လူမှုကွန်ရက်မှာ အသုံးချခံမဖြစ်ဖို့

Type

 

မျိုးငြိမ်းငယ်

နည်းပညာတိုးတက်လာခြင်းဟာ လူတွေရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် ကောင်းကျိုးတွေ ယူဆောင်လာပါတယ်။ အရင်က မြန်မာနိုင်ငံမှာ တယ်လီဖုန်းတစ်လုံးပိုင်ဆိုင်ဖို့ဆိုတာ အိပ်မက်တောင် မမက်ရဲပါဘူး။ ကမ္ဘာပေါ်က ဖြစ်ပျက်နေတာတွေကို သိဖို့ဆိုတာ ခက်ခက်ခဲခဲနဲ့ သိခဲ့ရပါတယ်။ အခုတော့ အခြေအနေတွေက ပြောင်းလဲနေပါပြီ။ ၁၉၆၉ ခုနှစ် ဇူလိုင်လက လကမ္ဘာပေါ်ကို လူသားတွေခြေချနိုင်တော့ တစ်ကမ္ဘာလုံး အုန်းအုန်းကျွက်ကျွက်နဲ့ ချီးမွမ်းအံ့ဩခဲ့ကြပါတယ်။ ဒီနေ့ဆိုရင် လကမ္ဘာကို ကျော်လွန်ပြီး ကမ္ဘာကနေ မိုင်ပေါင်း ၃၃  ဒသမ ၉ သန်းဝေးတဲ့ အင်္ဂါဂြိုဟ်ဆီကို အာကာသ စူးစမ်းလေ့လာရေးယာဉ်တွေ ဆင်းသက်နေပါပြီ။

 

နည်းပညာမြင့်လာခြင်းနှင့်အတူ
အဲဒီလို မြင့်မားလာတဲ့နည်းပညာတွေကြောင့် ဒီကနေ့ ကမ္ဘာပေါ် က နေရာမလပ်၊ စက္ကန့်မလပ် ဖြစ်ပျက်နေတာကို သိနေရ၊ မြင်နေရပါ ပြီ။ IT နည်းပညာတွေမြင့်မားလာတဲ့  ကမ္ဘာကြီးကို   ရွာကြီးတစ်ရွာနဲ့ နှိုင်းယှဉ်ပြောဆိုလာတာ  နည်းပညာရဲ့  အကျိုးကျေးဇူးကြောင့်ပါ။ ဒါတွေဟာ နည်းပညာတွေ တိုးတက်လာတဲ့ အကျိုးဆက်နဲ့ တိုးတက် လာတဲ့ နည်းပညာတွေကို လူသားအကျိုးပြုဖို့အတွက် အသုံးပြုလို့ ရရှိလာတဲ့  ရလဒ်တွေပါပဲ။ အလားတူပါပဲ။ အဏုမြူကို ရှာဖွေတွေ့ရှိပြီး နောက်မှာ  အဏုမြူကို  လူသားအကျိုးပြုနေရာတွေမှာ  အသုံးပြုကြ သလို လူသတ်လက်နက်အဖြစ် အသုံးပြုကြတာတွေလည်းရှိခဲ့၊ ရှိနေ ဆဲပါ။ ဒီတော့ အဏုမြူတွေ၊ နည်းပညာတွေ တိုးတက်လာတဲ့နောက် ဖြစ်လာတဲ့ ကောင်းကျိုး၊  ဆိုးကျိုးတွေဆိုတာ   အသုံးပြုတဲ့သူရဲ့ ရည်ရွယ်ချက်နဲ့   အသုံးပြုတဲ့နည်းလမ်းအပေါ်မှာပဲ    မူတည်နေပါ တော့တယ်။ 
ဘေးထွက်အကျိုးဆက်
ကွန်ပျူတာနဲ့အင်တာနက်ကို ၁၉၉၀ ပြည့်နှစ်များအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခဲ့ပါတယ်။ ဆယ်စုနှစ်နှစ်ခုကျော် အတွင်းမှာ လူတွေရဲ့အလုပ်လုပ်ပုံ၊ ကွန်ရက်ချိတ်ဆက်မှုနဲ့ ဆက်သွယ် မှုတွေကို ပြောင်းလဲလာစေခဲ့ပါတယ်။ တကယ်တော့ သတင်းအချက် အလက်နည်းပညာတိုးတက်မှုတွေဟာ   လူ့အဖွဲ့အစည်းရဲ့ကဏ္ဍ အများစုအပေါ်   အပြုသဘောအကျိုးသက်ရောက်စေခဲ့ပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာတော့ ဆန့်ကျင်ဘက်အကျိုးသက်ရောက် မှုများကိုလည်း တွေ့လာခဲ့ရပါတယ်။ 

