တာဝန်သိစိတ်၊ တာဝန်မဲ့မှု

Type

“တာဝန်သိတာက ကိုယ်ကျင့်။
တာဝန်ယူရဲတာက သတ္တိ။
တာဝန်ယူနိုင်တာက စွမ်းရည်။”
ဆရာအောင်သင်း (၁၉၂၇-၂၀၁၄)
အဖွင့်
မှန်ပါတယ်။ မှန်ပါတယ်။ ဘယ်သူမှတော့ မွေးလာကတည်းက မဟော်သဓာဆေးမြစ်လေး  လက်ကကိုင်ပြီး မမွေးလာသလို နဖူးမှာ စာရေးထားပြီးသား ခေါင်းဆောင်ဆိုတာ မရှိပါဘူး။ သူသူငါငါ လူထဲကလူ အတူတူပါပဲ။
ခေါင်းဆောင်မှုဆိုတာ ရာထူးနေရာ မဟုတ်ပါ။ 
သူတစ်ပါးလူအများအပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်းရှိခြင်း သဘော ပါ။ ဒါဟာ သူ့ရဲ့ တာဝန်သိတတ်မှု၊ တာဝန်ယူဝံ့ခြင်း၊ တာဝန်ကို ပြီးမြောက်အောင်မြင်တဲ့အထိ စွမ်းဆောင်နိုင်ခြင်းဆိုတာတွေက အလေ့အထ အလေ့အကျင့်နဲ့ ပျိုးထောင်ယူကြရတာ။
ရှောင်ရန် 
တာဝန်ခံမှုမရှိရင် အဲသလိုခေါင်းဆောင်အမျိုးအစားကို ရှောင်ခဲ့ ကြရမှာ။ (ပြီးပြီးသားတွေပြီးပါစေတော့။ ဘယ်သူမပြု မိမိမှုပေပဲ ထားလိုက်) အောက်ပါခေါင်းဆောင်အမျိုးအစားဟာ အဖွဲ့အစည်းကို တိုးတက်အောင်မြင်ပြောင်းလဲအောင် မစွမ်းဆောင်နိုင်ပါဘူး။ စာရေး သူပြောတာမဟုတ်ဘူး။
၁။    ကဏန်း        -    ကပ်တိကပ်ဖဲ့ဘေးတိုက်
၂။    ပုတ်သင်        -    ဘာမဆို ခေါင်းငြိမ့်/ညိတ်
၃။    ဝါးပင်        -    လေယူရာ လိုက်ပါယိမ်း
၄။    နွားသိုး        -    ကိုယ်ကျိုးပဲကြည့် (တစ်ဘို့တည်းရှိ)
၅။    လိပ်မျိုး        -    လုပ်ရာပြောရာ ကိုယ့်ဘက်ကိုယ်ယက်
၆။    ခွေးအ         -    ရက်စက်ဝိုင်းကိုက်အုပ်စုလိုက်အနိုင်ယူ
ရှေးလူကြီးသူမများက စာဆိုနဲ့ထားခဲ့တာလေ။
“ကဏန်းပုတ်သင်၊ ဝါးပင်နွားသိုး
လိပ်မျိုးခွေးအ၊ စရိုက်အရ 
ခေါင်းဆောင်နေရာ မတင်ထိုက်ကြ။”
လေ့ကျင့်ပျိုးထောင်ယူရ
တာဝန်ခံမှု၊ တာဝန်ယူမှုဆိုတာ ခေါင်းဆောင်လုပ်သူတို့ရဲ့ တာဝန် ဝတ္တရားတွေပဲ။ စေတနာမပါရင် လုပ်လို့မရဘူး။ အတွေ့အကြုံနဲ့ အမြော်အမြင်မရှိရင် ထိရောက်အောင် မလုပ်နိုင်ဘူး။ တတ်မြောက် ကျွမ်းကျင်မှုနဲ့ အများကယုံကြည်ကိုးစားမှုမရှိရင်လည်း မအောင်မြင် နိုင်ဘူး။ တာဝန်ခံခေါင်းဆောင်ကောင်းဖြစ်အောင်   ဒီအချက်တွေ လေ့ကျင့်ရပေမယ်-
၁။        ကြိုတင်ပြင်ဆင်ပါ။
၂။     လုပ်မယ်လို့ကတိပေးဆုံးဖြတ်ပြီးရင် အဆုံးအထိ ပြီးစီးအောင် 
        လုပ်၊ နောက်မဆုတ်နဲ့။
၃။     မိမိမလုပ်နိုင်လောက်တာဆိုရင် စကတည်းက ပြတ်ပြတ် 
        သားသားငြင်းပါ။
