ရှုလော့. . စဉ်းစားလော့. . သင်ယူလော့. . အားကုန်ထုတ်၍ အလုပ်လုပ်ကြလော့

Type

ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)

============================

 

 

(ယမန်နေ့မှအဆက်)

 


၁၉၅၃ ခုနှစ်မှာ   အမေရိကန်သိပ္ပံပညာရှင် ဂျိမ်းစ်ဝက်(တ်)ဆန် (James Watson) နဲ့  ဗြိတိသျှ ပါမောက္ခ ဖရန်စစ်ခရစ်(က်) (Francis Crick) တို့ ဟာ မျိုးရိုးဗီဇအခြေခံဖြစ်တဲ့    ဒီအောက်ဆီရိုင်ဗို နျူကလီးယစ်အက်စစ် (Deoxyribonucleic Acid) DNA    ကို  တွေ့ရှိခဲ့တာဟာ တိုးတက်မှုကြီးပဲ။ သိပ္ပံနဲ့ နည်းပညာလမ်းကြောင်းပေါ်က DNA ဟာ အနာဂတ်အပြောင်းအလဲကြီးဖြစ်နိုင်တဲ့ ၂၁   ရာစု ဟာ  မျိုးရိုးဗီဇခေတ်      ဂျီနှုန်း (Genome) ခေတ်ပဲ။ နိုင်ငံရေး၊ စီးပွားရေး၊  လူမှုရေးနဲ့   ဆက်စပ်ယှက်နွှယ် နေတဲ့  ပညာရေးဟာလည်း  ဟန်ချက်ညီညီ ပြုပြင် ပြောင်းလဲရမှာဖြစ်ပါတယ်။

 


၁၉၅၇   ခုနှစ်   အောက်တိုဘာလ   ၄ ရက်မှာ ဆိုဗီယက်က စပွတ်နခ် (Sputnik) ဂြိုဟ်တုတစ်လုံး ကောင်းကင်မှာလွှတ်တင်တော့        ကျွန်တော်တို့ ကလေးဘဝမှာ အံ့သြပြီး မော့ကြည့်ခဲ့တာ အမော တကော တစ်မျှော်တစ်ခေါ်ပါပဲ။


တက္ကသိုလ်သုတေသီတွေကို မွေးထုတ်


စပွတ်နခ် (Sputnik) ဂြိုဟ်တုကိစ္စဟာ သိပ္ပံနဲ့ နည်းပညာ၊ စစ်ရေးနဲ့ စီးပွားရေးအထိ တာသွားတာ မြင်တဲ့ အမေရိကန်တို့ဟာ ဆိုဗီယက်ပညာရေးကို လေ့လာခဲ့တယ်လို့  ဖတ်ရှုရပါတယ်။ ထိုကာလများ က     အမေရိကန်တို့ရဲ့   လိုအင်တစ်ခုကတော့ ကာကွယ်ရေး၊   စစ်ရေးအတွက်  ကောင်းကင်ယံမှာ ဆိုဗီယက်တို့ကဲ့သို့ ပါဝင်နိုင်ရေး NASA (National Aeronautics and Space Administration) ကဲ့သို့ ပြည်သူ့အဖွဲ့အစည်းတစ်ရပ် သုတေသနတွေလုပ်ဖို့၊ လုပ်နိုင်ဖို့ အမေရိကန်တက္ကသိုလ်တွေဟာ ငွေအား တွေရယူပြီး တက္ကသိုလ်သုတေသီတွေကို မွေးထုတ် ခဲ့ပါတယ်။  အမေရိကန်တို့ဟာ  ၁၉၆၀  ပြည့်နှစ် နောက်ပိုင်းမှာ   သူတို့ရဲ့  တက္ကသိုလ်ပေါင်း ၂၀၀၀ ကျော်အထိ ဖွင့်လှစ်ပြီး  ကျောင်းသား ၃ ဒသမ ၆ သန်းကို သိပ္ပံနဲ့ နည်းပညာနယ်ပယ်မှာ ဇောက်ချ သင်ပေးခဲ့ပါတယ်။ အမေရိကန်တို့ဟာ “Education for all, Science for all” အတွက်  ၁၉၆၅ ခုနှစ်မှာ တစ်နိုင်ငံလုံးကို အင်တိုက်အားတိုက်  မောင်းနှင်ခဲ့ ပါတယ်။  ပြည်တွင်းငြိမ်းချမ်းမှုရှိတော့   လူအား ငွေအားတွေပုံအောပြီး သုံးနိုင်ခဲ့ပါတယ်။ 