 


အင်တာနက်တွေ၊  ဆက်သွယ်ရေးနည်းပညာတွေ   အံ့မခန်း တိုးတက်လာလို့ နယ်မြေကန့်သတ်ချက်၊ အချိန်ကန့်သတ်ချက်မရှိ ဖြစ်လာခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ လူမှုကိစ္စအဝဝမှာ  ကောင်းကျိုးတွေ  ရရှိခဲ့ပါတယ်။ အရင်က စကားပြောရုံသက်သက်အတွက်   ဖုန်းတစ်လုံးပိုင်ဆိုင်ဖို့ခက်ခဲတဲ့ အခြေအနေကနေ အခုဆို ခေတ်မီတဲ့ဖုန်းတစ်လုံး ပိုင်ဆိုင်ဖို့ လွယ်ကူ လာသလို အဲဒီဖုန်းတစ်လုံးနဲ့ပဲ အိမ်ထဲကနေ ထိုင်ရာမထ တစ်ကမ္ဘာ လုံးနဲ့ ဆက်သွယ်နိုင်နေပါပြီ။ ဖုန်းပေါ်ကနေ လူချင်းတွေ့နိုင်ပါပြီ။ သတင်းနဲ့အချက်အလက်တွေ အဆက်မပြတ်စီးဆင်းပြီး သတင်း တွေ ပေါက်ကွဲနေလို့  လိုချင်တဲ့သတင်းနဲ့ အချက်အလက်တွေကို အချိန်နဲ့အမျှ သိနိုင်၊  ယူနိုင်နေပါပြီ။  သတင်းနဲ့အချက်အလက် စီးဆင်းမှုတွေ အားကောင်းလာတာနဲ့အမျှ ကိုယ့်ဆီရောက်လာတဲ့ သတင်းတွေထဲမှာ မှန်တဲ့သတင်း၊ မမှန်တဲ့သတင်းတွေ ရောနှော ပါလာနေပါတယ်။

 


သတင်းအမှား၊ သတင်းအတုတွေ ပါလာတဲ့ ဘေးထွက်ပြဿနာကို ဒီကနေ့ နိုင်ငံတိုင်းလိုလိုမှာ ကိုင်တွယ်ဖြေရှင်းနေကြရပါတယ်။ ဥပမာ အားဖြင့် အင်တာနက်ပေါ်က  သတင်းအမှား၊  သတင်းအတုတွေ ကြောင့် မကြာသေးတဲ့နှစ်များအတွင်းက အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံများစွာက  နိုင်ငံရေးမဲဆွယ်ပွဲတွေနဲ့ ရွေးကောက်ပွဲရလဒ်တွေ အပေါ်ကို ကြီးကြီးမားမား  အကျိုးသက်ရောက်ခဲ့ပါတယ်။ 

 


တိုးမြင့်လာသော လူမှုကွန်ရက်၏အခန်းကဏ္ဍ 


လူတိုင်းရဲ့နေ့စဉ်ဘဝမှာ သတင်းနဲ့နည်းပညာ၊  အင်တာနက်နဲ့ လူမှုကွန်ရက်တွေဟာ တဖြည်းဖြည်းနဲ့ ပိုမိုအသုံးဝင်လာတာကြောင့် သုံးစွဲမှုတွေဟာလည်း တိုးတက်လို့ နေပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၀ ဇန်နဝါရီအထိ မိုဘိုင်းဆက်သွယ်မှုအနေနဲ့ လူဦးရေ အားလုံးရဲ့ ၁၂၆ ရာခိုင်နှုန်း ရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ၁၂၇ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလက အင်တာနက် သုံးစွဲသူပေါင်း ၂၃ ဒသမ ၆၅ သန်း ရှိနေပါတယ်။ ၂၀၂၀ နဲ့ ၂၀၂၁ အကြား အင်တာနက်သုံးစွဲသူအရေအတွက် ၂ ဒသမ ၅ သန်းခန့် (၁၂ ရာခိုင်နှုန်း) တိုးတက်လာခဲ့ပါတယ်။ ၂၀၂၁ ဇန်နဝါရီလမှာ အင်တာ နက် ထိုးဖောက်နိုင်မှုအနေနဲ့ ၄၃ ဒသမ ၃ ရာခိုင်နှုန်း ရှိနေပါတယ်။ ၂၀၂၀ ပြည့်နှစ်နဲ့ နှိုင်းယှဉ်ရင် များစွာတိုးတက်လာပါတယ်။    

