန်ဖော်ထုတ်ရန်တာဝန် ပေးလာပါသည်။ နေပြည်တော်သို့ ဝန်ထမ်းများ ပြောင်းရွှေ့စဖြစ်၍ နေပြည်တော်တွင် အစားအသောက် အလွန်ရှားပါသည်။ ငါး၊ ပုစွန်များ ရန်ကုန်မှတင်ပို့ရပြီး ကြက်သား၊ ဝက်သား၊ ကြက်ဥများကို ရန်ကုန်၊ မိတ္ထီလာ၊ တောင်ကြီးတို့မှ ပေးပို့ရပါ သည်။ သို့ဖြစ်၍ နေပြည်တော်ရှိ ဝန်ထမ်းများ သက်သာချောင်ချိရေးနှင့် မွေးမြူရေးထွက်ကုန်များ ပေါများလာစေရေးအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကျွန်တော်တို့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနကို တာဝန်ပေးပါသည်။ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကို ထပ်ဆင့်တာဝန်ပေးအပ်ရာ ဌာနက ကျွန်တော့်အဘကို ထပ်မံတာဝန်ပေးအပ်ခြင်းဖြစ်ပါသည်။
ညစာလည်း ငတ်ခဲ့
ပထမပိုင်းတွင် မွေးမြူရေးဇုန်ဖော်ထုတ်ရန် အဘတစ်ယောက် တည်း သွားခဲ့သော်လည်း နောက်ပိုင်းတွင် အဘက ကျွန်တော့်ကို ခေါ်သောကြောင့် ကျွန်တော်ပါ လိုက်ပါသွားခဲ့ရသည်။ ကျွန်တော်တို့ တပ်ကုန်းမြို့ အရှေ့ဘက် ခုနစ်မိုင်ခန့်အကွာ ကံကြီးကျေးရွာအနီးတွင် ကံကြီးမွေးမြူရေးဇုန်ကို ဖော်ထုတ်ကြခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ ရောက်စတွင် တဲမဆောက်နိုင်သေး၊ ကံကြီးကျေးရွာဘုန်းကြီးကျောင်း တွင် ဘုန်းကြီးကို ခွင့်တောင်း၍ နေရပါသည်။ ဝန်ကြီး၏ တာဝန်ပေး အပ်ချက်အရ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှ တပ်မတော်အရာရှိ(အငြိမ်းစား)ဦးဝင်းလည်း ကျွန်တော်တို့နှင့် အတူပါ ပါသည်။ ဦးဝင်းတွင် ဘဏ်မှပေးထားသည့် လိုက်ထရပ်ကားလေး ပါလာပါသည်။ အဲဒီကားလေးဖြင့် ကျွန်တော်တို့ တောတွင်းသို့ လာခဲ့ခြင်းဖြစ်သည်။ အဲဒီတုန်းက တပ်ကုန်းမရောက်မီ ပင်လောင်းလမ်းခွဲမှ အရှေ့ဘက်သို့ တောလမ်းအတိုင်း လာရခြင်းဖြစ် သည်။ မိုးတွင်းကြီးဖြစ်၍ လှည်းလမ်းအတိုင်း မောင်းရသော ကျွန်တော်တို့ ကားဘီးချော်ပြီး မိုးရွာထဲ လမ်းဘေးတွင် တစ်ည အိပ်ရဖူးပါသည်။ ညစာလည်း ငတ်ခဲ့ရပါသည်။