 


P    မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်မှာ သိပ္ပံ နဲ့နည်းပညာကို    ဦးစားပေးသင်ကြားမယ် ဆိုတဲ့   ပေါ်လစီချခဲ့ပါတယ်။     ကျွမ်းကျင်မှု အမည်စုံ (Skilled based) ရရှိရေးအတွက် ဒေသကောလိပ်တွေ ဖွင့်လှစ်ခဲ့ပါတယ်။ သိပ္ပံ ပညာရပ်တွေမှာထူးချွန်ရေး     လူရည်ချွန် စီမံကိန်းလည်း ပေါ်ပေါက်ခဲ့ပါတယ်။
ယနေ့အချိန်အခါမှာ     အမေရိကန်နိုင်ငံက တက္ကသိုလ်၊ ကောလိပ်‌ပေါင်း ၃၅၀၀ ကျော် ရှိပါတယ်။  လူဦးရေက သန်း ၃ဝဝ  ဆိုပါစို့။ ကျွန်တော်တို့နိုင်ငံက လူဦးရေ ၅၄ သန်းထားပါ၊ ဒီအချိုးအရ ကျွန်တော်တို့ ဟာ တက္ကသိုလ်၊ ကောလိပ်ပေါင်း  ၄ဝဝ ကျော် လိုပါ လိမ့်မယ်။ အရေအတွက်ကိုပဲ ကျွန်တော်တို့ လုပ်ရပါ ဦးမယ်။ 
သိပ္ပံပညာတတ်မြောက်ရေး အလေးထား


သယံဇာတမရှိတဲ့ စင်ကာပူနိုင်ငံ၊  ထိုင်ဝမ်တို့ဟာ လွန်ခဲ့တဲ့ နှစ် ၇ဝ-၈ဝ က ဆင်းရဲခဲ့ပါတယ်။  ၁၉၇၄ ခုနှစ်မှာ  ထိုင်ဝမ်ဟာ  တက္ကသိုလ်ဝင်ခွင့်ကို ပြင်းပြင်း ထန်ထန် တင်းကျပ်ခဲ့ပါတယ်။ စာတတ်မြောက်ရေး ထက် တစ်ဆင့်တက်ပြီး သိပ္ပံပညာတတ်မြောက်ရေး ကို   အလေးထားဆောင်ရွက်ခဲ့ပါတယ်။ စက်ရုံတွေ ကြီးထွားလာခဲ့ပါတယ်။    စင်ကာပူကတော့  ပထဝီ အနေအထား  အချက်အချာကျပုံကို  သိတဲ့အတွက် မဖြစ်စလောက်သော သယံဇာတကို အားမကိုးတော့ ဘဲ စီးပွားဖြစ်မယ့် ပညာ၊  စီမံခန့်ခွဲမှုပညာတွေကို ထိထိရောက်ရောက်     ကြပ်ကြပ်မတ်မတ်သင်ပေး တာကြောင့်         အင်္ဂလန်ထက်        ပိုပြီးချမ်းသာသွား ပါတယ်။

 


ယနေ့ တိုးတက်ပြီ၊ ချမ်းသာပြီဆိုတဲ့ နိုင်ငံတွေ ဟာ ဒီလိုပဲ အမြဲတိုးတက်ချမ်းသာမြဲ ချမ်းသာနေကြ မှာလား။ ဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာလည်း အမြဲပဲ   ဒုက္ခပင်လယ်ဝေနေဦးမှာလား။  ဒီလိုအမြဲ မဟုတ်ကြပါဘူး။ လူတိုင်း၊ နိုင်ငံတိုင်းမှာ ဆင်းရဲသည် ဖြစ်စေ၊  ချမ်းသာသည်ဖြစ်စေ၊  ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ စိန်ခေါ်မှုတွေရှိသလို အခွင့်အလမ်း တွေလည်း   ရှိတယ်ဆိုတာ သိဖို့၊  ရှုဖို့၊  စဉ်းစားဖို့၊ သင်ယူဖို့က အဓိကကျကြောင်း အာဖရိကကျေးလက် ပုံပြင်လေးက      ကမ္ဘာကို       ဒီလိုပြောကြားလိုက် ပါတယ်။

 