 


လူမှုကွန်ရက်အသုံးပြုမှုအနေနဲ့ ၂၀၂၁ ဇန်နဝါရီလမှာ ၂၉ သန်း ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ်က ၂၂ သန်းပဲ ရှိပါတယ်။ တစ်နှစ်အတွင်း ၇ သန်းလောက် တိုးတက်လာတာတွေ့ရပါတယ်။ လူမှုကွန်ရက် အသုံးပြု တာ  တိုးတက်မှုအနေနဲ့ ၂၀၂၀ နဲ့ ၂၀၂၁ အကြားမှာ ၃၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်။ ယခင်နှစ်က ၆ ဒသမ ၆ ရာခိုင်နှုန်းပဲ တိုးတက်ခဲ့ တာပါ။ လူမှုကွန်ရက်အသုံးပြုသူပေါင်းအနေနဲ့ မြန်မာနိုင်ငံ လူဦးရေရဲ့ ၅၃ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။ ၂၀၂၀ ဇန်နဝါရီလက ၄၁ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။

 


ဒီစာရင်းတွေကိုကြည့်ရင် မြန်မာနိုင်ငံမှာ တိုးမြင့်လာတဲ့ လူမှု ကွန်ရက်ရဲ့အခန်းကဏ္ဍကို တွေ့ရပါလိမ့်မယ်။ လူမှုကွန်ရက် အသုံးပြုတဲ့ သူအရေအတွက် တိုးမြင့်လာတာနဲ့အမျှ တစ်ဦးချင်းအတွက်ပဲဖြစ်ဖြစ်၊ နိုင်ငံအတွက်ပဲဖြစ်ဖြစ် တိုးတက်မှုတွေ ရရှိလာတာအမှန်ပဲဖြစ်ပါတယ်။ နည်းပညာအခြေခံတဲ့  နိုင်ငံတည်ဆောက်ဖို့ဆိုရင်  ဆက်လက်ပြီး နည်းပညာတွေ မရှိမဖြစ်လိုအပ်နေဦးမှာပါ။ အခြားတစ်ဖက်မှာတော့ လူမှုကွန်ရက်ကို   အသုံးပြုတာ  များပြားလာနေတာနဲ့အတူ အလွဲ အသုံးပြုလာကြတာဟာလည်း   လူထုအတွင်း  နက်နက်ရှိုင်းရှိုင်း ထိုးဖောက်နေတာမို့ ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်လာပါတယ်။

 


လူမှုရေးတာဝန်ယူမှု


သတင်းနဲ့ အချက်အလက်နည်းပညာတိုးတက်မှုဟာ ဒင်္ဂါးပြားတစ်ခု ရဲ့ ဘက်နှစ်ဖက်လိုပါပဲ။ ကောင်းကျိုး ၊ ဆိုးကျိုးများရောယှက်နေပါတယ်။ နည်းပညာတွေတိုးတက်လာတာကြောင့် သတင်းအချက်အလက်တွေ မြန်မြန်ဆန်ဆန်ရရှိလာတာနဲ့အတူ    သတင်းတု၊    သတင်းအမှားတွေ ကျယ်ကျယ်ပြန့်ပြန့်  ပြန့်ပွားလာနေတာတွေကြောင့် အဓိကရုဏ်း တွေ၊ အွန်လိုင်းအနိုင်ကျင့်မှုတွေ၊ ကလေးသူငယ် ညစ်ညမ်းပုံတွေလည်း လွယ်လွယ်ကူကူဖြစ်ပွားနေတာ တွေ့ရပါတယ်။ 
သတင်းနည်းပညာနဲ့ အင်တာနက်တွေဟာ  ကျွန်တော်တို့ဘဝတွေရဲ့ အစိတ်အပိုင်း အားလုံးနီးပါးကို လျင်လျင်မြန်မြန် ပြောင်းလဲစေရာမှာ တချို့က ပိုမို ကောင်းလာသလို တချို့ကလည်း ပိုမိုဆိုးလာပါတယ်လို့ အမေရိကန်နိုင်ငံက ရုပ်သံစီစဉ်ထုတ်လုပ်သူ John Landgraf က  ဆိုခဲ့ ပါတယ်။ ဒါကြောင့် ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကို နည်းပညာပိုင်းဆိုင်ရာကဏ္ဍတစ်ခုတည်းနဲ့ လျှော့ချဖို့ခက်ခဲနိုင်တာမို့ တစ်ချိန်တည်း မှာပဲ လူမှုအဖွဲ့အစည်းအတွင်း လူမှုရေးတာဝန်ယူမှုတွေ  စဉ်ဆက် မပြတ် တိုးတက်လာအောင် ပညာပေး အစီအစဉ်တွေ၊ လူထုလှုပ်ရှားမှု တွေ လုပ်ဆောင်နေကြပါတယ်။
ခေတ္တဆိုင်း လူထုလှုပ်ရှားမှု    
ကိုဗစ်-၁၉ ကာလအတွင်း  ဖြစ်ပွားနေတဲ့ သတင်းမှားတွေ ပျံ့နှံ့ နေတာကို   ကိုင်တွယ်ဖြေရှင်းဖို့  ၂၀၂၀  မေလက   ကုလသမဂ္ဂက Verified initiative အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ အဲဒီအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့  Pause  Campaign ဟာဆိုရင် လူမှုဘဝတွေကို ခြိမ်းခြောက်နေတဲ့  သတင်းမှား   ပျံ့နှံ့မှု ကျဆင်းအောင်ဆောင်ရွက်ရာမှာ   အထောက်အကူဖြစ်စေတယ်လို့ ကုလသမဂ္ဂက ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က  သတင်းထုတ်ပြန်ခဲ့ ပါတယ်။         
သတင်းအမှားတွေ လူထုအတွင်း စိမ့်ဝင်ရာမှာ မူလဖြန့်ဝေသူဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ဖြန့်ဝေကြပေမယ့် အဲဒီသတင်းအမှားတွေကို ထပ်ပြီးဖြန့်ဝေသူတွေထဲမှာ ရည်ရွယ်ချက်ရှိသူတွေ၊ မစဉ်းစားမဆင် ခြင်ဘဲ ဖြန့်ဝေနေသူတွေ၊ သူများရှယ်လို့ ရှယ်နေသူတွေ၊  လူသိများ အောင်  လုပ်နေတဲ့သူတွေ စသည်ဖြင့် အမျိုးမျိုးရှိနေပါတယ်။ 

