ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလတွင် ရောဂါဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူများကြား တွင် စိုးရိမ်ပူပန်မှုဖြစ်နေကြသည်။ ပြည်သူများသည် ကပ်ရောဂါကို စိုးရိမ်ကြောက်ရွံ့ နေကြသည်။ ကြောက်ရွံ့စိုးရိမ်နေမှုများကြားမှ ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုများ မြင့်တက်လာသည်ကိုတွေ့ရသည်။ လက်ရှိတွင် ရောဂါဆိုးကြီးကို စိုးရိမ်ကြောက်ရွံ့ ပြီး ရောဂါ၏တိုက်ခိုက်ခြင်းကို ခံနေရသည်ဟုဆိုချင်သည်။
အမှန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်စေ၊ အောက်ဆီဂျင်ကျဆင်းမှုဖြစ်စေ ရောဂါက တိုက်ခိုက်နေခြင်းကို အရှုံးပေးနေရခြင်းမဟုတ်ဘဲ ရောဂါကို ခုခံကာကွယ်နိုင်သည့် ကိုယ်ခံအားစနစ်ကို စနစ်တကျ မထူထောင်ထားနိုင်၍သာ လက်လျှော့အရှုံးပေးနေရခြင်းဖြစ်သည်။ ဗိုင်းရပ်စ်ရောဂါပိုးနှင့် ကိုယ်ခံအားတိုက်ပွဲတွင် ခုခံစွမ်းအားကို မတည်ဆောက်နိုင်သည့် ပြဿနာဖြစ်သည်။ ရောဂါဖြစ်ပွားမှုကို စနစ်တကျ ခံယူကြသော လူနာအများစုသည် ဗိုင်းရပ်စ်ပိုးကို ကိုယ်ခံစွမ်းအားစနစ်က အနိုင် တိုက်နိုင်၍ ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံမှ ဆင်းသွားနိုင်သော လူနာ အမြောက်အမြားရှိသည်။
ကိုဗစ်-၁၉ ရောဂါကို ကုသစောင့်ရှောက်မှုပေးနေသည့် စေတနာဆရာဝန် များသည် များသောအားဖြင့် လူနာများအား အထူးအထွေပြုလုပ်ပေးရခြင်းမရှိပေ။ ရောဂါ ပြင်းပြင်းထန်ထန်ဖြစ်ပွားသော လူနာများကိုသာလျှင် အထူးကြပ်မတ် ကုသပေးပြီး ငါးရာခိုင်နှုန်းခန့်သော လူနာများသာ ခုခံအားစနစ် ကျဆုံးသွားသည့် အတွက် လက်လွှတ်အလျှော့ပေးလိုက်ရသည်။ ပြည်သူလူထုကြားတွင် ကိုဗစ်-၁၉ လူနာများ နေ့စဉ်သေဆုံးမှုများပြီး ကျန်းမာရေစနစ်ပြိုလဲနေသယောင် ဝါဒဖြန့်မှုများ ရှိသည်။ အမှန်တကယ်တွင် ရောဂါအခံရှိသူများ၊ အသက်အရွယ်ကြီးရင့်သူများ၊ ကိုယ်ခံအားစနစ်ကို အခိုင်အမာမတည်ဆောက်နိုင်သူများ၊ ဆေးရုံသို့ အချိန်မီ မရောက်ရှိသူများ၊ ရောဂါပြင်းထန်မှ လုပ်မိလုပ်ရာ လုပ်ကြသူများ စသည်တို့ဖြင့် အဖိတ်အစဉ်များ ဖြစ်ပေါ်နေသည်။
အချိန်မီ စနစ်တကျပြသ ကုသမှုခံယူကြသောလူနာများအား ကိုယ်ခံအားစနစ် ပြန်လည်ကောင်းမွန်လာစေရန်အတွက် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အစာ အာဟာရများ၊ အောက်ဆီဂျင်များ၊ ပြုစုစောင့်ရှောက်မှုများနှင့် စစ်ကူပေးကာ ရောဂါကို ခုခံကာကွယ်နိုင်ကြသည်။ ဗိုင်းရပ်စ်ပိုးသည် လူကိုအနိုင်ယူနိုင်ခြင်းမှာ ရောဂါပိုးကို အင်အားဖြစ်စေသော အခြားရောဂါများ ထကြွလာချိန်အား စောင့်မျှော် နေသည်ကို သတိပြုရမည်ဖြစ်သည်။ ထို့ကြောင့် အခြားရောဂါများ ထကြွမလာအောင်၊ ကိုယ်ခံအားစနစ်ကောင်းအောင် အထူးဂရုစိုက်ကြိုးပမ်းနေရသည်။ အဓိကမှာ စိတ်ဓာတ်မကျဆင်းစေရန်လိုအပ်ပြီး စိတ်ဓာတ်ကျဆင်းသွားပါက ဗိုင်းရပ်စ်ပိုးက အနိုင်ယူသွားမည်ကို သတိပြုရမည်ဖြစ်သည်။