ကံကြီးဘုန်းကြီးကျောင်းတွင် ဘုန်းကြီးအား ခွင့်တောင်းပြီး ကျွန်တော်တို့ သုံးဦးနေသည့်အခါ ဘုန်းကြီးကျောင်းဖြစ်၍ ထမင်းတော့ နပ်မှန်ပါသည်။ တောဘုန်းကြီးကျောင်းဖြစ်၍ သားငါး၊ ဟင်းကောင်းရှားပါသည်။ အသီးအရွက်နှင့် ညားရတာများပါသည်။ ကျွန်တော်နှင့် ဦးဝင်းမှာ အစားမရွေးစားသော်လည်း အဘက ခြေလေး ချောင်း မစားပါ။ သို့ဖြစ်၍ အဘအတွက် ကျွန်တော် စိတ်မကောင်းပါ။ သို့သော်လည်း အဘက ဖြစ်သလို စားတတ်ပါသည်။ ချေးမများပါ။ လက်ဖက်ရှိလျှင်လက်ဖက်၊ ဘဲဥရှိလျှင်ဘဲဥ၊ ဘာမျှမရှိလျှင်လည်း ရရာအရွက်ကြော်ပြီး ရှိတာနှင့် စားတတ်ပါသည်။ မြေတိုင်းစာရေး များနှင့် မြေကြီးမြေပုံ သတ်မှတ်၊ ကွင်းဆင်းပြီးတိုင်း၊ နယ်နိမိတ် ကျောက်တိုင်စိုက်ပြီး နောက်ပိုင်းတွင် အဘနှင့် ကျွန်တော်က နေ့လယ်တွင် တောထဲတောက်လျှောက်ဆင်းပါသည်။ ဦးဝင်းက ဘုန်းကြီးကျောင်းတွင်နေ၍ ကျွန်တော်တို့စားဖို့စီစဉ်ပြီး မွေးမြူရေး ဇုန်အတွင်း ကျွန်တော်တို့ နေထိုင်ရန်နှင့် ဝန်ကြီးနှင့် ညွှန်ကြားရေးမှူး ချုပ် လာရောက်စစ်ဆေးသည့်အခါ ရှင်းလင်းပြသရန် ရှင်းလင်းဆောင် ဆောက်လုပ်ပါသည်။
ရှင်းလင်းဆောင်မှာ အလျားပေ ၈ဝ ၊ အနံပေ ၄ဝ ခန့်ရှိပြီး ဝါးကပ်မိုး၊ ဝါးထရံကာ ဖြစ်ပါသည်။ ရှင်းလင်းဆောင်ထိပ် ပေ ၂ဝ ကို ဝါးကပ်ကာပြီး ၁ဝ ပေပတ်လည် နှစ်ခန်း ဖွဲ့ထားပါသည်။ အဘနှင့် ဦးဝင်းတို့ တစ်ခန်းစီ နေကြပါသည်။ ကျွန်တော့်ပစ္စည်းများကို အဘ အခန်းတွင်ထားပြီး ရှင်းလင်းဆောင်အလယ်တွင် အမြင့် ၃ ပေခန့် အကျယ် ၅ ပေ နှင့် အလျား ပေ ၂ဝ ခန့် အရှည်ရှိသည့်စားပွဲကြီး မြေစိုက်တည်ဆောက်ပါသည်။
စားပွဲကြီး တစ်ဖက်စီတွင် အမြင့် တစ်ပေခွဲခန့်၊ တစ်ပေအကျယ် ဖင်ထိုင်ခုံ မြေစိုက်လုပ်ထားပြီး ဝါးကြမ်းခင်းထားပါသည်။ ဒီစားပွဲက အဘတို့ စာရေးသည့်စားပွဲ၊ ဧည့်သည်လာလျှင် ဧည့်ခံ သည့်စားပွဲ၊ ဝန်ကြီးလာလျှင် ရှင်းလင်းပြသည့် စားပွဲပင်ဖြစ်ပါသည်။ ဝန်ကြီး အတွက် လက်တင်ပါ ကုလားထိုင်တစ်လုံး နောက်ပိုင်း ဝယ်ထားခဲ့ ပါသည်။ နေ့လယ်တွင် စားပွဲ၊ ညဘက်တွင် ကျွန်တော်၏ အိပ်ရာ ခုတင်ဖြစ်ပါသည်။ တပ်ကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ အလှည့်ကျလာရောက် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်း နှင့် ကျွန်တော် ဒီစားပွဲပေါ်တွင်ပင် အိပ်ကြပါသည်။
