
ကီတို ဇူလိုင် ၂၈
အီကွေဒေါနိုင်ငံတွင် လွန်ခဲ့သောရက်အနည်းငယ် အတွင်း ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ်ကူးစက် ခံရသူ ၄၅ ဦးကို တွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၈၅ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီး ဇီမီနာ ဂါဇွန်က ယမန်နေ့တွင် ပြောကြားသည်။
အဆိုပါဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူများကို နိုင်ငံ၏ပြည်နယ်ခြောက်ခုတွင် ပြီးခဲ့သော သီတင်း ပတ်က တွေ့ရှိရခြင်းဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူများကို ထပ်မံ တွေ့ရှိခဲ့ခြင်းသည် ကျန်းမာရေးဝန်ကြီးဌာနနှင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်းကွန်ရက်များ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သော ကူးစက် ရောဂါရှာဖွေရေး နည်းဗျူဟာ၏ ထိရောက်မှုကြောင့် ဖြစ်ကြောင်း အွန်လိုင်းမှ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားသည်။
ယခုထပ်မံတွေ့ရှိသော ဒယ်လ်တာဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၅ ဦးအနက် ၂၆ ဦးကို လူအစုလိုက်အပြုံလိုက် ကိုဗစ်-၁၉ ရောဂါကူးစက်မှု များရှိသည့် နိုင်ငံ၏တောင်ဘက်ပိုင်းရှိ အယ်လ်အိုရို ပြည်နယ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဂါဇွန်က ပြောကြားသည်။ နိုင်ငံအတွင်းရှိ အခြားပြည်နယ် ငါးခုတွင်မူ ဒယ်လ်တာ ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရမှုများ မရှိကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ
n