“နံနက်အချိန်ရောက်တိုင်း သမင်၊ ဒရယ်၊ ချေ (ဂျီ)ငယ်လေးတွေက အိပ်ရာကထ၊ စဉ်းစားကြ ပါတယ်။    တို့တစ်တွေ    အသက်ရှင်ဖို့ဆိုရင် အလွန်လျင်မြန်တဲ့ ကျား၊  ကျားသစ်၊    ခြင်္သေ့  တွေထက်  ပို၍မြန်အောင်  ပြေးနိုင်မှဖြစ်မယ်။ အာဖရိကလွင်ပြင်နဲ့ တောင်ကုန်းပေါ်က သားရဲ တိရစ္ဆာန်သတ္တဝါကြီးတွေကလည်း စဉ်းစားပြန် တယ်။  တို့တစ်တွေ  အစာပြတ်လို့မဖြစ်ဘူး။ အပြေးနှေးတဲ့ သတ္တဝါလေးတွေထက် မြန်မြန် ပြေး  သားကောင်ဖမ်းနိုင်မှ  ငတ်မွတ်ခေါင်းပါး ခြင်းမှ ကင်းဝေးမယ်တဲ့။”

 


ဒီပုံပြင်လေးကပြောတဲ့စကားကို နိုင်ငံကြီးငယ် မဟူ    ရှေ့ရေးအတွက် မှတ်ယူကျင့်သုံးကြတာကို တွေ့ရပါတယ်။    ကြီးငယ်မဟူ    သတ္တဝါတွေဟာ တောကြီးတောင်ကြီးထဲမှာ   ရပ်တည်နိုင်ဖို့   သင်ယူ ကြရတာချည်းပဲ။ 

 


P    မြန်မာနိုင်ငံရဲ့    ပန်းတိုင်ကတော့    ၂၀၃၀ ပြည့်နှစ်မှာ ဝင်ငွေအလယ်အလတ်မြင့်တဲ့ နိုင်ငံဖြစ်ဖို့ တစ်နိုင်ငံလုံးက  ဆောင်ရွက်ကြ ရပေမည်။ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၄  သန်း သုည ဒသမ ၈၉ ရာခိုင်နှုန်းနဲ့    နှစ်စဉ် တိုးတက်နေပါတယ်။  လုပ်သားအင်အားစုနဲ့   ၅၂  ရာခိုင်နှုန်းသော     လယ်ယာလုပ်သားက   တိုင်းပြည်ရဲ့     ဂျီဒီပီ    ၃၆   ရာခိုင်နှုန်းကို ထုတ်ပေးနေပါတယ်။    သယံဇာတမျိုးစုံကို ထုခွဲရောင်းချရတဲ့အပေါ်      နိုင်ငံရဲ့ဖွံ့ဖြိုး တိုးတက်မှုဟာ ဒီနေ့ထိ  မူတည်နေဆဲ ဖြစ်ပါ တယ်၊၊ 

 


P    မြန်မာ့လယ်သမားအင်အားကို      ခေတ်မီ အင်အားစုဖြစ်ဖို့   ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး တွေမှာ လက်ရှိဖွင့်လှစ်ထားတဲ့ တက္ကသိုလ် တွေမှာ  ဆန်စပါးစိုက်ပျိုး၊    ငါးမွေးမြူရေး မဟာဌာနကြီးတွေအဖြစ် ပြောင်းလဲသင့်က ပြောင်းလဲရမှာဖြစ်ပါတယ်။ ရေမြေသဘာဝ ရဲ့ တကယ့်တောင်းဆိုမှုကို အဲဒီတက္ကသိုလ် တွေက  ဖြည့်ဆည်းပေးခြင်းဟာ  ကိုယ့် ဒေသလိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ် ဘွဲ့ရတွေ  အိုးမခွာ   အိမ်မခွာရဘဲ  ကိုယ့် တက္ကသိုလ်၊  ကိုယ့်ဒေသကို   ချစ်မြတ်နိုး သူတွေ ခေတ်မီလယ်သမားသူဌေးကြီးတွေ     ပေါ်ထွန်းလာမှာဖြစ်ပါတယ်။      ထိုင်းနဲ့     ဗီယက်နမ်နိုင်ငံတို့ရဲ့      ဆန်တင်ပို့မှုကို ပြန်လည်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။

 

 
ပြည့်စုံနိုင်သမျှပြည့်စုံအောင် ဖန်တီး

 