မွေးမြူရေးဇုန် ဖော်ထုတ်ကြ
ဘုန်းကြီးကျောင်းမှ ရှင်းလင်းဆောင်သို့ ပြောင်းပြီးနောက်ပိုင်း အဘနှင့် ကျွန်တော်က မြေထိုးစက်ကြီးများဖြင့် မွေးမြူရေးဇုန် ဖော်ထုတ်ကြပါသည်။ ကံကြီးမွေးမြူရေးဇုန်မှာ တစ်ကွက်လျှင် တစ် ဧကနီးပါးကျယ်ဝန်းသည့် မြေကွက်များကို ကုန်ထုတ်လမ်းနှင့်တကွ စနစ်တကျဖော်ထုတ်ခြင်းဖြစ်ပါသည်။ မနက်မိုးလင်း ထမင်းကြော်စား၊ ရေနွေးကြမ်းသောက်ပြီး ၇ နာရီသာသာတွင် အဘနှင့်ကျွန်တော် ဇုန်ထဲဆင်းပါသည်။
မြေထိုးစက်သမားများလည်း ကျွန်တော်တို့အခေါ် ရှင်းလင်း ဆောင် တဲကြီးတွင်ပင် အတူအိပ်ကြပြီး အလုပ်ဆင်းကြပါသည်။ မြေထိုးစက် မြေညှိစက်များကို နာရီနှင့်တွက်ပြီး ဆီထည့်ပေးရပါသည်။ စက်သုံးဆီကိုင်သည့်အလုပ်၊ ချက်ပြုတ်ကျွေးမွေးသည့်အုပ်ချုပ်မှု ကိစ္စကို ဦးဝင်းက လုပ်ပြီး ကျွန်တော်နှင့် အဘက ဇုန်ဖော်ထုတ်မှုကို အဓိကတာဝန်ယူပြီး လုပ်ကြရပါသည်။
ကျွန်တော်လည်း တောသားဖြစ်ပါသည်။ တောသူ တောင်သားမိဘ များက မွေးဖွားလာခြင်းဖြစ်ပါသည်။ ကျွန်တော်ဆင်းဆင်းရဲရဲနေခဲ့ဖူးပါသည်။ သို့သော်လည်း မွေးမြူရေးဇုန်အတွင်း ဆင်းရဲသည့် ဒဏ်ကို ကျွန်တော် ရေရှည်မခံနိုင်တော့ပါ။ တိရစ္ဆာန်ဆေးကုဆရာဝန် ဘွဲ့ရ အသက်အစိတ်ဝန်းကျင်ခန့်ရှိ ကျွန်တော်၊ မနက်ထမင်းကြော်၊ ငရုတ်သီးကြော်၊ ငါးပိထောင်းလောက်နှင့်စားပြီး တောထဲမှာ စက် မောင်းတာလိုက်ပြီးကြည့်၊ အဘနှင့်အတူ လမ်းရှာ။ နေ့လယ် ၁၁ နာရီ ၁၂ နာရီမှ ပြန်လာပြီး ထမင်းစား၊ ဟင်းက များသောအားဖြင့် ပဲဟင်းနဲ့ငါးပိထောင်း၊ ငရုတ်သီးကြော် ဒါမှမဟုတ် ဂေါ်ရခါးညွန့် သို့မဟုတ် မုန်ညင်းက နေ့စဉ်ဟင်းလျာ။ တစ်ပတ်တစ်ခါ ကြက်သားလေး၊ ကြက်ဥလေးစားရတာက မကြာမကြာ။ သည် ကြားထဲ ရေချိုးတော့လည်း ခါးစောင်းလောက်ရှိသည့် မြောင်းရေ ညစ်ညစ်။ ကျွန်တော့်ဘဝကို ကျွန်တော်စိတ်ညစ်၍ အလုပ်ထွက်ပြီး ပြန်တော့မည်အထိ အဘကို ပြောဖူးပါသည်။ အဘက “ယောက်ျား ဆိုတာ လောကဓံကို ကြံ့ကြံ့ခံနိုင်ရမယ်။ ဒုက္ခတွေကို ကျော်ဖြတ်ပြီးရင် သုခတွေ့မှာပေါ့ကွာ” ဟု အားပေးစကားပြောပြီး ကျွန်တော့်ကို ပြန်မလွှတ်ပါ။
