
ရွှေကျော်(စာပေဗိမာန်)
ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း (စည်သူဦးကြည်အေး) အကြောင်းကို ဆောင်းပါးရေးမည်ဆိုသောအခါ ဆရာကြီးကဲ့သို့ စွယ်စုံရစာပေပညာရှင်ကြီးအကြောင်းကို ပြည့်ပြည့်စုံစုံ ရေးနိုင်ပါ့မလားဟု မဝံ့မရဲဖြစ်မိပါသည်။ သို့သော် ထိုတာဝန်ကို ဂုဏ်ယူနှစ်သက်မဆုံးဖြစ်ရကာ မြန်မာမှု၊ မြန်မာဓလေ့၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့သမိုင်း ကြောင်းကို ထုံးလိုခြေ၊ ရေလိုနှောက် ပင်ကိုရေးစာရေးဆရာကြီး အသက် ၉၃ နှစ်အရွယ် ဆရာကြီးကို နေထိုင်ရာအိမ်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံ ဦးခိုက်ကန်တော့လိုခဲ့သည်။ အခွင့်သာသည်နှင့် ဆရာကြီး၏ လမ်းညွှန်ပဲ့ပြင်မှု၊ ဆိုဆုံးမဩဝါဒကိုခံယူကာ ဆရာကြီးအကြောင်း ကို မိမိတို့လူငယ်များအတွက် အတုယူစရာအချက်အလက်များစုံလင်အောင် ရေးမည်ဟု ကျွန်မစိတ်သန္တာန်တွင် အားခဲထားခဲ့ သည်။ ယင်းမှာ အချည်းနှီးဖြစ်ခဲ့ရပြီ။ ထိုသည်မှာ ၁၅-၇-၂၀၂၁ ရက်တွင် ဆရာကြီး ကွယ်လွန်အနိစ္စရောက်ကြောင်း ကြားသိ လိုက်ရသည့် ဝမ်းနည်းဖွယ်သတင်းကြောင့် ဖြစ်ပါသည်။ ကျွန်မ ဝမ်းနည်းကြီးစွာ ဖြေမဆည်နိုင်ဖြစ်ရ၏။
ဆရာကြီး၏ ဘဝရုပ်ပုံလွှာ
ဆရာကြီးကို ဖခင် လယ်သမားကြီး ဦးရွှေစံနှင့် မိခင် ဒေါ်ငွေစင်တို့မှ ၁၂၉၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက် (၁၉၂၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်) တွင် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ ရွာသစ်ကြီးကျေးရွာ၌ မွေးဖွားခဲ့သည်။ မွေးချင်းလေးဦးအနက် တတိယမြောက်သားဖြစ်သည်။ အမည် ရင်းမှာ ဦးကြည်အေးဖြစ်သည်။ မိဘများ မှာ မင်းမှုထမ်းမျိုးရိုးဖြစ်သည်။ ဆရာ ကြီးသည် အညာဒေသ၌ ပညာရှာမှီးရာ တွင် ဒုတိယကမ္ဘာစစ်မတိုင်မီက ဆင်ဖြူ ကျွန်း ဒိစတြိတ်ကောင်စီ အထောက်အပံ့ ခံမူလတန်းကျောင်း၊ ဆင်ဖြူကျွန်း ဦးဖိုးသိန်း အလယ်တန်းကျောင်းတို့တွင် မူလတန်းနှင့် အလယ်တန်းပညာများ သင်ကြားခဲ့သည်။ ဒုတိယကမ္ဘာစစ် အတွင်းတွင် ဆင်ဖြူကျွန်းဆရာနွယ် အထက်တန်းကျောင်းတွင် အထက်တန်း ပညာသင်ယူခဲ့၏။ ၁၉၄၄ ခုနှစ်တွင် ခုနစ်တန်းစာမေးပွဲ၊ ရှစ်တန်းစာမေးပွဲ အောင်မြင်ခဲ့ပြီးနောက် ကိုးတန်းပညာ ကို ဆက်လက်ဆည်းပူးသင်ယူနေစဉ် စစ်ရေးလှုပ်ရှားလာ၍ ကျောင်းများ ပိတ်လိုက်သောကြောင့် ပညာရေးရပ်နား လိုက်ရသည်။ ထို့နောက် ၁၉၄၉ ခုနှစ် တွင် အညာသားစစ်စစ် ဆရာကြီးသည် မလျှော့သောဇွဲလုံ့လဖြင့် ဆက်လက် ပညာသင်ကြားနိုင်ရန် ရန်ကုန်မြို့ရှိ ဂွတ္တလစ်ကျောင်းသားဂုဏ်ရည် အလွတ် ပညာသင်ကျောင်း၌ ပညာရှာမှီးခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ထိုကျောင်း၌ပင် အထက်တန်းစာမေးပွဲကို အောင်မြင် ခဲ့သည်။ ထိုနှစ်တွင်ပင် မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သူ ဒေါ်တင်ဥနှင့် အကြောင်းပါခဲ့ပြီး သား သမီးလေးဦး ထွန်းကားခဲ့ကာ ရန်ကုန် တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အရှေ့ ၇ ရပ်ကွက်တွင်နေထိုင်၍ စာပေ များ ရေးသားခဲ့သည်။
စာပေနှင့် မွေ့လျော်လာပုံ
ဆရာကြီး အလယ်တန်းပညာ သင်ယူခဲ့သည့် ဆင်ဖြူကျွန်း မြောက်ပိုး တန်း အစိုးရအလယ်တန်းကျောင်းမှ အလယ်တန်းပြဆရာ ဦးသန်းအောင် သည် အတန်းပညာထူးချွန်သူများကို ဆုချီးမြှင့်သည့် အလေ့အထတစ်ခုအဖြစ် မှတ်သားဖွယ် စာအုပ်စာစောင်များ ချီးမြှင့်ခဲ့ရာ ဆရာကြီး ဆင်ဖြူကျွန်း အောင်သိန်းသည် စာတော်သူဖြစ်သဖြင့် မကြာခဏ ဆုချီးမြှင့်ခြင်းခံခဲ့ရကာ စာအုပ်များ လက်ခံရရှိခဲ့သည်။ ထိုစာအုပ် စာစောင်များကို ဖတ်ရှုခြင်းကစ၍ စာပေ ကို စိတ်ဝင်စားလာခဲ့သည်။ ထို့ကြောင့် ဆရာဦးသန်းအောင်၏ စာပေချီးမြှင့်မှုမှ တစ်ဆင့် ဆရာကြီးသည် စာပေနှင့် ကျွမ်းဝင်လာကာ စာပေဝါသနာပါလာ ခဲ့ပြီး ၁၉၄၂ ခုနှစ်မှစ၍ ပိုမိုဖတ်ရှုလေ့လာ ခဲ့သည်။ ထိုသို့ပင် စာဖတ်သူများ ဖြစ်လေ့ ဖြစ်ထရှိသည့်အတိုင်း သူတစ်ပါးရေးသား ထားသည့်စာများကို ဖတ်ရှုရပြီး ကိုယ်တိုင်စာရေးသားချင်စိတ် ဖြစ်ပေါ် လာကာ စတင်စာရေးသားခဲ့သည်။ ရှေးဦးကလောင်အမည် ‘ရွှေဇင်’ ကို ဖခင် ၏ အမည်မှ ပထမစာလုံးနှင့် မိခင်၏ အမည်မှ ဒုတိယစာလုံးအသံကိုယူ၍ မှည့်ခေါ်ခဲ့ပြီး ပထမဆုံးအနေဖြင့် ‘တိုင်းသစ်ဂျာနယ်’ ၌ ‘တို့လယ်တော’ ကဗျာကို စတင်ရေးသားခဲ့သည်။ ထို ကလောင်ဖြင့် ၁၉၅၁-၅၂ ခုနှစ်အထိ တစ်နှစ်ခန့်ကြာအောင် ကဗျာများ ရေးသားခဲ့သည်။ ယင်းနောက် ဗလစ လူငယ်ဂျာနယ်၊ ဗမာပြည်လွတ်လပ်ရေး အမျိုးသမီးများအစည်းအရုံး (ဗ.