၄။     ကိုယ်လုပ်နိုင်တာထက် ပိုပြီးကတိတွေမပေးရ။
         (ပြောတော့မိုး၊ ထိုးတော့မြေကြီးဆိုတာမျိုး ခေါင်းဆောင်မှု 
        ဘယ်လိုလုပ်ရနိုင်ပါ့မလဲလေအိုး)
၅။        အရေးကြီးတာနဲ့ အလျင်လိုတာကို ခွဲခြားသိပါ။ (ဒါမှသာ         လုပ်ငန်းချောမောတယ်)
၆။        အမှားရှိရင် ဝန်ခံရန် ဝန်မလေးရ။ တောင်းပန်။
        (မှားလျှင်ဝန်ခံ၊ အမြန်ပြုပြင်ရမှာ)။ ခေါင်းမာမာနဲ့ ဇွတ်ငြင်း 
        ဆန်နေတော့ အားလုံးဒုက္ခတွေ့ကြရပြီပေါ့။ လမ်းလွဲတယ် 
        လေ။
ပတ်ဝန်းကျင်တည်ဆောက်ကြရ
တာဝန်ခံမှုရှိတဲ့ ပတ်ဝန်းကျင်ကို   တည်ဆောက်ကြရပါမယ်။ အဲသလိုပတ်ဝန်းကျင်အခြေအနေဖြစ်အောင် အခြေခံလိုအပ်ချက် လေးခုရှိပါတယ်။
၁။        အပြန်အလှန်လေးစားကြတဲ့ ဆက်ဆံရေး၊
၂။     တတ်နိုင်သမျှ နေ့စဉ်ထိတွေ့ပြောဆိုဆွေးနွေး၊
၃။     လူတိုင်းပါဝင်လာနိုင်ရေး ဆွဲဆောင်ဖိတ်ခေါ်၊ 
၄။        အောင်မြင်သူကို ချီးကျူး၊ မအောင်မြင်ပါက နှစ်သိမ့်အားပေး။ 
        နောက်တစ်ကြိမ်အခွင့်အရေးပေး။
စည်းမျဉ်း၊ ဥပဒေ၊ ကျင့်ဝတ်
ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ကျင့်ဝတ်၊ နီတိတွေ သင်ယူလေ့ကျင့်ခဲ့ကြရပါတယ်။ လူတိုင်းရဲ့ ဘဝမှာ နီတိကျင့်ဝတ်ဟာ အခြေခံကျတယ်။ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ ကျင့်ဝတ်တွေကို ရိုသေ ရကောင်းမှန်းမသိ၊ လိုက်နာကျင့်သုံးရမှန်းမသိ၊ တန်ဖိုးထားရမယ်ဆိုတာ ကို နားမလည်ဘူးဆိုရင်  အဲဒီလူစားခေါင်းဆောင်တဲ့  အသင်းအဖွဲ့ဟာ အကျနာဖို့ရာပဲ ရှိမယ်။ မကြီးပွားမအောင်မြင်နိုင်ဘူး။ ဆရာကြီး မင်းသုဝဏ် ပညာရှိပါမောက္ခ၊ ခေတ်စမ်းကဗျာစာဆိုက ဖွဲ့ဆိုသီကုံးခဲ့တယ်-
စည်းတွင်းမှာနေ၊ ကင်းကွေလိမ့်ရန်ဘေး။
ကမ်းကိုကျော်၊ ချော်ကာကျ၊ များလှရန်ဘေး။
စည်းအတွင်းမှာမနေဘဲ ကျော်ထွက်တဲ့မယ်သီတာဟာ  ရသေ့  သူတော်စင်ဟန်ဆောင်ထားတဲ့ ဒဿဂီရိဘီလူးရဲ့ ဆွဲခေါ်ယူဆောင်သွားခြင်း ခံခဲ့ရတယ်လေ။ စည်းကမ်းပရမ်းပတာဖြစ်တဲ့ အသင်းအဖွဲ့ဟာ ပျက်စီးဖို့ ရာ သေချာတယ်။ ဘေးရန်တွေကို ဖိတ်ခေါ်ရာရောက်တယ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်ကပင် စာဆိုကဝိ မင်းသုဝဏ် (ပါမောက္ခဦးဝန်) သတိပေးရေးဖွဲ့ခဲ့ဖူးတယ်။ ပညာရှိဆိုတာ အမြော်အမြင်ရှိပေတာပေါ့။ စည်းကမ်းမရှိရင် မအောင်မြင်ဘူး။
ကျင့်ဝတ်မလိုက်နာသော်-