နောက်ပိုင်း ဝန်ကြီးလာပြီး စစ်ဆေးသည့်အခါ ဝန်ကြီးကို ပေးကြ သည့်လက်ဆောင်ခြင်းများ ယူလာပြီး ကျွန်တော်တို့ကို ပေးပါသည်။ ကျွန်တော်တို့အဖြစ်ကိုကြည့်၍ ဝန်ကြီးလည်း စိတ်မကောင်းပါ။ မွေးမြူရေးဇုန် ရုပ်လုံးပေါ်ပြီး လမ်းများ၊ အကွက်များနှင့် ဖြစ်လာ သည့်အခါ မွေးမြူရေးလုပ်ငန်းရှင်များ ဇုန်ထဲလာပြီး ကြည့်ကြသည်။ ကျွန်တော့် အဘနှင့် ခင်မင်ရင်းနှီးသူများဖြစ်၍ ကြက်ဥ၊ ကြက်သားနှင့် စားစရာများ ယူလာပေးကြသည်။ ဇုန်ထဲမှ တပ်ကုန်းသို့ နောက်ပိုင်း တွင် တစ်ပတ်တစ်ခါ ဈေးသွားဝယ်ဖြစ်ပါသည်။ အဲဒီရက်တွင် တော့ အူစိုပါသည်။ အထူးသဖြင့် နေပြည်တော် မွေးမြူရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းလင်းနှင့် ဦးဘသန်း၊ ဦးမောင်မောင်တို့ လာလည်တိုင်း ကြက်ဥပါလာတတ်သဖြင့် လူငယ်ပီပီ ကျွန်တော်က မျှော်ဖြစ်ပါသည်။
အဲဒီတုန်းက ကံကြီးဇုန်အတွင်းရှိ မြေကွက်ကို မွေးမြူရေး လုပ်ငန်းရှင်များ မွေးမြူကြဖို့ မြေကွက်ယူဖို့ အတော်လေးတိုက်တွန်းရ၊ စည်းရုံးရပါသည်။ အဘနှင့် ကျွန်တော် တပ်ကုန်းမြို့နယ်တွင် ကံကြီး မွေးမြူရေးဇုန်၊ ရွှေမြို့မွေးမြူရေးဇုန်၊ ရမည်းသင်းမြို့နယ်တွင် နဘူးကျင်းအလယ်ကုန်းမွေးမြူရေးဇုန်၊ ရေဦးမွေးမြူရေးဇုန်၊ ထီးလှိုင်ဇုန်၊လယ်ဝေးမြို့နယ်တွင် မင်းပြင်မွေးမြူရေးဇုန်နှင့် ပြောင်ခေါင်းကြီး မွေးမြူရေးဇုန်တို့ ဖော်ထုတ်ခဲ့ပါသည်။ စုစုပေါင်းဧက ၇ဝဝဝ ကျော်ရှိ ပြီး မွေးမြူရေးလုပ်ငန်းရှင်များအား နေရာချထားပေးခဲ့သည်။ နောက်ပိုင်းတွင် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မွေးမြူရေးသမားများပါဝင်သည့် မွေးမြူရေးဇုန် ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းပေးပြီး ငွေစာရင်းများပါ လွှဲပြောင်း ပေးခဲ့ပြီး အဘနှင့် ကျွန်တော်ရုံးသို့ ပြန်ခဲ့ပါသည်။