 


အများအားဖြင့်ကတော့ ကိုယ့်ဆီရောက်လာတဲ့ သတင်းတစ်ပုဒ်ကို မှန်နိုင်/ မမှန်နိုင်၊ ကျိုးကြောင်းဆီလျော်မှုရှိ/မရှိ စိစစ်မှုနည်းကြပါတယ်။ ဥပမာအားဖြင့် ဤပို့စ်ကိုမရှယ်ပါက ဘေးဒုက္ခရောက်နိုင်သည် ဆိုတဲ့ ပို့စ်တွေကို လှိုင်လှိုင်ကြီးဖြန့်ဝေနေတာကို ကြည့်ရင် သတင်းအမှား တွေဖြန့်ဝေဖို့ ဘယ်လောက်လွယ်ကူသလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ဒါကြောင့်လည်း သတင်းအမှားဖြန့်ဝေလိုသူတွေဟာ  မစဉ်းစား မဆင်ခြင်ဖြန့်ဝေသူတွေကို အသုံးချပြီး ဖြန့်ဝေနိုင်တာဖြစ်ပါတယ်။  
သတင်းအမှားတစ်ပုဒ်ဖြန့်ဝေဖို့ မူရင်းတင်သူက တစ်ဦးပဲဖြစ်ပေ မယ့် ဆက်ပြီး ဖြန့်ဝေသူတွေကတော့ အများအပြားရှိနေတာကြောင့် သတင်းအမှားတွေဟာ အချိန်တိုအတွင်း လူထုအတွင်း စိမ့်ဝင်ထိုး ဖောက်နေပါတယ်။ ဒီလိုသတင်းမှားတွေ ဆက်လက် မပြန့်ဖို့ဖြေရှင်း ရာမှာ ကုလသမဂ္ဂက အကောင်အထည်ဖော်နေတဲ့ Pause Campaign လို ပို့စ်တစ်ခု၊ သတင်းတစ်ခုကို မရှယ်ခင်ခေတ္တဆိုင်းပြီး သတင်းမှန်/မမှန် စိစစ်ဖို့၊ စဉ်းစားဆင်ခြင်ကြဖို့ လိုအပ်ပါတယ်။

 