မြန်မာနိုင်ငံတက္ကသိုလ်များရဲ့   ပညာရေးဟာ အရေးပါပညာရှင်တွေရဲ့       တာဝန်တွေဟာလည်း ၂၁ ရာစုမှာ   ပို၍ကျယ်ဝန်းနက်ရှိုင်းလာပါတယ်။ တက္ကသိုလ်တွေဟာ သူတည်ရှိရာဒေသရဲ့ ကြွယ်ဝမှု အသီးသီးကို ပိုင်ဆိုင်ထားကြပါတယ်။ တက္ကသိုလ် တွေက သူတည်ရှိရာဒေသ လူ့အဖွဲ့အစည်းအတွက် ပညာတတ်မြောက်မှု၊  ကျွမ်းကျင်မှုနဲ့  ဖန်တီးနိုင်မှု တွေမှာ မြင့်မားနိုင်သမျှမြင့်မားအောင် တောင်းဆိုမှု တွေကို ပြည့်စုံနိုင်သမျှပြည့်စုံအောင်  ဖန်တီးပေးရ မှာဖြစ်ပါတယ်။

 


ဥပမာတစ်ခုအနေနဲ့    တင်ပြရရင်    ကချင် ပြည်နယ်ဟာ မြန်မာနိုင်ငံမြောက်ဖျား ဆီးနှင်းတွေ ဖုံးအုပ်တဲ့ တောင်တန်းကြီးနဲ့ စိမ်းလန်းစိုပြည်တဲ့ သစ်တောကြီးက  စီးဆင်းတဲ့ရေဟာ အကောင်း ဆုံးပဲ။      ကမ္ဘာက      ကြိုက်နှစ်သက်လောက်တဲ့   (Mineral water)   သဘာဝဓာတ်တွေ   ပါဝင်တဲ့ ရေဖြစ်ပါတယ်။ ရေသန့်စက်ရုံ    မလိုလောက်အောင်  ကောင်းတဲ့ရေဖြစ်ပါတယ်။  

 


ရေသန့်ကို   မြစ်ကြီးနား အထက်မှာထုတ်၊          တရုတ်ယူနန်ဘက်ကိုပို့၊ ဧရာဝတီမြစ်ကြောအတိုင်း   နိုင်ငံအလယ်ပိုင်းသို့    ပို့ဆောင်ရင် စီးပွားဖြစ်ပြီပဲ။   သစ်သီးဝလံတွေဟာလည်း လတ်ဆတ်၊    ပွင့်တဲ့ ပန်းမန်တွေကလည်း  အမျိုးစုံတဲ့အပြင် သစ်ခွတွေ ကလည်း     ထူးခြားတဲ့ဂုဏ်အင်တွေ   ရှိပါတယ်။ စီးပွားဖြစ်မယ့်လုပ်ငန်းတွေရဲ့    လိုအပ်ချက်ဖြစ်တဲ့    သုတေသနတွေကို      မြစ်ကြီးနားတက္ကသိုလ်က          ဖြည့်ဆည်းပေးရလိမ့်မယ်။


P    ကချင်ပြည်နယ်ရဲ့ ကြွယ်ဝမှုကို နက်နက်နဲနဲ နားလည်ပြီး လူထုကို လွှဲပြောင်းပေးနိုင်ရင်        မြစ်ကြီးနားတက္ကသိုလ်ဟာ ကချင်ပြည်နယ်          လူ့အဖွဲ့အစည်းရဲ့   အရင်းအမြစ်ပဲ။    ဒီလူ့ အဖွဲ့အစည်းဟာလည်း           မြစ်ကြီးနား တက္ကသိုလ်ရဲ့         အရင်းအမြစ်ဖြစ်ပြီမို့           တက္ကသိုလ်နဲ့        လူ့အဖွဲ့အစည်းဟာ      တစ်သားတည်းဖြစ်လာမှာ ဖြစ်ပါတယ်။ 