တိုင်းပြည်တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူ
နောက်ပိုင်းတွင် ကျွန်တော် ဂျပန်သို့ ဘွဲ့လွန်သင်တန်းတက်ရောက် ရန် သွားရောက်ခဲ့ပါသည်။ အဘလည်း အသက် ၆ဝ ပြည့်သည်အထိ တိုင်းပြည်တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့ပါသည်။ ကျွန်တော် ဂျပန်မှ ပြန်လာသည့်အချိန်တွင်တော့ အဘကို သွားရောက်တွေ့ ဆုံပါသည်။ ဂျပန်တွင်ရှိနေစဉ်အချိန်နှင့် အချိန်အတော်များများ တွင်လည်း လူမှုကွန်ရက်စာမျက်နှာ(Facebook)တွင် အဘနှင့် တွေ့ရပါသည်။
ကျွန်တော် ဂျပန်မှ ဒေါက်တာဘွဲ့ရခဲ့ပြီးနောက် ဌာနတွင် ဆက်လက်တာဝန်ထမ်းဆောင်နေပါသည်။ ပြီးခဲ့သည့် သုံးလပိုင်းက အဘဖုန်းဆက်လာပါသည်။ အဘကို နိုင်ငံတော် မှ တာဝန်ပေးအပ်လာ သဖြင့် သွားရောက်တာဝန်ထမ်းဆောင်မည်ဖြစ်၍ လိုက်လို မလိုက်လို ကျွန်တော့်အား မေးခြင်းဖြစ်ပါသည်။ အဘက “ငါပင်ပန်းဆင်းရဲတဲ့ အချိန်မှာ အတူလက်တွဲ လုပ်ခဲ့ပြီး အခုအရေးကြီးတာဝန်ထမ်းဆောင် ချိန်မှာ ငါ့တပည့်ကို ငါနဲ့အတူ ရှိစေချင်လို့” ဆိုသည့် အဘ၏စကားကို ကျွန်တော် မငြင်းပယ်နိုင်တော့ပါ။ နေပြည်တော်သို့ အဘနှင့် အတူ လိုက်၍ တာဝန်ထမ်းဆောင်ဖြစ်ပါသည်။
အဘကို နိုင်ငံတော်မှ နေခွင့်ပေးသည့်အိမ်သည် အရှေ့ဘက်သို့ လှည့်ပါသည်။ အဘက မြောက်ဘက်အစွန်းဆုံးအခန်းတွင်နေပြီး ကျွန်တော့်ကို ကျွန်တော်နေရမည့် အိမ်တွင်မထား။ အဘအိမ် တွင်ပင် တောင်ဘက် အစွန်ဆုံးအခန်းတွင် နေစေပါသည်။ ကျွန်တော်ရော အဘပါ မိသားစု အတူလိုက်၍ မနေပါ။ အိမ်တွင် ယာဉ်မောင်း မောင်ကျော်မှာလည်း လူပျိုဖြစ်၍ ကားဂိုဒေါင်တွင် နေပါသည်။ သန့်ရှင်ရေးလင်မယားမှာလည်း ကားဂိုဒေါင် အခန်း တစ်ခန်းတွင် နေကြပါသည်။