 
လူမှုကွန်ရက်မှာတွေ့တဲ့ သတင်းဖြစ်ဖြစ်၊ ကိုယ့်ဆီရောက်လာတဲ့ သတင်းဖြစ်ဖြစ် ချစ်ခြင်းမုန်းခြင်း၊ သူ့ဘက်ကိုယ့်ဘက်၊ စိတ်ခံစားချက် တွေနဲ့မဆုံးဖြတ်၊ မဖြန့်ဝေကြဖို့ လိုပါတယ်။ ကိုယ်တွေ့တဲ့ သတင်း တစ်ပုဒ်ကို သတင်းရဲ့ မူလရင်းမြစ်၊ ယုံကြည်ရမှု အဆင့်အတန်း၊ သတင်းတိကျမှု မစိစစ်ဘဲ လက်လွတ်စပယ်ရှယ်ခြင်း၊ ကူးပြီးဖြန့်ဝေ ခြင်းထက် အဲဒီသတင်းကို မဖြန့်ဝေခင် ခေတ္တဆိုင်းပြီး စိစစ်ကြ မယ်ဆိုရင် ကိုယ်ကိုယ်တိုင်က အသုံးချခံရသူ ဒါမှမဟုတ် သတင်း အမှားဖြန့်ဝေသူအဖြစ်က ရှောင်ရှားနိုင်သလို  သတင်းအမှားပျံ့နှံ့ နိုင်မှုကိုလည်း  လျှော့ချနိုင်ပါလိမ့်မယ်။ 

 


သတင်းအမှန်တွေလို 


သတင်းအမှားပြန့်ပွားတာကို လျှော့ချဖို့ နည်းလမ်းတွေထဲမှာ သတင်းအမှန်တွေ အချိန်နဲ့တစ်ပြေးညီ လူထုအတွင်း ရောက်ရှိစေခြင်း လည်း  ပါဝင်ပါတယ်။                                  
တိကျမှန်ကန်တဲ့ သတင်းတွေကို အချိန်မီ မထုတ်ပြန်နိုင်သရွေ့ သတင်းအမှားတွေ၊ ထင်မြင်ချက်တွေ၊ ယူဆချက်တွေ၊ ခန့်မှန်း ချက်တွေဆိုတာ ထွက်ပေါ်လာနေမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် အခုလို နိုင်ငံရေး၊ ကျန်းမာရေး၊ စီးပွားရေးအကျပ်အတည်း ကာလမှာ တိကျတဲ့သတင်းတွေ၊   မှန်ကန်တဲ့သတင်းတွေ  လိုနေပါတယ်။ အထူးသဖြင့်   လူထုအနေနဲ့ကတော့  သတင်းရရှိဖို့လွယ်ကူတဲ့ လူမှုကွန်ရက်ကနေ သူတို့လိုအပ်တဲ့ သတင်းတွေကို ရယူနေကြတာ ကြောင့် သတင်းအမှားဖြန့်လိုသူတွေက ဒီအခွင့်အရေးကို အသုံးချနေ ကြဦးမှာပါ။ ဒါ့ကြောင့် သတင်းအမှန်တွေ အချိန်နဲ့တစ်ပြေးညီ  မရနိုင် သရွေ့ လူမှုကွန်ရက်မှာ သတင်းအမှားတွေ ပြန့်နေပါလိမ့်ဦးမယ်။ 

 


လူမှုကွန်ရက်သားကောင်မဖြစ်ဖို့


သတင်းအမှားပြန့်ပွားတာဟာ အခြေအနေ၊ အချိန်အခါနဲ့ သတင်း အတိမ်အနက်အလိုက် အန္တရာယ်ပေးနိုင်တဲ့ပမာဏလည်း ကွာခြား တတ်ပါတယ်။  ကျန်းမာရေးဆိုင်ရာ  သတင်းအမှားတွေကြောင့် အသက်ဆုံးရှုံးရတဲ့ ဖြစ်ရပ်တွေကိုလည်း တွေ့နေရပါတယ်။ အခြား နိုင်ငံရေး၊ စီးပွားရေးတွေမှာလည်း အလားတူပါပဲ။
ဒီတော့ သတင်းအမှားတွေ ကိုယ့်ဆီကနေမပြန့်အောင်ဆိုရင် ကိုယ်ကိုယ်တိုင်က လူမှုကွန်ရက်ရဲ့ သားကောင်မဖြစ်ဖို့ ဆင်ခြင်ကြရ မှာပါ။ ကိုယ့်ဆီရောက်လာတဲ့ သတင်းမှန်သမျှကို လက်လွတ်စပယ် ရှယ်တာ၊ ကူးပြီးပြန်တင်တာတွေ မလုပ်ခင် ခေတ္တဆိုင်းပြီး စိစစ်ကြ မယ်ဆိုရင် လူမှုကွန်ရက်  သားကောင်အဖြစ်မှ ရှောင်ရှားနိုင်မှာ ဖြစ်သလို အခြားသူများကိုလည်း  အဲဒီအန္တရာယ်က  လွတ်ကင်း စေပါလိမ့်မယ်။           ။