မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါအခြေအနေမှာ အရှိန်အဟုန်ဖြင့် ဖြစ်ပွားနေဆဲ ဖြစ်သည်။ ရာသီဥတုအခြေအနေအရလည်းကောင်း၊ ဖြစ်ပွားနှုန်းအရလည်းကောင်း ဆက်လက်မြင့်တက်နေဦးမည်ဖြစ်သည်။ ရောဂါသည် ပြည်သူလူထုကြားတွင် ကူးစက်ပြန့်ပွားနိုင်သဖြင့် နှာခေါင်း၊ ပါးစပ်၊ မျက်စိတို့ကို အကာအကွယ်ပြုလုပ်ခြင်း၊ လူအများကို ဝေးဝေးရှောင်၍ ခပ်ခွာခွာနေထိုင်ခြင်း၊ လက်ကို မကြာခဏဆေးကြော ခြင်းတို့ကို အစဉ်ပြုလုပ်နေရမည့်အပြင် ကာကွယ်ဆေးပါ ထိုးနှံထားခြင်းဖြင့် ရောဂါကူးစက်မှုအတွက် အတော်အတန်စိတ်ချနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည့် အစီအစဉ်နှင့်ပတ်သက်၍ ဇူလိုင်လ ၂၈ ရက်နေ့က ပြည်သူများအား တရားဝင်အသိ ပေးထားသည်။ ကာကွယ်ဆေးထိုးခြင်း ပထမအကြိမ်အစီအစဉ်ကို ယခုနှစ် ဇန်နဝါရီ လ ၂၇ ရက်နေ့မှ စတင်ထိုးနှံခဲ့ရာ ယခု ဇူလိုင်လ ၂၇ ရက်နေ့အထိ ကျန်းမာရေးဝန်ထမ်း များနှင့် နိုင်ငံ့ဝန်ထမ်းများအား အကြိမ်ပြည့် ထိုးနှံပေးပြီးဖြစ်သည့်အပြင် ရပ်ရွာများရှိ အချို့ပြည်သူများလည်း အကြိမ်ပြည့်ထိုးနှံခဲ့ကြပြီးဖြစ်သည်။ ယခုဇူလိုင်လတွင် ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာပြီဖြစ်၍ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံ ခြင်းအစီအစဉ်ကို နိုင်ငံတစ်ဝန်း၌ စတင်အကောင်အထည်ဖော်နေသည်ကို မြင်တွေ့ နေရသည်။
နိုင်ငံသူ နိုင်ငံသားများအား ကာကွယ်ဆေးထိုးနှံပေးရာ၌ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီရေးဆွဲထားသည့် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစီမံချက်အရ ဦးတည်အုပ်စုများကို သတ်မှတ်၍ ဦးစားပေးအစီ အစဉ်အလိုက် ထိုးနှံပေးနေသည်ကို တွေ့ရသည်။ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကိုလျှော့ချရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေးထိခိုက်မှုကို လျှော့ချနိုင် ရန် ရည်ရွယ်ချက်သုံးရပ်ဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးရာ၌ အသက် ၆၅ နှစ်နှင့်အထက် မိဘပြည်သူများ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေကြသည့် ကာကွယ် ဆေးမထိုးရသေးသော ကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများရှိ ဘိုးဘွားမိဘပြည်သူများ၊ သာသနာ့ဝန်ထမ်းများ၊ ဘုန်းတော်ကြီးနှင့် သီလရှင်များ၊ ကာကွယ်ဆေးမထိုးရ သေးသောနိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ် မိုတယ်၊ တည်းခိုခန်းမှဝန်ထမ်းများ၊ အကျဉ်းထောင်ရှိ အကျဉ်းသားနှင့် အချုပ်သား များ၊ ပုဂ္ဂလိက (ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်း) သယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှ ပုဂ္ဂိုလ်များ၊ စူပါမားကက်များ/ဈေးများမှ ဝန်ထမ်းများနှင့်ကျန်ဦးတည် အုပ်စုများကိုလည်း ကာကွယ်ဆေးရရှိမှုအပေါ်မူတည်၍ အမြန်ဆုံးထိုးနှံပေးနေသည် ကိုတွေ့ရသည်။
အဆိုပါ ကာကွယ်ဆေးထိုးရေးအစီအစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် ယခု ဇူလိုင်လတွင် ကာကွယ်ဆေးသုံးသန်း လက်ဝယ်ရှိနေပြီဖြစ်ပြီး လာမည့်သြဂုတ် လတွင် ကာကွယ်ဆေး သုံးသန်း ထပ်မံရောက်ရှိမည်ဖြစ်သည်။ ရောက်ရှိပြီးကာကွယ် ဆေးများကို အမြန်ဆုံးထိုးနှံပေးနေပြီဖြစ်၍ သတ်မှတ်ထားသော ပြည်သူများသည် ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံသင့်ကြပါသည်။ ထိုးနှံပေးမည့် ကာကွယ်ဆေးများ သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားသည့် အာနိသင်ထက်မြက်ပြီး ဘေးကင်းလုံခြုံစိတ်ချကာ အရည်အသွေးကောင်းမွန်သောဆေးများ ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို လူတိုင်းစနစ်တကျထိုးနှံခြင်းဖြင့် ပြည်သူ များကြားတွင် ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်ပစ်နိုင်ခြင်း၊ ရောဂါ ကြောင့် ဆေးရုံတက်ရောက်ရမှုများ၊ ရောဂါဖြစ်ပွားပြီး ပြင်းထန်စွာ ခံစားရ၍ နောက်ဆက်တွဲဆိုးကျိုးများ ခံစားနေရသူများနှင့် ရောဂါကြောင့် သေဆုံးမှုဖြစ်ပွား ခြင်းကို လျှော့ချနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ဖြစ်ပွားမှုသည် ယခုအခါ တစ်နေ့လျှင် လူဦးရေ ၅၀၀၀ နီးပါး ဖြစ်ပွားနေပြီး သေဆုံးသူ သုံးရာကျော်/လေးရာနီးပါးဖြစ်ပွား လာသည်မှာ ရောဂါအခံကြီးကြီးမားမားဖြစ်ပွားနေသူများအပြင် ရောဂါကာကွယ်ရေး နည်းလမ်းများ ကျိုးပေါက်ခြင်းနှင့် ကာကွယ်ဆေးထိုးနှံမှု မပြုရသေးခြင်းတို့ကြောင့် အများဆုံးဖြစ်ပွားနေသည်ကို တွေ့ရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားမှုသည် အဓိကမှာ စိတ်ဓာတ်ခွန်အားနှင့် ကိုယ်ခံအားလျော့နည်းခြင်းကြောင့် အပြင် အထက်ပါအားနည်းချက်များကြောင့်လည်း ဖြစ်ပွားလာရခြင်းဖြစ်သည်။ ကိုယ်ခံအားကောင်းခြင်း၊ အကာအကွယ်ပြုလုပ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်းတို့သည် ကိုဗစ်-၁၉ ကို ကျော်လွှားနိုင်သောအချက်များဖြစ်သည်။
သို့ဖြစ်ရာ ပြည်သူများ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုမှ လျော့နည်းလျှော့ချ နိုင်ရေးအတွက် ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများကို တိတိကျကျလိုက်နာပြီး ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံကြကာ ကိုယ်ခံအားကောင်းအောင်ပြုလုပ်၍ စိတ်ဓာတ်မြှင့်တင်ကြရန် အထူးလိုအပ်နေမည်ဖြစ်ပါကြောင်း။ ။