အဘက အလုပ်ကို အချိန်နှင့် လုပ်ပါသည်။ ည ၁ဝ နာရီပုံမှန်အိပ်ပြီး မနက် ၄ နာရီခွဲ ပုံမှန်ထပါသည်။ ကျွန်တော်က ညဘက်တွင် စာကြည့် လေ့ရှိပြီး ညဉ့်နက်မှ အိပ်တတ်ပါသည်။ မနက်စောစော ထသည့်အလေ့ အကျင့်မရှိပါ။ အဘကတော့ မနက် ၄ နာရီခွဲပုံမှန်ထပြီး မျက်နှာ သစ်တော်ရေ၊ သောက်တော်ရေကပ်ပြီး ဘုရားရှိခိုးလေ့ရှိပါသည်။ ဘုရားရှိခိုးသည့်အခါတွင်လည်း “နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော် ဗန်းမော်ဆရာတော်ကြီးက ရတနသုတ်နဲ့ မေတ္တသုတ်ကို တစ်နေ့သုံးခေါက်ရွတ်ဖို့ ပြောတယ်ကွ။ မင်းလည်း ရွတ်နိုင်ရင် ရွတ်။ ငါလည်းမနက်တိုင်း ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ ပဋ္ဌာန်းရွတ်၊ ဓာရဏပရိတ်ရွတ်တယ်” ဟုပြောပါသည်။ အဘဘုရား ရှိခိုးလျှင် ၄၅မိနစ်ခန့် ကြာတတ်ပါသည်။ မနက် ၆ နာရီထိုးပြီး ၁၅ မိနစ်တွင် အဘနှင့် ကျွန်တော် ပုံမှန်လမ်းလျှောက်ပါသည်။ ၇ နာရီထိုး အိမ်ပြန်ရောက်ပြီး အဘလေ့ကျင့်ခန်းလုပ်၊ ရေချိုး၊ နံနက် ၈ နာရီတွင် နံနက်စောစာ ပုံမှန်စားပါသည်။ ကျွန်တော်တို့ ရုံးသွားရန် အိမ်မှ နေ့စဉ်မနက် ၈ နာရီခွဲတွင် ထွက်လေ့ရှိပါသည်။ ရုံးတွင် တစ်နေကုန် အလုပ်လုပ်ပြီး ညနေ ၆ နာရီကျော်မှ အိမ်ပြန်ရလေ့ရှိပါသည်။
ကျွန်တော် နိဒါန်းတွင် ရေးခဲ့သည်ကို ပြန်၍ ဆက်ပါမည်။ ရုံးမှ အပြန်တွင် တစ်ကိုယ်လုံးနာကျင်ကိုက်ခဲပြီး ဖိန်းတိန်းတိန်း၊ ရှိန်းတိန်းတိန်းဖြစ်နေသဖြင့် အိမ်ပြန်အရောက်တွင် ကျွန်တော်နှင့် ကားဒရိုင်ဘာမောင်ကျော်၊ ညစောင့်မောင်သိန်း၊ သန့်ရှင်းရေး ကိုဘုန်း တို့ ခြင်းခတ်ကြပါသည်။ ခြင်းက မခတ်တာကြာ၍ ခတ်ရသည်ထက် ကောက်ရသည်က များနေပါသည်။ မည်သို့ဆိုစေ ချွေးတွေတအား ထွက်ပါသည်။ ခဏနားပြီး ရေချိုး၊ ထမင်းစားပါသည်။ အဘက ညစာထမင်းမစားပါ။ အဘအတွက် အရွက်ကြော်လေးသာ ကြော်ပေး ရပါသည်။
ကိုဗစ်ရောဂါဖြစ်နေ
အဲဒီည ဆေးသောက်ပြီး အိပ်သော်လည်း ကျွန်တော် ညလယ် လောက်တွင် ချွေးစေးထွက်၍ ဖျားပါသည်။ လည်ချောင်းလည်း ပိုပြီးနာပါသည်။ သို့ဖြစ်၍ မနက်အိပ်ရာထသည့်အခါ နှာခေါင်း စည်း(Mask)တပ်ပြီး အဘကို ဆေးခန်းသွားမည်ဟု သတင်းသွား၍ ပို့ပါသည်။ ဆေးရုံတွင် ကျွန်တော့်ကို ဆေးစစ်ကြည့်သောအခါ ကိုဗစ်ရောဂါဖြစ်နေကြောင်း သိရပါသည်။ ကျွန်တော်ရုံးမပြန်ရတော့ဘဲ ကွာရန်တင်း(Quarantine)သို့ တန်း၍ ပို့ပါသည်။ ကျွန်တော်တို့ ရုံးမှ ကိုဆွေလည်း ဆေးစစ်သည့်အခါ ပေါ့စတစ်ဖြစ်၍ စည်ပင်ဧည့် ရိပ်သာ (၁)သို့ ရောက်လာပါသည်။