ကျင့်ဝတ်စည်းကမ်း၊ စည်းမျဉ်းဥပဒေတို့ကို မလေးစားမနာယူရင် ဘာဖြစ်သလဲ။ အလေးမထားရင် ဘာတွေဖြစ်တတ်သလဲ။ ရှေးရှေးသော မှတ်တမ်းမှတ်ရာ စာပေတွေမှာ ရှိနေပြီးသားပဲ။ ဥပဒေ၊ နည်းဥပဒေ ကျင့်ထုံးတွေအရ   သင်ခန်းစာတွေက ရှိခဲ့ကြပြီးသား။ ဥပဒေသနောက်မှ ထပ်ဖြည့်တာမဟုတ်ပါ။
စည်းမျဉ်းဥပဒေတွေကို အလေးမထားဘူး။ မလေးစားမနာယူ ဘူးဆိုရင်၊  စည်းကမ်းကင်းမဲ့ရင် အကွပ်မဲ့ကြမ်း ပရမ်းပတာဖြစ်ပေ တော့မှာပဲတဲ့။
၁။        အကျင့်ပျက် ခြစားမှုတွေဖြစ်ပေါ်မယ်။
၂။        ဒေသခံ  ပုဂ္ဂိုလ်တွေနစ်နာမယ်။  (ဥပမာ လယ်မြေယာမြေ         အသိမ်းခံရ၊ ကျူးကျော်ခံရ)
၃။        စီးပွားရေးစီမံကိန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက် 
        ပျက်စီးမှု၊ ယိုယွင်းမှုတွေ ဖြစ်ပေါ်လာမယ်။ (နိုင်ငံတကာမှာပါ_)
၄။        ဒေသခံလူမှုအသိုက်အဝန်းအတွက်    ထင်သာမြင်သာတဲ့         ကောင်းကျိုးထိရောက်မှု မရှိခြင်း။ 
၆။        အစိုးရထံ ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာမရမရောက်ခြင်း။ 
        (ပြည်ပက ဖျက်ဆီးဖို့ရာ သွေးထိုးမြှောက်ပင့်တော့ အ,တဲ့,န, 
        တဲ့ လူအချို့ဟာ အခွန်နဲ့အခကိုတောင် လုံးဝခွဲခြားမသိကြဘဲ 
        အခွန်မဆောင်ရေးသာမက အခမပေးရေးအထိ ဆန့်ကျင်ဖီဆန် 
        လာကြတယ်။ ရေခ၊ မီးခ မပေးဘဲနေရင် ဘယ်သူတွေ ပျက်စီး 
        ခြင်းဆိုက်မလဲ မမြော်မြင်နိုင်ဘဲ အသိဉာဏ်မွဲလွန်းလှတယ်)
ကောင်းမွန်တဲ့ အုပ်ချုပ်ရေးယန္တရား
အေးချမ်းသာယာချင်သလား။ ပြေးပြေးလွှားလွှားမလုံမခြုံ၊ ထိတ်လန့်ကြောက်ရွံ့နေရတာ ကြိုက်လား။
ပျော်ပျော်ရွှင်ရွှင်နေချင်သလား။    ကပ်ရောဂါဘေး  ခံစားပြီး ဆင်းရဲငတ်မွတ်နေမယ်လား။
ကောင်းမွန်တဲ့ အုပ်ချုပ်ရေးယန္တရားရှိမှသာ အေးချမ်းသာယာ လုံခြုံပါတယ်။ ငြိမ်းချမ်းပါမယ်။ တရားဥပဒေစိုးမိုးနေမှ လူနေမှုဘဝ စီးပွားဥစ္စာ ရှာဖွေရတာ ဘေးကင်းပါမယ်။ စဉ်းစားလေ။
ဥပဒေမဲ့လက်နက်ကိုင်တွေက     နှိပ်စက်သတ်ဖြတ်နေတာကို ကြိုက်တယ်၊  အားပေးမယ်။  စစ်မက်ကို ကြိုဆိုတယ်ဆိုရင်တော့ မိုက်မဲစွာပဲ ကိုယ့်သေတွင်းကိုယ်တူးနေခြင်းပါပဲ။
ငြိမ်းချမ်းရေးကိုမလို။ စစ်ကိုပဲလိုလားနေတယ်ဆိုရင် သင့်ရဲ့ သားစဉ်မြေးမြစ်တွေ ဘယ်လိုလုပ်ကောင်းစားကြီးပွားနိုင်ပါတော့ မလဲ။ အဲဒီလောက်တောင် အသိဉာဏ်နည်းဖို့မသင့်ပါ။
အုပ်ချုပ်ရေးပိုင်းလိုအပ်ချက်
