
ဖနောင်ပင် ဇူလိုင် ၂၈
ကမ္ဘောဒီးယားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၆၆ ဦးကို ထပ်မံတွေ့ရှိသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၇၅၁၅၂ ဦးရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ပြောကြားသည်။
အလားတူ ကိုဗစ်-၁၉ ရောဂါကြောင့် ၁၅ ဦး ထပ်မံသေဆုံးသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၃၃၉ ဦးရှိလာပြီး လူနာ ၉၆၇ ဦးသည် ရောဂါမှ ပြန်လည် ကျန်းမာလာသဖြင့် နိုင်ငံအတွင်း ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၆၇၆၉၂ ဦးရှိလာသည်။
နိုင်ငံအတွင်း ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးသူ ၆ ဒသမ ၉၄ သန်း ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အော်ဗန်ဒိုင်းက ပြောကြားသည်။
လက်ရှိအချိန်တွင် ဒယ်လ်တာနှင့် အယ်လ်ဖာဗီဇပြောင်းဗိုင်းရပ်စ် များ ကူးစက်မှုမြင့်တက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး တွင် နိုင်ငံသားတိုင်း ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါက နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ
n