
(၂၂-၇-၂၀၂၁ ရက်နေ့မှအဆက်)
အန်နီလေးသည် နေရာအတော်များများတွင် တိရစ္ဆာန်တစ်ကောင်နှင့် တူသည်။ တစ်ခါတစ်ရံ သူမ၏အခန်းတွင်းသို့ဝင်လာသည့်သူကို ပြင်းပြင်းထန်ထန် တိုက်ခိုက်တတ်သည်။ တစ်ခါတစ်ရံ၌ လုံးဝဂရု မစိုက်ဘဲလည်း နေတတ်သည်။ သူနာပြုဆရာမကြီးက သူမထံသွား လည်သည့်အခါ ပထမ၌ ထိုသူနာပြုဆရာမကြီးရောက်နေသည်ကိုပင် ဂရုစိုက်ပုံမပြပေ။ တစ်ရက်၌ စားစရာများကို ယူဆောင်သွားပြီး သူမ အခန်းအပြင်ဘက်တွင် ထားပစ်ခဲ့သည်။ အန်နီလေးက ထိုစားစရာများ ရှိနေကြောင်းကိုပင် သိပုံမပြပေ။ သို့သော် နောက်တစ်နေ့၌ သူနာပြု ဆရာမကြီး ရောက်လာသည့်အခါ မုန့်များစားပြီးနေသည်ကို တွေ့ရ သည်။ ထိုအချိန်မှစ၍ သူနာပြုဆရာမကြီးက စားစရာမုန့်အညိုများကို အပတ်စဉ် ကြာသပတေးနေ့တိုင်း သွားလည်သည့်အခါများ၌ ယူဆောင် သွားလေ့ရှိသည်။ မကြာမီတွင် ဆရာဝန်များက ထိုနေရာတွင် အပြောင်း အလဲတစ်ခုဖြစ်ပေါ်နေပြီကို စတင်သတိထားမိလာကြသည်။ အချိန် ကာလတစ်ခု ကုန်ဆုံးသွားသည့်အခါ အန်နီလေးကို ထိုအချုပ်ခန်းထဲမှ ထုတ်၍ အပေါ်ထပ်သို့တင်ရန် ဆုံးဖြတ်ခဲ့သည်။ နောက်ဆုံး၌ မျှော်လင့် ချက်မရှိသည့် ကလေးမငယ်ကို အိမ်ပြန်နိုင်ပြီဖြစ်ကြောင်း ပြောရ သည့်အခြေအနေသို့ ဆိုက်ရောက်လာသည်။
သို့သော် အန်နီလေးက အိမ်မပြန်ချင်ပေ။ သူ ယခုကဲ့သို့ နေကောင်းသွားအောင် ကူညီစောင့်ရှောက်ခဲ့သည်ကို ပြန်လည်တုံ့ပြန် သည့်အနေဖြင့် အခြားလူနာများနှင့် အတူတူနေထိုင်ပြီး အလုပ်လုပ် ပေးချင်သည်။ သူနာပြုဆရာမကြီးက သူမဘဝကို အဓိပ္ပာယ်ရှိအောင် အများကြီးလုပ်ပေးခဲ့သဖြင့် သူမကလည်း အတုံ့အလှည့်သဘောဖြင့် အခြားသူများအား ကူညီတတ်ရမည်ဟု ဆုံးဖြတ်ခဲ့သည်။
နှစ်အတန်ကြာသည့်အခါတွင် အင်္ဂလန်ပြည်ဘုရင်မကြီး ဝိတိုရိယက နိုင်ငံရပ်ခြားသူတစ်ယောက်ကို အင်္ဂလန်နိုင်ငံ၏ အမြင့်ဆုံး တံဆိပ်တစ်ခု အပ်နှင်းသည့်အခမ်းအနား၌ ဟယ်လင်ကဲလားကို မေးခွန်းထုတ်သည်။ “ရှင့်ရဲ့ အထူးချွန်ဆုံး အပြောင်မြောက်ဆုံး လုပ်ရပ်တွေနဲ့ပတ်သက်လို့ ဘယ်လိုနေသလဲ၊ မျက်စိလည်းမမြင်၊ နားလည်းမကြားဘဲနဲ့ အဲဒီလို ပြောင်ပြောင်မြောက်မြောက် စွမ်း ဆောင်နိုင်မယ်လို့ ရှင်ဘယ်လိုသိသလဲ အဲဒါကို ဘယ်လိုလုပ်ရှင်းပြမှာ လဲ”ဟု မေးလိုက်သည်။ ဟယ်လင်ကဲလားက ချက်ချင်းပင် ပြန်ပြော ခဲ့သည်။ “အန်နီလေးကိုသာ ယခုလို မပြုစုခဲ့လို့ရှိရင် ဟယ်လင် ကဲလားရဲ့အမည်ကို ဘယ်သူမှတောင် သိကြမှာမဟုတ်ပါဘူး”ဟု ပြောလိုက်သည်။