ရောဂါဝေဒနာနှင့်ပတ်သက်၍ အောက်ဆီဂျင်ကျဆင်းမှု တစ်မျိုးတည်း မဟုတ်သည်ကို သတိပြုရမည်ဖြစ်သည်။ အောက်ဆီဂျင်တစ်မျိုးတည်းဖြင့် ရောဂါ ပျောက်မည်မဟုတ်သည်ကိုလည်း သိရှိထားဖို့လိုအပ်ပေသည်။ အောက်ဆီဂျင်ကို မလိုအပ်ဘဲပေးခြင်း၊ ဆရာဝန်ညွှန်ကြားချက်အတိုင်း မဆောင်ရွက်ခြင်း၊ မလိုအပ်ဘဲ စုဆောင်းနေခြင်းများကြောင့် အောက်ဆီဂျင်ရယူသူရော လိုအပ်နေသောဆေးရုံ များအတွက်ပါ အခက်အခဲဖြစ်နိုင်သည်ကိုလည်း သိရှိထားရန်လိုအပ်သည်။ အောက်ဆီဂျင်ကြောင့် အခြားပြဿနာများဖြစ်လာနိုင်သည်ကို သတိပြုရမည် ဖြစ်သည်။ အသက်ရှူမဝ မောပန်းပါက အရေးပေါ်ပြုလုပ်နိုင်သည့်နည်းလမ်းများ ကို ဆရာဝန်များက လမ်းညွှန်ပေးနေကြသည်ကိုလည်း တွေ့ရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွင် ကာကွယ်ဆေးထိုးခြင်းသည် အရေးပါသည့် အချက်ဖြစ်သည်။ ကာကွယ်ဆေးသည် ရောဂါကို လုံးဝကာကွယ်နိုင်ခြင်းမဟုတ်သော်လည်း ရောဂါပိုးကို ခုခံနိုင်စွမ်းရှိသည်။ ထို့ကြောင့် အစောပိုင်းကတည်းက ကာကွယ်ဆေးထိုးကြရန် ရပ်ကွက်များတွင် ဆော်သြခဲ့ကြသည်ကို သတိရသေး သည်။ သို့သော် ကာကွယ်ဆေးမထိုးကြရန် မသမာသူတို့၏ လှုံ့ဆော်မှုကြောင့် နားယောင်ကြသောပြည်သူများသည် ယနေ့ရောဂါဖြစ်ပွားမှု မြင့်မားနေချိန်တွင် ခုခံကာကွယ်နိုင်မှုတစ်ခု ဆုံးရှုံးသည့်သဘောဖြစ်နေသည်။
ယခုအခါ နိုင်ငံတော်အစိုးရက ပြည်သူများ ကာကွယ်ဆေးထိုးနိုင်ရေး မိတ်ဆွေ နိုင်ငံများထံမှ ကာကွယ်ဆေးများ လက်ခံရရှိနေပြီး ကာကွယ်ဆေးလွှမ်းခြုံထိုးနှံ ပေးရေးကို ဆောင်ရွက်နေပြီဖြစ်ရာ ပြည်သူများအနေဖြင့် မိမိတို့ ရောဂါကို ခုခံနိုင် စွမ်းရှိရန်အတွက် ကာကွယ်ဆေးထိုးကြရန် လိုအပ်ပေသည်။ ကာကွယ်ဆေးသည် ရောဂါပိုးကို ခုခံကာကွယ်ရန်အတွက် ၈၀ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းကျော်အထိ အထောက်အကူပြုသည်။ ထို့ကြောင့် ရောဂါကာကွယ်ခုခံနိုင်ရေးအတွက် ကာကွယ် ဆေးသည် အဓိကဖြစ်သည်။ တစ်ကိုယ်ရေကာကွယ်ရေး လက်ဆေး၊ ပါးစပ်နှာခေါင်း မျက်စိတို့ကို ကာကွယ်၊ တစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေးနေထိုင်ပေးကြရမည်ဖြစ်ပြီး ကျန်းမာအောင်နေထိုင်ကြ၍ ရောဂါနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုကို လျှော့ချကြကာ လုပ်သင့်သည်များကို စနစ်တကျလုပ်ကိုင်ကြရန်လိုအပ်သည်။
သို့ဖြစ်ရာ ပြည်သူများအနေဖြင့် မိမိကိုယ်မိမိ ကိုယ်ခံအားကောင်းအောင် အထူးဂရုစိုက်ပြီး မကြာမီတွင် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံပေးတော့မည့် ကာကွယ်ဆေးထိုးရေး ပြည်သူလူထုအစီအစဉ်တွင် မိမိနှင့် မိမိ မိသားစုရရှိမည့် အခွင့်အရေးကို လက်လွတ်မခံဘဲ ပါဝင်ထိုးနှံကြဖို့ တိုက်တွန်းလိုပါကြောင်း။ ။