ကောင်းပါပြီ…သင့်အား တစ်စုံတစ်ယောက် သောသူက နိုင်ငံတကာသို့  ပန်းတင်ပို့ရောင်းချဖို့ နိုင်ငံတစ်နိုင်ငံအား ရွေးပေးပါဆိုရင် ရေမြေ ရာသီ ဥတု  ကောင်းမွန်တဲ့နိုင်ငံ၊  လုပ်အားခသက်သာတဲ့ နိုင်ငံ၊ ပူနွေးတဲ့နိုင်ငံကို ရွေးချယ်ကောင်း ရွေးချယ်ပါ လိမ့်မယ်။   တကယ်တော့    အဲဒီလိုမဟုတ်တော့ ပါဘူး။ ဥရောပတစ်ခွင်နဲ့  ကမ္ဘာကို    ပန်းတင်ပို့တဲ့ နိုင်ငံဟာ ဟော်လန်ဖြစ်နေပါတယ်။ ဟော်လန်ဟာ ပန်းစိုက်ကျွမ်းကျင်ပါတယ်။ 


စီမံခန့်ခွဲမှု စွမ်းရည်မြင့်မား


 ဟော်လန်ဟာ  နိုင်ငံငယ်ငယ်လေး ဆီးနှင်း တွေရှိတဲ့ နိုင်ငံဖြစ်နေပါတယ်။ ဒါကို  ပန်းမျိုးစုံတွေ က မနှစ်သက်ကြတော့     ဖန်လုံအိမ်အာနိသင်ရှိ အောင်ဖန်တီးပြီး ပန်းတွေစိုက်ပါတယ်။ ပါမောက္ခ တွေကလည်း   ပန်းတွေလှအောင်၊ ကြာရှည်ခံအောင်   သုတေသနတွေလုပ်၊         သူ့နိုင်ငံရဲ့လိုအပ်ချက်ကို ပါမောက္ခတွေက  ဖြည့်ဆည်း၊    ပြည်သူနဲ့  အစိုးရ ကလည်း   အဲဒီပါမောက္ခတွေကို   ဂုဏ်ပြုပါတယ်။ ဟော်လန်ရဲ့  ထူးခြားချက်တစ်ခုကတော့  စီမံခန့်ခွဲမှု စွမ်းရည် မြင့်မားခြင်းပဲ။  ရှီဖိုလ်လေဆိပ်  (Schiphol airport)  ရဲ့ဝန်ဆောင်မှု၊  စီမံခန့်ခွဲမှုဟာ ဥရောပမှာ အမြင့်မားဆုံးပဲ။         ဝန်ဆောင်မှုစီးပွားရေးဟာ ဘက်ပေါင်းစုံတော်မှ၊       လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုစွမ်းရည်မြင့်မားမှ         အရာရာအောင်မြင်တာ ဖြစ်ပါတယ်။


P    ကျွန်တော်တို့နိုင်ငံဟာ  နိုင်ငံကြီး  နှစ်နိုင်ငံကြား မှာရှိလို့  အချက်အချာလည်းကျ၊  သယံဇာတ လည်းကြွယ်ဝဆိုပြီး      ငြိမ်နေရုံနဲ့     ဘာမှ ဖြစ်မလာပါဘူး။ သယံဇာတမျိုးစုံကို   တန်ဖိုး မြှင့်ထုတ်ပေးခြင်း၊    လူသားအရင်းအမြစ်ရဲ့  အရည်အသွေး၊   အရည်အချင်း၊    ကြံရည် ဖန်ရည်၊      စိတ်ကောင်းစေတနာကောင်းနဲ့ စွမ်းဆောင်ရည်၊ တရားမျှတမှုနဲ့ ကိုယ်ချင်း စာတရားတွေကိုလည်း   တိုးတက်ပွားများ အောင်        ဆောင်ကြဉ်းပေးခြင်းအားဖြင့် အေးချမ်းသာယာတဲ့              လူမှုဘဝကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်၊၊ 


P    သဘာဝအရင်းအမြစ်ကိုလည်း အားကိုး၊ ပတ်ဝန်းကျင်ကိုလည်း  ထိန်းသိမ်း၊  လုံ့လ ဝီရိယလည်းပါ၊    ပညာအမြော်အမြင်နဲ့ ပေါင်းစပ်၊         ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ နည်းပညာနဲ့    တွဲသုံးလိုက်ရင်     ဧကန်မုချ  ဖွံ့ဖြိုးတိုးတက်ချမ်းသာလာမယ်လို့     ဆိုချင် ပါကြောင်း           မေတ္တာဖြင့်ရေးသားတင်ပြ အပ်ပါတယ်။
အို   မြန်မာတို့  . . .   ရှုလော့  . . .  စဉ်းစား ကြလော့ . . . သင်ယူကြလော့ . . . အားကုန်ထုတ်၍ အလုပ်လုပ်ကြလော့ . . .။        ။