ဟယ်လင်ကဲလားသည် သူ့အား အားကိုးရာမဲ့ မျှော်လင့်ချက်မဲ့ သည့် အခြေအနေကို ရောက်ရှိစေသော ရောဂါဝေဒနာကို မခံစားရမီက သန်စွမ်းကျန်းမာသော ကလေးတစ်ယောက်သာ ဖြစ်သည်။ အန်နီ လေးက ဟယ်လင်ကဲလားကို ဘုရားသခင်၏ အထူးပုဂ္ဂိုလ်တစ်ဦး အဖြစ်မြင်ပြီး ထိုသို့ မြင်သည့်အတိုင်း ဆောင်ရွက်ခဲ့၊ ချစ်ခဲ့၊ ဆုတောင်း ခဲ့သဖြင့် ငြိမ်းလုလုဖြစ်နေသော မီးတိုင်တစ်တိုင်သည် အခြားသူများ၏ လမ်းကြောင်းကိုပြသရန်အတွက် အချက်ပြမီး ဖြစ်လာခဲ့သည်။ ကမ္ဘာတစ်ဝန်းလုံးက လူအများ၏ ဝန်ထုပ်ဝန်ပိုးကို လျော့ပါးသွားစေရန် ဖြစ်လာခဲ့သည်။ ဟုတ်ပါသည်။ လူသန်းပေါင်းများစွာတို့၏ ဘဝအပေါ် ဟယ်လင်ကဲလားက အန်နီလေးကြောင့် တုန်လှုပ်မှုကိုရရှိကာ သြဇာ လွှမ်းမိုးခဲ့သည်။
မျက်စိထဲမှာရှိသည်
နှစ်အတန်ကြာက ဗာဂျီးနီးယားပြည်နယ်မြောက်ပိုင်းတွင် အဘိုးအိုတစ်ယောက် မြစ်ကမ်းနံဘေး၌ မြစ်ကိုဖြတ်သန်းရန် စောင့်ဆိုင်းနေသည်။ ထိုနေ့က အလွန်အေးပြီး တံတားလည်းမရှိသဖြင့် အခြားတစ်ဖက်ကိုရောက်ရန်အတွက် တစ်ခုခုကို စီးသွားနိုင်မှဖြစ် မည်။ အတန်ကြာသည့်အခါ မြင်းစီးသမားတစ်စု မြစ်ကမ်းဘေးသို့ ကပ်လာသည်ကို တွေ့ရသည်။ ပထမတစ်ယောက်ကို ဘာမျှမပြောဘဲ လွှတ်ပေးလိုက်သည်။ ဒုတိယတစ်ယောက်၊ တတိယတစ်ယောက်၊ စတုတ္ထတစ်ယောက်၊ ပဉ္စမတစ်ယောက်ကို လွှတ်ပေးလိုက်ပြီး နောက်ဆုံး၌ တစ်ယောက်သာ ကျန်တော့သည်။ ထိုပုဂ္ဂိုလ်အနား ကပ်လာသည့်အခါ အဘိုးအိုက ထိုသူ၏မျက်စိကို စိုက်ကြည့်ပြီး “လူကြီးမင်းခင်ဗျား၊ ကျွန်တော်ဟိုဘက်ကမ်းကို လိုက်ခဲ့လို့ရနိုင် မလား”ဟု မေးလိုက်သည်။
