ကိုဗစ်-၁၉ ကပ်ရောဂါမှာ တစ်ကမ္ဘာလုံး အရှိန်အဟုန်ဖြင့် ဖြစ်ပွားနေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ရောဂါ အရှိန်အဟုန်ဖြင့်ဖြစ်ပွားလျက်ရှိရာ ပြည်သူများ ရောဂါဘေးအန္တရာယ်ကာကွယ်ရေးအတွက် အပြင်းအထန်ရုန်းကန် ကြိုးစားနေကြသည်။ ကပ်ရောဂါမှာ တစ်ကမ္ဘာလုံးကြုံတွေ့နေရသော ပြဿနာ ဖြစ်ပေါ်နေရာ မြန်မာနိုင်ငံအနေဖြင့်မူ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် နည်းပါး နေခြင်း အခက်အခဲပြဿနာများ အဓိကရင်ဆိုင်နေရသည်။
ကျန်းမာရေးဝန်ထမ်းများမှာ နိုင်ငံရေးကို အကြောင်းပြု၍လည်းကောင်း၊ အခြားအကြောင်းအမျိုးမျိုးကြောင့်လည်းကောင်း ၎င်းတို့နှင့်သက်ဆိုင်သော ကျန်းမာရေးဌာနများနှင့် ကင်းကွာလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံအနှံ့ရှိ ကျန်းမာရေး ဌာနများတွင် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို တာဝန်သိသော ကျန်းမာရေး ဝန်ထမ်းများ အလွန်နည်းပါးစွာဖြင့် ရင်ဆိုင်ဖြေရှင်းနေရသည်။ တာဝန်သိသော ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရောဂါဝေဒနာရှင်များအား ရှိသည့်အားနှင့် မနိုင်ဝန်ထမ်းနေရသောကြောင့် အရေးပါသည့်ကျန်းမာရေးဝန်ထမ်းများ ရောဂါ ကူးစက်မှုမရှိစေရေးသာမက လုံခြုံရေးအတွက်ပါ အထူးသတိထားဆောင်ရွက်နေရ သည်။
ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်သော ကူးစက်ရောဂါကာကွယ်ရေး ပစ္စည်းများ၊ လိုအပ်သောဆေးဝါးများ ပြတ်တောက်မှုမရှိစေဘဲ လိုအပ်သည်များကို အစဉ်သဖြင့် ရရှိစေရန် ကပ်ရောဂါဖြစ်ပွားနေသည့်ကာလတစ်လျှောက် ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ ကူးစက်ရောဂါကာကွယ်ရေးတွင် အရေးပါသည့်ကာကွယ် ဆေးထိုးခြင်းကို ကျန်းမာရေးဝန်ထမ်းများအား ဦးစားပေးထိုးနှံပေးနေသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးစီမံချက်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ တွင် စတင်ခဲ့ပြီး လက်ရှိအချိန်တွင် ကျန်းမာရေးဝန်ထမ်းများအပါအဝင် လူဦးရေ ၁ ဒသမ ၇သန်းအား ကာကွယ်ဆေးထိုးပေးခဲ့ပြီး ထပ်မံရရှိသောကာကွယ်ဆေးများ ဖြင့် ယခုနှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှုအတွက် လျာထား ရည်မှန်းချက် လူဦးရေ ၅၀ ရာခိုင်နှုန်းအား ကာကွယ်ဆေးထိုးပေးနိုင်ရန် ရည်ရွယ် ထားသည်။
