မြတ်စွာဘုရားရှင်လက်ထက် ဝေသာလီပြည်တွင် အနာရောဂါ ဘေး၊ ဘီလူးသရဲတို့၏ ဘေး၊ ငတ်မွတ် ခေါင်းပါးခြင်းဘေး ဟူသော ဘေးအန္တရာယ်ကြီးသုံးမျိုး ကျရောက်ခဲ့သည်။ ယင်းဘေးအန္တရာယ်ကြီး များမှ လွတ်မြောက်ပါစေခြင်းအကျိုးငှာ ဝေသာလီပြည် လိစ္ဆဝီမင်း တို့က ဂင်္ဂါမြစ်တစ်ဖက်ကမ်းတွင်ရှိပြီး ရှစ်ယူဇနာကွာဝေးသော ရာဇဂြိုဟ်ပြည်တွင် သီတင်းသုံးနေသည့် မြတ်စွာဘုရားကို ရာဇဂြိုဟ် ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးမှတစ်ဆင့် ပင့်ဖိတ်လျှောက်ထားသောအခါ ဘုရားရှင်သည် ညီတော်အာနန္ဒာနှင့်အတူ ရဟန္တာငါးရာ ခြံရံ၍ ဝေသာလီပြည်သို့ ကြွချီတော်မူသည်။
မြတ်စွာဘုရား ဝေသာလီပြည်သို့ ရောက်သည်နှင့် ကောင်းကင်ယံ ၌ မိုးတိမ်များ အုံ့ဆိုင်းကာ မိုးကြီးသည်းထန်စွာ ရွာသွန်းပြီး သေဆုံး ပုပ်ပွနေသည့် ရုပ်အလောင်းများ ရေနှင့်မျောပါကာ မကောင်းသည့် အနံ့များကင်းစင်၍ သန့်ရှင်းသွားသည်။ မြတ်စွာဘုရားသည် တံတိုင်း သုံးထပ်ကာရံထားသည့် ဝေသာလီမြို့၏ တတိယတံတိုင်းတွင် ရတနသုတ်ကို ညီတော်အာနန္ဒာအား ဟောပြောသင်ကြားပေးပြီး ညီတော်အာနန္ဒာမထေရ်က တံတိုင်းသုံးခုစလုံးတွင် ညလုံးပေါက် ရွတ်ဖတ်သရဇ္စျယ်ပေးခဲ့သည်။ မြတ်စွာဘုရားသည် ရတနသုတ်ကို ဝေသာလီတွင် ခုနစ်ရက်တိုင်တိုင် ဟောတော်မူခဲ့သည်။
ဘယာဥပဒ်၊ သတ်ဖြတ်ခန္ဓာ၊ ဒုဗ္ဘိက္ခာနှင့်၊ ရောဂါဖျက်ဆီး၊ မှုကြီး ထွေရာ၊ တွေ့ရောက်လာသော်၊ ယာနီဓဘူတ၊ ရတနဟု၊ တေဇလျှံထိပ်၊ သုတ်ပရိတ်ကို၊ စိတ်သစ္စာမှု၊ ရွတ်ဖတ်ပြုလော့ ဆိုသည့် လင်္ကာလေး အတိုင်း ကပ်ကြီးသုံးပါးမှ လွတ်မြောက်ခြင်း၊ စုန်းတစ္ဆေ၊ ပယောဂတို့ကို နိုင်ခြင်း၊ အမှုအခင်းတို့နှင့် ရင်ဆိုင်ရခြင်းတို့မှ လွတ်မြောက်ခြင်းဟူသော အကျိုးကျေးဇူးတို့ကို ရတနသုတ်ပရိတ် ရွတ်ဖတ်ပူဇော်ခြင်းဖြင့် ရရှိနိုင်သည်ဟု ဗုဒ္ဓဘာသာဝင်တို့က ယုံကြည်ကြသည်၊။ အစားအစာ ငတ်မွတ်ခေါင်းပါးခြင်း၊ ကပ်ရောဂါများ ကျရောက်ခြင်း၊ စစ်မက် လက်နက်တို့ကြောင့် ဘေးအန္တရာယ်ကျရောက်ရခြင်း ဟူသော ကပ်သုံးပါးတို့မှာ လူတို့တွင် လောဘဖုံးလွှမ်းခြင်း၊ မောဟဖုံးလွှမ်းခြင်း၊ ဒေါသဖုံးလွှမ်းခြင်းတို့မှ အစပြုခြင်းဖြစ်သည်။ ပရိတ်တရားတို့ကို နာယူခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းတို့သည် ကုသိုလ်အမှုများဖြစ်ကြပြီး လောဘ၊ မောဟ၊ ဒေါသတို့ လျော့ပါးကင်းစင်စေခြင်းက လိုရင်းဖြစ် သည်။ ပရိတ်တရား၏ အကျိုးကိုရခြင်း၊ မရခြင်းတို့မှာ ရွတ်သူ၊ နာသူ တို့အပေါ်တွင်တည်သည်။
မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသိန်တို့၏ အမေးအဖြေတွင် ပရိတ် အရံအတားတို့၏ အကျိုးနှင့်စပ်လျဉ်း၍ “ကံပိတ်ပင်တားမြစ်ခြင်းမှ လွတ်ကင်းသူ၏ အကျိုးငှာ ပရိတ်အရံအတားကို မြတ်စွာဘုရားက ဟောကြားခြင်းဖြစ်သည်” ဟု ရှင်နာဂသိန်က ဖြေခဲ့ပြီး“ မဟာရာဇာ- ဥပမာ-သေ၍ ခြောက်သွေ့ကာ အဆီဩဇာမရှိသော အခေါင်း ရှိသည့် သစ်ပင်အား ရေအိုးတစ်ထောင်ဖြင့် ပက်ဖျန်းသော်လည်း တစ်ဖန်ပြန် ၍ စိမ်းစိုကာ ရွက်ညွန့်ထွက်ရန် မဖြစ်နိုင်ပါ။ ထို့အတူပင် အသက်ကုန် ခါနီးသူအား ဆေးကုခြင်း၊ ပရိတ်ရွတ်ခြင်းတို့ဖြင့် အကျိုးမရှိပါ” ဟု ဆက်လက်ရှင်းပြခဲ့သည်။ အမေးအဖြေ၏ နောက်တစ်နေရာတွင် “ဘန္တေ- သို့ဖြစ်ပါလျှင် အလုံးစုံသော သူတို့အား ပရိတ်အရံအတားသည် ကာကွယ်စောင့်ရှောက်ပါသလော”၊ “မဟာရာဇ-အချို့ကို စောင့်သည်၊ အချို့ကိုကား မစောင့်ပါ”၊ “သို့ဖြစ်ပါလျှင် ဘန္တေ- ပရိတ်သည် အလုံးစုံ သော အကျိုးကို မပြီးပါတကား” ဟု မိလိန္ဒမင်းကြီးက ကောက်ချက်ချ သဖြင့် လူတို့စားသော အစာအာဟာရသည်ပင် အချို့သူတို့အတွက် ဘေးဖြစ်ကြောင်း၊ အစာအာဟာရကို ကောင်းစွာမမှီဝဲသည့်အခါ အသက်အန္တရာယ်ပင်ဖြစ်ကြောင်း ရှင်နာဂသိန်က ဟောကြားခဲ့ပြီး ပရိတ်သည် အချို့ကိုမစောင့်၊ အချို့ကိုစောင့်သည်။ အကုသိုလ်ကံ အားကြီးသောသူ၊ အစဉ်ထာဝရ အယူအဆမှားယွင်းနေသူနှင့် အယုံအကြည်ကင်းမဲ့သူအား ကာကွယ်စောင့်ရှောက်သော်လည်း အကျိုးမရောက် ဖြစ်ရသည်။ ဥပမာ အမိသည် များစွာသော အပြစ် ဒဏ်တို့ဖြင့် အချုပ်အနှောင်ခံရသော သားမိုက်ကို စောင့်ရှောက်လို သော်လည်း မစောင့်ရှောက်နိုင်သကဲ့သို့ ဖြစ်သည်ဟု ရှင်းလင်း ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါ အရှိန်အဟုန်မြင့်တက်နေချိန်တွင် အရံအတားအဖြစ် ရတနသုတ်ပရိတ်တော်ကို ရွတ်ဖတ်ပူဇော်ကြမည့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့အတွက် ဝေမျှအပ်ပါကြောင်း။ ။