ထိုသူက အနည်းငယ်မျှပင်တုံ့ဆိုင်းနေခြင်းမရှိဘဲ “ဘာလို့ မလိုက်နိုင်ရမှာလဲ၊ တက်သာတက်ပါ” ဟု ခေါ်လိုက်သည်။ မြစ်ကို ဖြတ်သန်းပြီးသည့်အခါ အဘိုးအိုမြင်းပေါ်မှဆင်းပြီး မထွက်ခွာမီတွင် မြင်းစီးသမားက “လူကြီးမင်းခင်ဗျား၊ ဘာဖြစ်လို့ တခြားမြင်းစီးသမား တွေကျတော့ အကူအညီမတောင်းခဲ့သလဲ၊ ကျွန်တော်အနားရောက်လာ မှ ဘာဖြစ်လို့ အကူအညီတောင်းရတယ်ဆိုတာကို ကျွန်တော် သိချင်လိုက်တာ” ဟုမေးလိုက်သည်။ အဘိုးအိုက “သူတို့မျက်စိထဲကို ကျွန်တော် ကြည့်လိုက်တဲ့အခါမှာ မေတ္တာရိပ်ကို မတွေ့ရဘူး၊ ဒါကြောင့် ကျွန်တော့်စိတ်ထဲက သူတို့ကို အကူအညီတောင်းလျှင် အချည်းနှီးပဲ ဖြစ်မယ်ဆိုတာကို သိနေတယ်။ ဒါပေမဲ့ ကျွန်တော် ခင်ဗျားရဲ့မျက်စိ ထဲကို ကြည့်လိုက်တဲ့အခါမှာတော့ မေတ္တာ၊ ကြင်နာမှု၊ အကူအညီပေး ချင်မှုတို့ကို တွေ့နေရတယ်။ မြစ်ကိုဖြတ်ကူးဖို့ ခင်ဗျားက အကူအညီပေး မယ်ဆိုတာ ကျွန်တော်က ဝမ်းမြောက်ဝမ်းသာ ကြိုပြီးသိနှင့်နေတယ်”ဟု အေးအေးဆေးဆေးပင် ပြောလိုက်သည်။
ထိုအခါ မြင်းစီးသမားက ကျိုးနွံစွာဖြင့် “ခင်ဗျားပြောခဲ့တာတွေ အတွက် ကျွန်တော် သိပ်ဝမ်းသာပါတယ်။ အဲဒီလိုပြောတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”ဟု ပြောလိုက်သည်။ ဤနည်းအားဖြင့် သောမတ် ဂျက်ဖာဆင်သည် အိမ်ဖြူတော်အထိ လမ်းတစ်လျှောက် မြင်းစီးလာခဲ့ သည်။ ကျွန်တော်တို့၏ မျက်လုံးများသည် ကျွန်တော်တို့ ဝိညာဉ်များ အတွက် တံခါးပေါက်များဖြစ်သည်ဟု ပြောခြင်းမှာ မှန်ကန်ပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ ခင်ဗျားသာ နောက်ဆုံးမြင်းစီးလာသူဖြစ်လျှင် အဘိုးအိုက မြစ်ကိုကျော်ဖြတ်ရန်အတွက် ခင်ဗျားကို အကူအညီတောင်းမည် လား၊ မတောင်းဘဲနေမည်လား၊ အကြံဉာဏ်ပေးခြင်းနှင့် အကူအညီ ပေးခြင်းတို့ကြား၌ ဧရာမခြားနားချက်ကြီး ရှိပါသည်။ ခင်ဗျားနှင့် ခင်ဗျား၏ အားပေးမှုများသည် လူတစ်ယောက်အတွက်သော်လည်း ကောင်း၊ လူအများအတွက် သော်လည်းကောင်း မြစ်ကိုကျော်ဖြတ်သကဲ့ သို့ အရေးပါပါသည်။ အောင်မြင်မှုတောင်ကုန်းများကို တက်လှမ်းရန် ကူညီခဲ့သည့် ဟာဗေးဖိုင်းယားစတုန်းက ဤအကြောင်းကို လှလှပပ ဖွဲ့ဆိုခဲ့သည်။ “သင့်မှာ ရှိသမျှအကောင်းဆုံးများကိုပေးလျှင် သူတစ်ပါးထံမှ အကောင်းဆုံးများကို ပြန်ရမည်။”
လိုအပ်ချက်ကိုကြည့်ပါ၊ ဖြည့်စွမ်းပါ