ကောင်းမွန်တဲ့ အုပ်ချုပ်ရေးယန္တရားရှိနေတဲ့ ရပ်ရွာ၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ် လုံခြုံမယ်၊ အေးချမ်းမယ်၊ တိုးတက်မယ်။ စည်းကမ်း စနစ်တကျ ဖွံ့ဖြိုးသာယာလာပါလိမ့်မယ်။ ဒါဟာ သေချာတယ်။
တာဝန်ခံမှုဟာ အုပ်ချုပ်ရေးပိုင်းမှာ အလွန်အရေးကြီးပါတယ်။ ဖျက်ဆီးတာ၊ မီးရှို့တာ၊ လူသတ်တာနဲ့ ဘယ်မြို့ဘယ်ရွာမှ တိုးတက် စရာ လမ်းမရှိ။ မြန်မာ့ရာဇဝင်ကော ကမ္ဘာ့သမိုင်းကော လေ့လာကြည့်။ နိုင်ငံရေးနားမလည်ဘဲ မျက်ကန်းတစ္ဆေမကြောက် နွားရူးဆူးတိုး လုပ်နေလို့ အကျိုးမရှိ။
အုပ်ချုပ်ရေးပိုင်းက ဥပဒေနဲ့အညီ စည်းကမ်းစနစ်တကျ ဖြစ်ရ အောင် ဒါတွေဒါတွေ လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်-
၁။        လုပ်ငန်းတာဝန်ရှင်းလင်းတိကျစွာ သတ်မှတ်ရပါမယ်။
၂။     လုပ်ငန်းပြီးမြောက်စေရန် အချိန်နဲ့ငွေကြေးလျာထားချက်၊ 
        စီမံချက်၊ အသေးစိတ် ရေးဆွဲထားရမယ်။
၃။     တာဝန်ယူတာဝန်ခံရမယ့် ပုဂ္ဂိုလ်များ၊ အဖွဲ့ဝင်များ၊ ရာထူး၊ 
        တာဝန်များ ရှင်းလင်းတိကျရပါမယ်။ တာဝန်နဲ့လုပ်ပိုင်ခွင့်။ 
၄။        လုပ်ငန်းထိရောက်မှုရှိစေရေးအတွက်       စောင့်ကြည့်ပြီး 
        ကြီးကြပ်ပြင်ဆင်ရေးအဖွဲ့         ထားရှိလုပ်ဆောင်ရမယ်။    
        သေချာပေါက် တိုးတက်မှာပါ။
တာဝန်ခံမှု အလေ့အထ
၁။        မိမိကိုယ်တိုင်တာဝန်ခံမှုကို ပြသခြင်းနဲ့စတင်ပါ။
၂။     မိမိလိုချင်တဲ့တာဝန်ခံမှုပုံစံကို တိကျသေချာစွာချမှတ်ရမယ်။
၃။     လုပ်ငန်းအောင်မြင်စေရန် အားပေးမြှင့်တင်ပါ။
၄။     တာဝန်ခံမှုဆိုတာ လူတိုင်းကိုယ်စီ အချိန်နဲ့တစ်ပြေးညီရှိရ
        မယ်(အမြဲတစေ)။
၅။        လက်အောက်ငယ်သားတွေရဲ့စွမ်းဆောင်ရည် ဆောင်ရွက်ချက် 
        တွေကို အခါအားလျော်စွာ ပြန်လည်စစ်ဆေး သုံးသပ်ရမယ်။ 
        ယင်းတို့ရဲ့ တာဝန်ခံမှုရှိခြင်းကို တည်တံ့အောင် ထိန်းသိမ်းဖို့ 
        အားပေးရမယ်။
၆။        လုပ်ငန်းတာဝန် အောင်မြင်ပြီးမြောက်ခြင်းများ တစ်ခုပြီး 
        တစ်ခု ရရှိအောင် တိတိကျကျရှင်းရှင်းလင်းလင်းချမှတ် 
        (ခွဲဝေ)အကောင်အထည်ဖော်စေရန် တာဝန်ပေးတတ်ရမယ်။
        (ခိုင်းမှလုပ်မယ်၊ ခိုင်းတာပဲ လုပ်မယ်ဆိုသူများ ခေါင်းဆောင် 
        ဖြစ်မလာနိုင်ပါ)
ကျွမ်းကျင်တတ်မြောက်သူ ပီသမှု
အနုပညာမှာပဲဖြစ်ဖြစ်၊ အားကစားမှာပဲဖြစ်ဖြစ် သိသိသာသာ ကွဲပြားခြားနားတဲ့ အရာနှစ်ခုရှိတယ်။
၁။ ဝါသနာရှင် အပျော်တမ်းအဆင့်
၂။ ကျွမ်းကျင်တတ်မြောက်မှုအဆင့်    

 

m စာမျက်နှာ ၆ မှ
ကျွမ်းကျင်တတ်မြောက်တဲ့ သရုပ်ဆောင်၊ အဆိုတော်၊ ဆိုင်း ဆရာ၊  စန္ဒရားဆရာ၊ ဂီတစာဆို၊ မင်းသမီးစတဲ့ အနုပညာသည်၊ ပညာရှင်။                                                   
အားကစားမှာဆိုရင်လည်း နိုင်ငံတော်အဆင့် ဒိုင်းဆု၊ ဖလား၊ ရွှေတံဆိပ်ဆုများရယူခဲ့တဲ့ အားကစားသမားမျိုးတွေ၊ Professional ဘောလုံးသမား လီယွန်နယ်မက်ဆီ။ ခရစ္စတီယာနို ရော်နယ်ဒို စတဲ့ ပုဂ္ဂိုလ်မျိုးတွေပေါ့။
ကိုယ့်တာဝန်၊ ကိုယ့်အလုပ်ကို ထူးချွန်ပြောင်မြောက်အောင် ကျွမ်းကျင်သူ ဂုဏ်ပုဒ်နဲ့ညီအောင် အလုပ်လုပ်တဲ့ သဘောရှိရမယ်။
၁။        တာဝန်ယူမှု= Accountability
        တာဝန်ရှိမှု=Responsibility
        အဲဒါက စွမ်းရည်ရှိမှုအပေါ်မူတည်ပါတယ်၊
၂။        စွမ်းရည်ရှိမှု =Competency
၃။        သူဟာအထူးပြု လေ့လာမှုနဲ့ ကျွမ်းကျင်မှုလည်း ရှိရပါတယ် 
        =Specialized study and skill
         လှေကြုံစီးရုံနဲ့ မအောင်မြင်ဘူး၊  ချော်လဲရောထိုင် ဝင်နေရာ 
        ယူချင်တာ မရနိုင်ပါဘူး။
၄။        Professional ပီသဖို့ရာ ဂုဏ်သိက္ခာတစ်ခုအနေနဲ့ ရိုးသား 
        ဖြောင့်မတ်မှုဆိုတာလည်း ရှိရပါတယ်= Integrity
၅။        အဓိကကျတာ တစ်ခုရှိသေးတယ်။ အဲဒါက မိမိကိုယ်ကို 
        ယုံကြည်မှု =Self confidence
အပိတ်
 တာဝန်သိတဲ့ ခေါင်းဆောင်ကောင်းတွေ အများကြီးလိုပါတယ်။ တာဝန်ကျေတဲ့    နိုင်ငံသူနိုင်ငံသားတွေ  ရှိကြရပါမယ်။  တာဝန်မဲ့တဲ့ တစ်ကိုယ်ကောင်းစိတ်ထားရှိတဲ့   လူစားတွေရဲ့  လိမ်ညာလှည့်စားမှု၊ အဝေးက     မက်လုံးပေးဖြားယောင်းမှုတွေကို      နားမယောင်မိဘဲ မိမိဘဝကို   နိုင်ငံနဲ့    လူမျိုးကောင်းကျိုးအတွက်  တာဝန်ခံမယ့် တာဝန် ယူနိုင်စွမ်းရှိတဲ့  ခေါင်းဆောင်ကောင်းဖြစ်အောင်  တည်ဆောက် လေ့ကျင့်ပြီး လူငယ်အပေါင်း  ပြောင်းလဲပြုပြင်ပျိုးထောင်ကြစေချင် ပါတယ်။ လမ်းလွဲဆွဲဆောင်နေမှု အမှားတွေကို ရှောင်ရှားဖယ်ရှင်းနိုင် ပြီး  ပညာဉာဏ်အလင်းနဲ့  လောကကိုကောင်းအောင်  ဦးဆောင် ဖန်တီးမယ့်သူတွေအတွက်    ကောင်းနိုးရာရာအချက်တွေ   စုဆောင်း တင်ပြခြင်းပါ။        စေတနာအမှန်ကို သိမြင်လက်ခံမယ်လို့ ယုံကြည်မိ ပါတယ်။ တိုးတက်အောင်မြင် ပျော်ရွှင်ကြီးမြတ်ကြပါစေ။      ။
n