မြန်မာနိုင်ငံရှိပြည်သူများ ကပ်ရောဂါကင်းဝေးရေးအတွက် လိုအပ်သည့် ကာကွယ်ဆေးများရရှိအောင် ကူညီလှူဒါန်းပေးခဲ့ကြသော အိန္ဒိယ၊ တရုတ်၊ ရုရှား မိတ်ဆွေနိုင်ငံများအား အထူးကျေးဇူးတင်ရှိရမည်ဖြစ်သည်။ ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို ပြည်သူများခံစားနေရချိန်တွင် စေတနာရှေ့ထား၍ ဆောင်ရွက် ပေးခဲ့ကြပါသော ကျန်းမာရေးဝန်ထမ်းများ၊ စေတနာရှင်ပြည်သူများ၊ စေတနာရှင် အလှူရှင်များ၊ မိတ်ဆွေနိုင်ငံများအား နိုင်ငံတော်နှင့်အတူ ပြည်သူများက အသိ အမှတ်ပြုကြရမည်ဖြစ်သည်။ ပြည်သူများ ကပ်ရောဂါဘေးကြောင့် ဒုက္ခအခက်အခဲ များ ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် ပြည်သူများ၏ အသက်အန္တရာယ်နှင့် ကျန်းမာ ရေးကို အလေးမထားဘဲ နိုင်ငံရေးစိတ်ခံစားချက်များဖြင့် ကဖျက်ယဖျက် ဖျက်လို ဖျက်ဆီး နှောင့်ယှက်ဟန့်တားနေကြသူများအား ရှုတ်ချရမည်ဖြစ်သည်။
ယခုအခါတွင် ပြည်သူလူထုကြား၌ ရောဂါနှင့်ဆက်စပ်ပတ်သက်၍ အသက်ရှူ လမ်းကြောင်းဆိုင်ရာ အောက်ဆီဂျင်လိုအပ်မှုပြဿနာများ မြင့်မားစွာဖြစ်ပေါ်လျက် ရှိသည်။ နေ့စဉ်နှင့်အမျှ အောက်ဆီဂျင်ရရှိရေးကို ပြည်သူများ အလုအယက်ကြိုးပမ်း နေကြသည်။ ယင်းအခြေအနေတွင် တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံမှ နယ်စပ်ဖြတ်ကျော်၍ အောက်ဆီဂျင်သယ်ဆောင်နိုင်ရေးကို ကူညီဆောင်ရွက်ပေးသော အစိုးရများအား လည်း ကျေးဇူးတင်ရမည်ဖြစ်သည်။ သို့သော်အောက်ဆီဂျင်ရရှိရေးကို နှောင့်ယှက် ဟန့်တား မလိုလားဖျက်ဆီးနေသူများနှင့် အောက်ဆီဂျင်လိုအပ်မှုကို မတော် လောဘဖြင့် စီးပွားရှာနေကြသူများကိုလည်း ကန့်ကွက်ရမည်ဖြစ်သည်။ ယခုအခါ မြို့ နယ်များတွင် အောက်ဆီဂျင်စက်ရုံများတည်ဆောက်ရေးအတွက် ကူညီလှူဒါန်း ဆောင်ရွက်ပေးနေသူများအား အသိအမှတ်ပြုကြရမည်ဖြစ်သည်။
ယနေ့အရေးသည် ပြည်သူအားလုံး၏အရေးဖြစ်၍ ပြည်သူများလိုအပ်ချက်ကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်းသည် မွန်မြတ်သောစိတ်ထား ထားရှိခြင်း ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံတွင် ရောဂါကပ်ဘေးကို ပြည်သူများရင်ဆိုင်ကြုံတွေ့ နေရချိန်တွင် နိုင်ငံရေးခံယူချက်များ၊ ပုဂ္ဂိုလ်ရေးနှင့်သက်ဆိုင်သည့် လိုလားမှု၊ မလိုလားမှုများကို ဘေးဖယ်ထားသင့်သည်။ ပြည်သူများကျန်းမာရေးကို စိတ်ရင်း မှန်စွာဖြင့် ဆောင်ရွက်ခြင်းသည်သာ မွန်မြတ်သောလူသားအဖြစ် ဂုဏ်သိက္ခာရှိရှိ ခံယူနိုင်မည်ဖြစ်သည်။ ယမန်နှစ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ် ပါဝင်ဆောင်ရွက်ခဲ့ကြ သူများသည် ယနေ့ကာလတွင်လည်း စေတနာရှေ့ထား ဆောင်ရွက်ပေးသင့်ပါသည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ကပ်ရောဂါဘေး တတိယလှိုင်းဖြစ်ပေါ်နေစဉ်တွင် ပြည်သူများမှာ မိမိတို့အသက်အန္တရာယ်၊ ကျန်းမာရေးအတွက် အားကိုးအားထားပြုရ မည့်သူများနှင့် လိုအပ်ချက်များကို အထူးမျှော်လင့်လျက်ရှိရာ ပြည်သူများအရေးကို အခြားအရေးများနှင့်မရောယှက်ဘဲ စိတ်ရင်းစေတနာမှန်ကန်စွာဖြင့် ဝိုင်းဝန်း လက်တွဲကူညီဆောင်ရွက်ပေးနိုင်ရေး အထူးလိုအပ်လျက်ရှိပါကြောင်း။ ။
Remark Type