ကျွန်တော်တို့ရုံးမှ ကျွန်တော်တို့ နှစ်ယောက် ကိုဗစ်ပေါ့စတစ်ဖြစ်၍ အဘနှင့် ရုံးရှိ ကျန်သူများနှင့် အိမ်မှ လူများ နောက်တစ်နေ့တွင် ကိုဗစ်ရောဂါပိုးရှိ မရှိ စစ်ဆေးကြပါသည်။ ယာဉ်မောင်း မောင်ကျော်၊ ညစောင့် မောင်သိန်း၊ ရုံးသန့်ရှင်းရေးဒေါ်သင်း၊ အိမ်ထမင်းချက် ဒေါ်တင်တို့ ပေါ့စတစ်ဖြစ်ပြီး အဘနှင့် ကျန်လေးဦး နက်ဂတစ်ဖြစ် ကြောင်း သိရှိရပါသည်။ ယာဉ်မောင်း မောင်ကျော် ပေါ့စတစ်ဖြစ်သဖြင့် အဲဒီကားကြီးနှင့်အတူ ပြန်လာသည့် အဘကို နောက်တစ်ရက်တွင် နှစ်ခေါင်းတို့ဖတ်ရော အာခေါင်တို့ဖတ်ပါ ထပ်မံယူ၍ စစ်ဆေးကြောင်း သိရပါသည်။
မောင်ကျော်မောင်းသည့် ရုံးကားကြီးကို ပိုးသတ်ဆေးဖျန်း၍ အိမ်မှာလော့ဒေါင်းချပြီး ဝန်ကြီးရုံးမှ ကားဖြင့် အဘသွားရောက်၍ ထပ်မံစစ်ဆေးခြင်း ဖြစ်ပါသည်။ ယာဉ်မောင်းမှာ နှာခေါင်းစည်း နှစ်ထပ်ပင် တပ်ထားပါသည်။ ယာဉ်မောင်းလည်း ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီး ဖြစ်သော်လည်း အဘနှင့်အတူ သွားရောက်ခြင်း ဖြစ်သဖြင့် ယာဉ်မောင်းကိုပါ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူ၍ စစ်ဆေးခဲ့ကြပါသည်။ အာဇာနည်နေ့က စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ မနေ့က အဖြေသိရပါသည်။ အဘက လေးကြိမ်မြောက် နက်ဂတစ်၊ ယာဉ်မောင်းက ပေါ့စတစ်ဖြစ်ပြီး စည်ပင်ဧည့်ရိပ်သာ ကွာရန်တင်းသို့ ရောက်ရှိခဲ့ပါပြီ။
ကြံ့ကြံ့ခံ ရင်ဆိုင်
ကျွန်တော်၏ အဘကတော့ တစ်ယောက်တည်းနေ တစ်ကိုယ် တည်းစား၊ အချိန်မှန် လမ်းလျှောက်၊ လှုပ်ရှား၊ အချိန်မှန်အိပ်၊ အချိန် မှန်စား၊ ရတနသုတ်၊ မေတ္တသုတ်၊ ပဋ္ဌာန်းပါဠိတော်၊ ဓာရဏ ပရိတ်တော်တို့ကို ရွတ်ဖတ်ပွားများရင်း ကိုဗစ်ပြန့်ပွားမှုကို အပြုံး မပျက် ကြံ့ကြံ့ခံ ရင်ဆိုင်နေကြောင်းကို စည်ပင်ရိပ်သာတွင် ပြန်လည် သုံးသပ်စဉ်းစားနေမိပါသည်။ ။
- Log in to post comments