လဗွန်းနှင့် ဗန်းဒရက်တို့၏ ဇာတ်လမ်းမှာလည်း ထူးထူးခြားခြား သတ္တိပြောင်မြောက်သည့် လူများက ဖက်တွယ်ထားသော ယုံကြည်မှုနှင့် လုံ့လဝီရိယတို့သည် ဘဝ၏ပြဿနာအများစုကို ဖြေရှင်းပေးနိုင်မည်ဟု ခိုင်ခိုင်မာမာယုံကြည်သော ဥပမာတစ်ခုဖြစ်သည်။ ဗန်းသည် လခကောင်း ကောင်းရသည့် ပလာစတာသမားဖြစ်ပြီး သူပိုလီယိုရောဂါရသည့်အချိန် တွင် ကလေးသုံးယောက်၏ဖခင်ဖြစ်သည်။ လေးနှစ်ခွဲကျော်ခန့် ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီးနောက် ယနေ့ဆိုလျှင် ဗန်းနှင့် လဗွန်း တို့သည် တစ်နှစ်လျှင် ဒေါ်လာရှစ်သန်းကျော် ဝင်ငွေရှိသည့် တပ်ပါဝဲယား ဒီလားဆိုင် ၁ဝဝဝ ကျော်ပါဝင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုကို ပိုင်ဆိုင်နေပြီ။
ပိုလီယိုရောဂါရသည့်အချိန်နှင့် ယနေ့အခြေအနေ များ၏ကြား၌ ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များမှာလည်း ဇာတ်လမ်းတစ်ခု ဖြစ်သည်။ ဗန်းရောဂါ ရပြီးနောက် စုဆောင်းငွေများ ကုန်ခန်းသွားသည့် အခါ ဇနီးသည်လဗွန်းက အပြင်ထွက်ပြီး အလုပ်ရှာရသည်။ ထိုသို့ အလုပ်ရှာရသဖြင့် ဗန်းနှင့်ကလေးများ၏အနားတွင် ရှိမနေနိုင်ဘဲ တစ်နေ့လျှင် ၁၀ နာရီခန့် အပြင်ထွက်နေရသည်။ ထိုအခါ လဗွန်းက လုပ်ငန်းတစ်ခုထူထောင်ရန် စိတ်ကူးရသွားပြီး တပ်ပါဝဲယားကုမ္ပဏီ၏ ဖိတ်ခေါ်ချက်ကို လက်ခံလိုက်သည်။ ထိုစီးပွားရေးလုပ်ငန်းနှင့် အံဝင် ခွင်ကျဖြစ်သွားကာ အချိန်ပြည့်ဆောင်ရွက်ရန် သဘောတူခဲ့သည်။ အလုပ်လုပ်ရတာ ပျော်စရာကောင်းသလို အကျိုးအမြတ်လည်းရှိပါ သည်။ ပို၍အရေးကြီးသည်မှာ မိသားစုကိစ္စဦးစားပေးပြီးနောက် ကျန် သည့်အချိန်များ၌ အလုပ်ကိစ္စများကို ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်သည်။ ယခင်ကလို အလုပ်ကိစ္စကိုရှေ့တန်းထားပြီး မိသားစုကိစ္စကို နောက်က ထားရသည့်လုပ်ရပ်မျိုး လုပ်စရာမလိုတော့။ ချက်ချင်းပင်အခြားသော အမျိုးသား အမျိုးသမီးများ၌လည်း အလားတူပြဿနာမျိုးရှိနေနိုင် ကြောင်း သူသဘောပေါက်လိုက်သည်။ သူတို့ကို အကူအညီပေးရန် အတွက် ငွေရေးကြေးရေးအရ အားကိုးနိုင်လောက်အောင် တစ်နိုင်ငံ လုံးအနှံ့ ထိပ်တန်းဖြန့်ဖြူးရေးလုပ်ငန်းတစ်ခု တည်ထောင်ကာ အဖွဲ့အစည်းအပါအဝင် ခရစ်ယာန်ကျောင်းတော်ကို အထောက်အကူ ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