လ.မ.စ) အမျိုးသမီးမဂ္ဂဇင်းနှင့် ဆန်းသစ်ဦး မဂ္ဂဇင်းတို့တွင် ကဗျာများ ဆက်လက် ရေးသားခဲ့သည်။ သွေးသောက်မဂ္ဂဇင်း တွင်ဖော်ပြခံရသည့် ပြိုင်ပွဲဆုရ ‘နှောင်ရစ် မြေခြာ’သည် ရှေးဦးစာညွန့်ဖြစ်သည်။ ၁၉၅၂ ခုနှစ်တွင် ဆင်ဖြူကျွန်းအောင်သိန်း ကလောင်ကို စတင်အသုံးပြု၍ ကဗျာ များရေးသားခဲ့ပြီး ထိုနှစ်တွင် ‘သွေးသောက်မဂ္ဂဇင်း’၌ ပထမဆုံးဝတ္ထု တို ‘စွပ်ကျယ်’ ဖော်ပြခြင်းခံခဲ့ရသည်။ ၁၉၅၇ ခုနှစ်တွင် ရေးသားခဲ့သည့် စာပန်းချီပုံနှိပ်တိုက်ထုတ် ‘လွမ်းယမုံဦး’ ဝတ္ထုမှာ ပထမဦးဆုံး လုံးချင်းဝတ္ထု ဖြစ်သကဲ့သို့ စာပေဗိမာန်က ထုတ်ဝေ သည့် စပ်ပန်းချီမိတ်ဆက်(၁၉၈၂)စာအုပ် မှာ ဦးဆုံးသုတစာအုပ်ဖြစ်သည်။
စာပေခရီးလမ်း
မြေပြင်ပစ်အမြောက်ကြီး တပ်ရင်း- ၁ ၌ တပ်သားအဖြစ် ၁၉၅၀ ပြည့်နှစ်မှ ၁၉၅၃ ခုနှစ်အထိ အမှုထမ်းခဲ့သည်။ ယင်းနောက် ဆရာကြီးသည် စာရေးသား ခြင်းအပြင် ၁၉၅၇-၅၈ ခုနှစ်တွင် ‘ရုပ်ရှင် ပဒေသာ’ မဂ္ဂဇင်း၊ ၁၉၅၈-၅၉ ခုနှစ်တွင် ‘ရုပ်ရှင်လောက’ မဂ္ဂဇင်း၊ ‘ယနေ့ရုပ်ရှင်’ ဂျာနယ်နှင့် ‘နတ်သျှင်နောင်’ မဂ္ဂဇင်း တို့၌ တာဝန်ခံအယ်ဒီတာအဖြစ် လည်း ကောင်း၊ ၁၉၆၃ ခုနှစ်တွင် ‘တံခွန်’ ဂျာနယ်၌ အယ်ဒီတာအဖွဲ့ဝင်နှင့် ၁၉၆၄-၆၅ ခုနှစ်တွင် ‘ကာနယ်ဇင်း’ မဂ္ဂဇင်း၌ တာဝန်ခံအယ်ဒီတာအဖြစ် လည်း ကောင်း ထမ်းဆောင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ရုပ်ရှင်နယ်ပယ်သို့ စတင် ဝင်ရောက်ခဲ့ပြီး ရုပ်ရှင်ဒါရိုက်တာ အေဝမ်းညွန့်မောင်ထံမှ ရုပ်ရှင်ပညာ သင်ယူခဲ့သည်။ ၁၉၅၉ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ရုပ်ရှင်ဇာတ်လမ်း မှတ်တမ်း တင်သူ၊ တွဲဖက်ဒါရိုက်တာ စသည်ဖြင့် ရုပ်ရှင်နယ်ပယ်တွင် ကျင်လည်ခဲ့သည်။ နောက်ပိုင်းတွင် စာပေရေးသားခြင်းဖြင့် အသက်မွေးဝမ်းကျောင်းအလုပ်ကို ဘဝ တစ်ခုလုံး နှစ်မြှုပ်လုပ်ကိုင်ခဲ့သည်။
ဆရာကြီးသည် ၁၉၈၀ ပြည့်နှစ်မှစ၍ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး စာပေလုပ်သားအဖွဲ့တွင် အမှုဆောင် ကော်မတီဝင်၊ သာကေတမြို့နယ် စာပေ နှင့်စာနယ်ဇင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာရေး ဆရာအသင်း၊ မြန်မာနိုင်ငံစာရေးဆရာ စာပေကလပ်၊ မြန်မာနိုင်ငံ စာပေပြန့်ပွား ရေးအသင်း၊ မြန်မာနိုင်ငံစာပေဝါသနာ ရှင်အဖွဲ့၊ မြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂ နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) စသည့် အဖွဲ့အစည်းများ တွင် စာပေဆိုင်ရာလုပ်ငန်းများကို ပါဝင် ဆောင်ရွက်ခဲ့သည်။
ဆရာကြီးသည် ကလောင်ခွဲပေါင်း ၂၀ ကျော်ဖြင့် မြဝတီ၊ ရှုမဝ၊ သွေးသောက်၊ စုံထောက်ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ရှင်အမြုတေ၊ စာပေဂျာနယ် မဂ္ဂဇင်းပေါင်းများစွာနှင့် စာနယ်ဇင်းမျိုးစုံတို့တွင် ရေးသားခဲ့သည်။ ရှေးဦးကလောင်ရွှေဇင်၊ ၁၉၅၂ ခုနှစ်မှစ၍ ဆင်ဖြူကျွန်းအောင်သိန်း၊ ဦးကြည်အေး၊ ဇင်အောင်၊ မင်္ဂလာစျင်အောင်၊ ဦးအောင် သိမ်းမြတ်၊ ဦးသိန်းဇံ၊ ဆီညော်စျင်အောင်၊ စိုင်းစျင်အောင်စသည့် အမည်များဖြင့် ကဗျာ၊ စကားပြေ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပြဇာတ်၊ ဆောင်းပါးစာပေမျိုးစုံတို့ကို ရေးသားခဲ့သည်။ ဆရာကြီးရေးသားခဲ့ သည့် စာအုပ်အမျိုးအစားပေါင်း ၂၀၀ ကျော်ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီးသည့်အပြင် ဝတ္ထု၊ ဆောင်းပါးပေါင်း ၃၀၀၀ ကျော် အထိ ရေးသားခဲ့သည်။
ဆရာကြီး၏ ထင်ရှားသောစာပေ လက်ရာများအနက်မှ အချို့စာအုပ်များ ကို ပထမအကြိမ်ထုတ် ခုနှစ်များနှင့် တကွဖော်ပြရလျှင် လှိုင်း(၁၉၆၀)၊ လွမ်းသူရဲ့ပွဲ(၁၉၆၃)၊ ဂဠုန်ဆရာစံ (၁၉၆၅)၊ နေမင်းလမင်းသိန်းရာထောင် ပြဇာတ်(၁၉၆၅)၊ သွေးစွန်းသောလက် (၁၉၆၆)၊ မြစ်တို့၏သဘော (၁၉၆၆)၊ ဓားရောင်ကဖွေး (၁၉၆၇)၊ လယ်သမား သူပုန်(ပတွဲ-၁၉၆၈)၊ သတ်ရဲသည် သေရဲ သည်(ဒုတွဲ-၁၉၆၉)၊ သူ့နိုင်ငံသား သံမှုန် စားပြီလား(တတွဲ-၂၀၁၁)နှင့် ရဲရဲတောက် တို့မြန်မာတွေ(စတွဲ-၂၀၁၁)၊ နီရဲသော ဗိုလ်ဥတ္တမ(၁၉၇ဝ)၊ အကွပ်မဲ့တဲ့ကြမ်း ပရမ်းပတာ(၁၉၇၀)၊ ငရဲနိုင်ငံ (၁၉၇၄)၊ စပ်ပန်းချီမိတ်ဆက်(၁၉၈၂)၊ မြန်မာ့ ထိုးကွင်းမင်ကြောင်ဓလေ့(၁၉၈၆)၊ ရိုးရာ ပုံပြင်စာပေစာတမ်းများ (ပတွဲ-၁၉၈၉)(ဒုတွဲ-၁၉၈၉)၊ ကျေးလက်ရိုးရာ မြန်မာမှု ဓလေ့များ(ပတွဲ-၁၉၉၀)(ဒုတွဲ-၁၉၉၁)၊ ဇာတိမာန်စာပေစာတမ်းများ (ပတွဲ-၁၉၉၂)၊ အမေအဖေဝတ္ထုတိုများ(၂၀၀၃)၊ ပန်ချင်သူ ပျို့မောင်ထွေးငဲ့(ပတွဲ-၂၀၀၅)၊နတ်မောက်သူပုန်တဲ့ဟေ့ (၂၀၀၉)၊ စံဝ-မိမှေးဝတ္ထုတိုများ(၂၀၁၀)၊ မြင့်မြတ်သော စာတော်များ(၂၀၁၄)၊ မြေ၏ဇာတ်ဟောင်း အပါအဝင် လယ်ယာမြေနောက်ခံမဂ္ဂဇင်း ဝတ္ထုရှည်များ(၂၀၁၅)၊ ဝဲဂယက်မှာ နွှဲလျက်ချာချာလည်(၂၀၁၈)၊ ပုဏ္ဏကနှင့် ရသစုံဝတ္ထုများ(၂၀၁၉)၊ မြန်မာပြည် သား စကားအလှကြွယ်(၂၀၂၀)၊ အတွေး အမြင်စာဘုရင်(၂၀၂၀) စသည်တို့ ဖြစ်ပါ သည်။ စာပေထုတ်ဝေသူများက ဆရာ ကြီး၏ စာအုပ်အမြောက်အမြားကို အကြိမ်ကြိမ် ရိုက်နှိပ်ထုတ်ဝေပေးလျက် ရှိသည်။
ဆရာကြီး၏ဝတ္ထုများကို ဇာတ်လမ်း အသွင်ပြောင်း၍ ဒါရိုက်တာ ရှုမဝ ဦးကျော်၊ သရုပ်ဆောင် မောင်ယဉ်ထွေး၊ နွဲ့နွဲ့မူတို့ဖြင့် ‘ပုဏ္ဏက’ ဇာတ်ကား (၁၉၇၄) ဟူ၍လည်းကောင်း၊ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)၊ သရုပ်ဆောင်နေမင်း၊ စိုးမြတ်သူဇာ၊ ဆုမြတ်နိုးဦး၊ ဖြိုးရည်မျိုး တို့က ‘ပန်ချင်သူပျို့မောင်ထွေးငဲ့’ ရုပ်ရှင် (၂၀၁၇)ကိုလည်းကောင်း ရိုက်ကူးပုံဖော် ထားသည်။
ထို့ပြင် ရှုမဝမဂ္ဂဇင်းမှ မွေးဖွားပေး လိုက်သည့် ထင်ရှားသော ဇင်အောင် ကလောင်သည် စူးရှထက်မြက်ကာ အောင်မြင်လှသည်။ ‘ငပွေးဗဟိုကော်မတီ သို့ အစီရင်ခံပြီ’ စသည့် ဘဝနိုင်ငံရေး နယ်ပယ်များအကြောင်း လှောင်ပြောင် ထစ်ငေါ့သော ဟာသအရေးအသားများ ပါဝင်သည့်ဝတ္ထုများဖြင့် တစ်ဟုန်ထိုး ကျော်ကြားခဲ့ပြီး သရော်နှင့် ဟာသကို ပေါင်းစပ်ထားသည့် မုဆိုးရွတ်ပေတလူ တောလုံးဆူ(၂၀၁၁) ဝတ္ထုမှာလည်း ဟာသမြောက်လှပေသည်။ ‘ဦးကြောင် ဘီလူး’၊ ‘မောင်ကျော်နွဲ့’ သရော်ဝတ္ထုများ အပြင် ‘ဇာတ်မင်းသား မင်္ဂလာဇင်အောင်’ ဝတ္ထုတို့သည် စာဖတ်သူများကို အကျိုး ပြုနိုင်ပါ၏ဟူ၍ လည်းကောင်း၊ ဟာသ စာပေနှင့်ပတ်သက်၍ ‘ဟာသစာပေရေး သူရဲ့ အရည်အသွေးမှာ အဆင့်အတန်း ရှိတဲ့ စာပေသမားတစ်ယောက်တွင် မဖြစ်မနေရှိရမယ့် အရည်အသွေးတွေ အဖြစ် လောကကို ဆင်ခြင်သုံးသပ်တဲ့ အမြင်ရှိခြင်းဟာ ထူးခြားပါတယ်။ နစ်နစ်နာနာ ထိုးနှက်လိုတဲ့ စိတ်ရှိနေရင် ချိုးနှိမ်သင့်ပါတယ်’ဟူ၍ လည်းကောင်း ကနောင်ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်း တွင် ဆရာကြီးဖြေကြားထားသည်ကို မှတ်သားဖတ်ရှုရပါသည်။ ထိုကလောင် ဖြင့် ဆရာကြီးသည် ၁၉၉၂ ခုနှစ်တွင် စာပေဗိမာန်က ကျင်းပပြုလုပ်သည့် ဇာတိမာန် စာပေစာတမ်းများကဲ့သို့ စာတမ်းဖတ်ပွဲများတွင် စာတမ်းများ ဖတ်ကြားခဲ့သည့်အပြင် ၁၃၄၇ ခုနှစ် စာဆိုတော်လ အထိမ်းအမှတ်အဖြစ် မင်းဘူးမြို့၌ ကျင်းပပြုလုပ်သည့် စာပေ ဟောပြောပွဲများတွင်လည်း ဟောပြော ခဲ့သည်။
သမိုင်းတွင်ကျန်ရစ်သော စာပေများနှင့် ချီးမြှင့်ခံရသော ဂုဏ်ပြုဆုများ
၁၉၅၃ ခုနှစ်မှစ၍ သွေးသောက် မဂ္ဂဇင်းတွင် အခန်းဆက်ဝတ္ထုတိုများ အဖြစ် ကိုဆေးရိုးဝတ္ထုတိုများကို စတင် ရေးသားဖော်ပြခဲ့သည်။ ထိုရေးသား ဖော်ပြခဲ့သည့် ဝတ္ထုတိုများကို စုပေါင်း၍ ကိုဆေးရိုး(၁) (၁၉၆၃)၊ ကိုဆေးရိုး(၂) (၁၉၆၅)၊ ကိုဆေးရိုးဝတ္ထုတိုများ(၁၉၇၃)၊ ကိုဆေးရိုးဝတ္ထုတိုပေါင်းချုပ်(၄) (၁၉၉၀)၊ ကိုဆေးရိုးဝတ္ထုတို(၅)(၁၉၉၃)၊ ကိုဆေးရိုး ဝတ္ထုတို(၆) (၁၉၉၆)၊ ကိုဆေးရိုးဝတ္ထုတို (၇)(၂၀၀၁)၊ ကိုဆေးရိုးဝတ္ထုတို(၈)(၂၀၀၁)၊ ကိုဆေးရိုးဝတ္ထုတို(၉)၊ ကိုဆေးရိုးဝတ္ထု တို(၁၀)၊ ကိုဆေးရိုးဝတ္ထုတို(၁၁)(၂၀၀၇) စသည့် အတွဲအားလုံးပါဝင်သည့် ကိုဆေးရိုးပေါင်းချုပ်(၂၀၀၉)ကို ပုဂံပုံနှိပ် တိုက်မှ ထုတ်ဝေခဲ့သည်။ ထိုအတွဲများ ထဲမှ အမျိုးသားစာပေဆု (ဝတ္ထုတို ပေါင်းချုပ်ဆု)ကို ၁၉၉၀ ပြည့်နှစ်တွင် ကိုဆေးရိုးဝတ္ထုတိုပေါင်းချုပ်(၄) ဖြင့် လည်းကောင်း၊ ၁၉၉၆ ခုနှစ်တွင် ကိုဆေးရိုးဝတ္ထုတို(၆) ဖြင့်လည်းကောင်း ရရှိခဲ့သည်။
ဆက်လက်ပြီး ဆရာကြီးသည် ၁၉၉၈ ခုနှစ်တွင် (၂၀)ကြိမ်မြောက် အရှေ့တောင်အာရှစာပေဆု (S.E.A Write Award)ကို ထိုင်းနိုင်ငံ ဘန်ကောက် မြို့၌ ထိုက်တန်စွာ ချီးမြှင့်ခြင်းခံခဲ့ရသည်။ ထို့ပြင် ၂၀၀၃ ခုနှစ်တွင် ဝိဇ္ဇာပညာ ထူးချွန်တံဆိပ် (ပထမအဆင့်) ကို လည်း ကောင်း၊ ၂၀၀၄ ခုနှစ်တွင် ပခုက္ကူ ဦးအုန်းဖေ တစ်သက်တာစာပေဆုကို လည်းကောင်း ချီးမြှင့်ခြင်းခံခဲ့ရသည်။ စာအုပ်စာပေများကို စဉ်ဆက်မပြတ် ရေးသားထုတ်ဝေခဲ့ရာ ထိုစာအုပ်များ ထဲမှ ဝတ္ထုရှည်အတွဲပေါင်း (၈) တွဲ ပါဝင် သည့် နေမင်းတစ်ထောင် ဝတ္ထုရှည် စာအုပ်ဖြင့် ၂၀၀၅ ခုနှစ်အတွက် အမျိုး သားစာပေဆု သုံးထပ်ကွမ်း ထပ်မံရရှိ ခဲ့သည်။