ရည်မှန်းချက်များကို ရရှိအောင်ကြိုးစားသည့်ခရီးစဉ်၌ ဗန်း နှင့် လဗွန်းတို့က သူတို့၏ မန်နေဂျာများနှင့် ဝယ်ရောင်းသမား ၁၂၅ ဦး တို့အား ကားအသစ်များဝယ်ယူနိုင်ရေးဆိုသည့် သူတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များကိုရရှိစေရန် အကူအညီပေးခဲ့သည်။ အခြားသူ ရာပေါင်းများစွာတို့အားလည်း တိုးတက်ကြီးပွားရန် အခွင့်အလမ်းများ ဆောင်ကြဉ်းပေးခဲ့သည်။ သူတို့၏ ထူးထူးချွန်ချွန် အောင်မြင်မှုသည် အခြားသူများ၏ လိုအပ်ချက်ကို ရှုမြင်ခြင်း၊ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ကြိုးပမ်းခြင်းတို့နှင့် ပတ်သက်သည်။ ခင်ဗျား အနေဖြင့် အခြားသူများကို မြင်သည့်အခါတွင် ဗန်းနှင့်လဗွန်းတို့မြင် သည့်အတိုင်း ရှိသမျှအရာများကို ပေးလိုက်နိုင်သဖြင့် ခင်ဗျားလည်း အများကြီးပြန်ရလိမ့်မည်။
သူတစ်ပါးကျွေးက ကိုယ်လည်းဝ
လူတစ်ယောက်ကို ကောင်းကင်ဘုံခရီးနှင့် ငရဲခရီးနှစ်ခုစလုံးကို လမ်းခင်းပေးထားသဖြင့် ကြိုက်ရာခရီးကို ရွေးချယ်နိုင်သည်။ မာန်နတ်ကို ထိုအခွင့်အရေးပေးလိုက်သည့်အခါ သူက ငရဲပြည်သို့သွား သည့်ခရီးကို ရွေးချယ်ခဲ့သည်။ ပထမဦးဆုံး ငရဲပြည်၌ ကြည့်လိုက် သည့်အခါ ငရဲသားအကုန်လုံး စားပွဲဝိုင်းတစ်ခုတွင် အစားအသောက် အများအပြားဖြင့် ထိုင်နေကြသည်ကို အံ့သြဖွယ်ရာတွေ့လိုက်ရသည်။ ကမ္ဘာတစ်ဝန်းလုံးရှိ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် စား ကောင်းသောက်ဖွယ်မျိုးစုံကို စားပွဲပေါ်တွင် တွေ့မြင်ရသည်။ နောက်ထပ် ဘာမျှထပ်တောင်းစရာမလိုလောက်အောင် ပြည့်စုံနေသည်။
မည်သို့ပင်ပြည့်စုံကြစေကာမူ ခရီးသည်က စားပွဲတွင် ထိုင်နေ သည့်သူများကို ကြည့်လိုက်သောအခါ မည်သူမျှပြုံးမနေကြ။ ထိုပွဲလမ်း မျိုးနှင့် ဆီလျော်သည့် အခမ်းအနားအပြင်အဆင်မျိုး ဂီတသံစဉ်မျိုးကို လည်း မတွေ့ရပေ။ စားပွဲ၌ ထိုင်နေကြသည့်သူများသည် ထိုင်းထိုင်း မှိုင်းမှိုင်း၊ ပျင်းပျင်းရိရိဖြစ်နေပြီး အရိုးပေါ်အရေတင်နေကြသည်။ ခရီးသည်က လူတိုင်းလူတိုင်း၏ လက်ဝဲဘက်လက်မောင်းတွင် ခက်ရင်း တစ်ခုစီကိုလည်းကောင်း၊ လက်ယာလက်မောင်းတွင် ဓားတစ်ချောင်းစီ ကို လည်းကောင်း ချည်နှောင်ထားသည်ကို တွေ့ရသည်။ ထိုခက်ရင်း နှင့် ဓားများ၏လက်ကိုင်က လေးပေလောက်ရှည်နေသဖြင့် စားမရ၊ သောက်မရ ဖြစ်နေကြသည်။ ထို့ကြောင့် သူတို့၏ အနီးအနားမှာ စားစရာသောက်စရာတွေ အလျှံပယ်ရှိနေပါလျက် ငတ်မွတ်နေကြ ရသည်။
ကောင်းကင်ဘုံသို့သွားသည့်ခရီး၌လည်း ငရဲပြည်၌မြင်ခဲ့ရ သည့်အတိုင်း အစစအရာရာတူညီသည့်ရှုခင်းကို ခရီးသည်က မြင်ရသည်။ အစားအသောက်များ၊ ဓားများ၊ ခက်ရင်းများအားလုံးတူ နေကြသည်။ သို့သော် ကောင်းကင်ဘုံသားများသည် ရယ်မောပျော်ရွှင် နေကြပြီး တေးသီချင်းဆိုနေကြသည်။ အစားအသောက်ဝလင်ပုံရပြီး ကျန်းမာရေးလည်း ကောင်းမွန်ကြသည်။ ခရီးသည်အနေဖြင့် မျက်စိလည်သွားသည်။ အခြေအနေချင်း တူပါလျက်နှင့် ရလဒ်များက အဘယ်ကြောင့် မတူညီရသည်ကို စဉ်းစားစရာဖြစ်နေသည်။ ငရဲပြည် ရှိလူများက ငတ်နေပြီး ကောင်းကင်ဘုံရှိလူများက ဝဝလင်လင်၊ ပျော်ပျော်ရွှင်ရွှင် ရှိနေကြသည်။ ထို့နောက် မကြာမီပင် အဖြေကို တွေ့ရှိသွားသည်။ ငရဲပြည်မှသူများက သူတို့ဘာသာစားဖို့သာ ကြိုးစားနေကြသည်။ လေးပေလောက်ရှည်သော ဓားများ၊ ခက်ရင်းများဖြင့် ကိုယ့်ဘာသာကိုယ်စားရန် မဖြစ်နိုင်ပေ။ သို့သော် ကောင်းကင်ဘုံ၌ ရှိသည့်သူများကမူ စားပွဲ၏တစ်ဖက်၌ရှိသည့် အခြားသူများကို ကျွေးရန် ကြိုးစားနေကြသည်။
တခြားသူများကို အကူအညီပေးခြင်း အားဖြင့် သူတို့ကိုယ်တိုင်ပင် အကူအညီရနေကြသည်။ အခြေအနေ များမှာ ရှင်းပါသည်။ လူများကို ခင်ဗျားမြင်ပုံက အလွန်အရေးကြီးပါ သည်။ အဘယ်ကြောင့်ဆိုလျှင် ခင်ဗျားမြင်သည့်အတိုင်းသာ အခြား သူများကို ပြုမူဆက်ဆံတတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် ကျွန်တော်က ခင်ဗျားကို အမြဲသတိပေးနေရခြင်း ဖြစ်ပါသည်။ အခြားသူများလိုချင်တာကို ခင်ဗျားသာ ပြည့်ပြည့်ဝဝကူညီခဲ့လျှင် ခင်ဗျားဘဝမှာ လိုချင်တာတွေ အားလုံးကို ရရှိနိုင်ပါသည်။ ။
[ခင်မောင်ညို (ဘောဂဗေဒ)၏ “ထိပ်ဆုံးမှာတွေ့ကြမယ်” စာအုပ်မှ “သင်၏ အခြားသူများကိုရှုမြင်ပုံ” ဆောင်းပါးကို စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ စာတည်း]
- Log in to post comments