နိုင်ငံတော်က ဘဝတစ်သက်တာလုံး စာပေရေးသား၍ ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများကို အလေးထား ဆောင်ရွက်ခဲ့ပြီး စာပေလက်ရာ အမြောက်အမြားကို ရေးသားပြုစုခဲ့သူ၊ သုတရသစာပေများစွာကို ရေးသားခဲ့သူ ဆရာကြီး ဆရာမကြီးများကို မြန်မာ နိုင်ငံ၏ အမြင့်ဆုံးစာပေဆုဖြစ်သော အမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်လျက်ရှိရာ ခုနစ်ဦးမြောက် တစ်သက်တာစာပေပညာရှင်ကြီးအဖြစ် ၂၀၀၇ ခုနှစ်တွင် ဆရာကြီး ဆင်ဖြူကျွန်း အောင်သိန်း ဂုဏ်ယူဖွယ် ချီးမြှင့်ခြင်း ခံခဲ့ရသည်မှာ မင်္ဂလာရှိလှသည့် သတင်း ဖြစ်ခဲ့ပါသည်။ ထို့ပြင် ၂ဝ၁၂ ခုနှစ်တွင် နိုင်ငံတော်က ဆရာကြီးအား စည်သူဘွဲ့ ထပ်မံပေးအပ်ချီးမြှင့်ခဲ့သည်။
အမျိုးသားစာပေဆုရစာအုပ်များ
ပထမအကြိမ် အမျိုးသားစာပေဆုရ ကိုဆေးရိုးဝတ္ထုတိုပေါင်းချုပ် (၄) နှင့် ပတ်သက်၍ ဆုရွေးချယ်ရေးအဖွဲ့ငယ် က ‘ဆင်ဖြူကျွန်းအောင်သိန်း၏ ကိုဆေးရိုး ဝတ္ထုတိုပေါင်းချုပ်(၄)တွင် သမ္ဘာရင့်စာရေးဆရာတစ်ဦး၏ အညာ ကျေးလက်ဘဝ သရုပ်ဖော်ချက်များမှာ အညာနံ့၊ အညာသွေးမပြယ်သေးသော ဝန်းကျင်၌ ခေတ်သစ်ဓလေ့စရိုက်များ ဝင်ရောက်ချိန်ကို ရေးခြယ်ထားရာ နှစ်သက်ဖွယ်ဖြစ်၍ စာဖတ်သူစေတနာ ပွားအောင်ရေးဖွဲ့နိုင်ကြောင်း တွေ့ရှိရ သဖြင့် ဆုပေးရန် ထောက်ခံပါသည်’ ဟူ၍ ၁၉၉ဝ ပြည့်နှစ်အတွက် အမျိုးသား စာပေဆု(ဝတ္ထုတိုပေါင်းချုပ်)ဆုရွေးချယ် ခဲ့ပုံနှင့်ပတ်သက်၍ သုံးသပ်တင်ပြထား သည်ကို ဖတ်ရှုရပါသည်။
ဒုတိယအကြိမ်မြောက် ၁၉၉၆ ခုနှစ် အတွက် အမျိုးသားစာပေဆုအဖြစ် ရွေးချယ်ခံရသော ကိုဆေးရိုးဝတ္ထုတို (၆) နှင့်ပတ်သက်၍ ဆုရွေးချယ်ရေးအဖွဲ့ ငယ်က ‘ဆင်ဖြူကျွန်းအောင်သိန်း၏ ကိုဆေးရိုး(၆)ဝတ္ထုတိုများတွင် စာရေး သူ၏ အတွေ့အကြုံရင့်ကျက်မှုများကို တွေ့ရသည်။ ဒေသအလိုက် ဝေါဟာရ များကြွယ်ဝသည့် အညာကျေးလက် လူနေမှုဘဝများကို ပီပြင်စွာရေးဖွဲ့ထား သည်။ အရေးအသားပြေပြစ်ကောင်းမွန် သည်။ ပင်ပန်းဆင်းရဲမှုကို ခံနိုင်ခြင်း၊ တင်းတိမ် ရောင့်ရဲခြင်း၊ စာနာတတ်ခြင်း၊ သဒ္ဓါတရားစိတ်ကောင်းစေတနာရှိခြင်း၊ အဆွေအမျိုးကို ချစ်ခြင်း၊ ဇာတိမြေကို တွယ်တာခြင်းစသည့် ထိန်းသိမ်းပွားများ သင့်သော မြန်မာလူမျိုးတို့၏စရိုက်ကို ပေါ်လွင်စွာရေးဖွဲ့လိုက်သည်’ဟု သုံးသပ် မှတ်ချက်ပြုထားသည်ကို တွေ့ရှိရပါ သည်။
ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း ၏ သုံးထပ်ကွမ်းအမျိုးသားစာပေဆု ရရှိသော နေမင်းတစ်ထောင်ဝတ္ထုရှည် နှင့်ပတ်သက်၍ ဆုရွေးချယ်ရေးအဖွဲ့ ငယ်၏ မှတ်ချက်မှာ ‘နေမင်းတစ်ထောင် ဝတ္ထုရှည်သည် တစ်အုပ်တည်းမဟုတ်ဘဲ အတွဲ (၈) တွဲခွဲ၍ ထုတ်ဝေရသော ဝတ္ထု ရှည်ကြီးဖြစ်ပါသည်။ အုပ်ရေခွဲ၍ ထုတ်ဝေ ရသလို ဇာတ်ကောင်အမျိုးမျိုး၏ စရိုက်အဖုံဖုံကိုလည်း တင်ဆက်ထားပါ သည်။ ကုန်းဘောင်မင်းဆက် ပုဂံမင်း လက်ထက်မှစ၍ ၁၉၆၂ ခုနှစ် မတိုင်မီ အထိ မြန်မာ့နိုင်ငံရေးကို နောက်ခံထား ပြီး ရေးဖွဲ့ထားပါသည်။ ယင်းသို့ရေးဖွဲ့ရာ တွင် မြန်မာ့ယဉ်ကျေးမှုနှင့် အမျိုးသား ရေး စရိုက်လက္ခဏာတို့ကို ပီပြင်စွာ ဖော်ကျူးနိုင်သည်ကို တွေ့ရပါသည်။ ဇာတိသွေးဇာတိမာန်တို့ကို ဖော်ကျူးနိုင် သည့်အပြင် မျိုးချစ်စိတ်ဓာတ်တက်ကြွ စေရန် စေ့ဆော်မှုများသည် စာဖတ်သူ တို့အတွက် အားမာန်ကို ဖြစ်ပေါ်စေ သည်။ ဝတ္ထုတွင်ပါရှိသည့် ဇာတ်ကောင် အမျိုးမျိုးသည် မြန်မာ့ဓလေ့၊ ရှေးခေတ် မြန်မာ့ရေမြေသဘာဝတို့နှင့်အညီ စကား အသုံးအနှုန်းများကိုပြောဆို၍ ဒေသ အလိုက်၊ စရိုက်အလိုက် အားပြိုင်လှုပ်ရှား ကြပါသည်။ နယ်ချဲ့တို့နှင့် ဆင်နွှဲရသည့် မျိုးချစ်စစ်ပွဲများမှသည် စာပေရေးရာ များအထိ ဆွဲခေါ်လာသည့် ဝတ္ထုရှည်ကြီး ဖြစ်သည်။ နိုင်ငံတော်က ချမှတ်ထား သည့် လူမှုရေးဦးတည်ချက် (၄) ရပ်ကိုပါ အထောက်အကူပြုသဖြင့် “နေမင်း တစ်ထောင်” စာအုပ် (ရှစ်အုပ်တွဲ) ကို ၂၀၀၅ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဝတ္ထုရှည်ဆု) အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်’ ဟု မှတ်သားတွေ့ရှိရပါသည်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments