
စာချစ်သူ
ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး၏ တတိယ လှိုင်းအဝှေ့တွင် အနယ်နယ်အရပ်ရပ်ရှိ ဆေးဆိုင်များတွင် လူတွေအုံခဲလို့ နေကြ သည်။
“ဘိုင်အိုဂျက်ဆစ် ရှိလား”
“မရှိဘူး၊ ပါရာစီတမော့ပဲ ရှိတယ်”
“ရာဘာလက်အိတ်ကော ရှိလား၊
ဘယ်လောက်လဲ”
“တစ်သောင်းနှစ်ထောင်”
ဘုရား၊ ဘုရား။ ပါရာစီတမော့ဆေး နှင့် ရာဘာလက်အိတ်ဈေးနှုန်းက မတန်တဆ ဖြစ်နေပါလား။ သို့နှင့် ငွေကျပ် လေးရာတန် ကြွပ်ကြွပ်အိတ် လက်အိတ်လေးနှင့် ပါရာစီတမော့ နှစ်ကတ်သာ ဝယ်ဖြစ်တော့သည်။
ဝယ်လိုအားနှင့် ရောင်းလိုအား မမျှဖြစ်သည့်အခါ၊ သဘာဝဘေး အန္တရာယ် တစ်မျိုးမဟုတ်တစ်မျိုး ကြုံသည့်အခါ၊ နိုင်ငံရေးအခြေအနေ မတည်ငြိမ်သောအခါ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ ကုန်ပစ္စည်းဈေးနှုန်းများ မတန် တဆ တက်တတ်ပါသည်။
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြီး ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အချိန် ကာလတုန်းကလည်း ခေါက်ဆွဲခြောက် တစ်ထုပ်ကို ထိုစဉ်က ငွေကျပ် ၅၀၀ ဖြင့် ဝယ်သောက်ခဲ့ဖူးသည်။
ကိုယ့်တစ်ဘို့တည်းကြည့်
မြန်မာလူမျိုးအများစု၏ စိုးရိမ် သောကကြီးမှုများကလည်း ဝိသမ လောဘသားတို့အတွက် မျက်ဖြူဆိုက် လေ ဆရာကြိုက်လေဖြစ်ရသည်။ ဂျပန် နိုင်ငံတွင် ဆူနာမီ ဝင်ရောက်စဉ်က ဂျပန်နိုင်ငံသားများသည် ကုန်ပစ္စည်း များကို စည်းကမ်းတကျ ကိုယ်လို သလောက်မျှသာ ဝယ်ယူခဲ့ကြသည်။ ပိုက်ဆံတတ်နိုင်သူများကလည်း ကိုယ့် တစ်ဘို့တည်းကြည့်ပြီး သိမ်းကြုံး မဝယ်ကြ။ ရှေ့လူ နောက်လူကြည့်ပြီး ကိုယ်လိုသမျှသာ ချိန်ဆဝယ်ယူကြလေ သည်။
မြန်မာနိုင်ငံတွင်မူ ကိုဗစ်-၁၉ ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်လာသည့် အခါတွင်လည်း ဝိသမလောဘသား တို့သည် ဗီဇမပြောင်းလဲပါ။ အားဖြည့် အစားအစာတစ်ခုဖြစ်သော ကြက်ဥများ ကို တစ်လုံးလျှင် ငွေကျပ် ၂၅၀ ဖြင့် ဈေးတင်ရောင်းကြပြန်ပါသည်။ ခွေး တောက်ရွက် တစ်စည်းက ငွေကျပ် ၅၀၀ ဖြစ်သွားသည်။ ငွေကြေးတတ်နိုင်သူ များက အဖျားဝင်၊ အနံ့ပျောက်ပြီ ဆိုကတည်းက အောက်ဆီဂျင်ဘူးများကို ကြိုတင်ဝယ်ယူ စုဆောင်းကြပြန်၍ အောက်ဆီဂျင်လိုအပ်ချက်အပေါ် မသမာ သူများက လူ့အသက်နှင့် အလဲအထပ် လုပ်ကာ အမြတ်ထုတ်ကြပြန်သည်။ လက်လုပ်လက်စားမရှိ ဆင်းရဲသားများ အဖို့ မြွေပူရာကင်းမှောက်၊ ဗူးလေးရာ ဖရုံဆင့် ဆေးအတွက်လေးကြရလေပြီ။
အရေးကြီးတော့ သွေးစည်းလာကြ
သို့တစေ အမှောင်ရှိလျှင် အလင်း ရှိစမြဲ။ အပူရှိလျှင် အအေးရှိစမြဲ။ မိစ္ဆာအာဇီဝရှိလျှင် သမ္မာအာဇီဝ ရှိစမြဲ။ အရေးကြီးတော့ သွေးစည်းလာကြသည်။ မြန်မာတို့၏ ပင်ကိုဗီဇ အလှူအတန်း ရက်ရောသူ စေတနာရှင် အလှူရှင်များ အုံနှင့်ကျင်းနှင့် ထွက်ပေါ်လာကြသည်။
ကြက်ဥတစ်လုံး စတိသဘော ငွေတစ်ကျပ်၊ ဆန်တစ်ပြည် ငွေ ၁၀၀ ကျပ် စသဖြင့် လှူဒါန်းရောင်းချပေးသူ အလှူရှင်များ၊ ဆန်၊ ဆီ၊ ဆား၊ ဟင်းသီး ဟင်းရွက်၊ သားငါးများကို ဆင်ခြေဖုံး ရပ်ကွက်များတွင် အခမဲ့သွားရောက် လှူဒါန်းပေးသူ စေတနာရှင်၊ အလှူရှင် များ၊ ပါရာစီတမော့အပါအဝင် ဆေးဝါး များကို စတုဒိသာလှူဒါန်းပေးနေကြသူ ကရုဏာရှင်များအား တွေ့မြင်လာရ သည်။ အချို့က အစုအဖွဲ့အလိုက်၊ အချို့က မိသားစုအလိုက်၊ အချို့ကား တစ်ကိုယ်တော် တတ်စွမ်းသမျှ လှူကြ၊ တန်းကြသည်။
ပရဟိတအသင်းအဖွဲ့များကလည်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်သူ ဝေဒနာရှင်များကို အရေးပေါ်လူနာတင် ကားများဖြင့် ခေါက်တုံ့ခေါက်ပြန် သယ်ယူဖေးမ၍ သတ်မှတ်စင်တာများ၊ ဆေးရုံများသို့ ပို့ဆောင်ပေးကြလေသည်။
ကံမကောင်း အကြောင်းမလှ၍ ကွယ်လွန်တိမ်းပါးသွားကြရှာသူများ၏ သက်မဲ့ရုပ်ခန္ဓာများကိုလည်း နာရေး ကူညီမှုအသင်းများ၊ ပရဟိတကို ဝါသနာ ပါသူ လူငယ်အစုအဖွဲ့များက သွားရောက် ထုပ်ပိုးသယ်ဆောင်၍ မီးသင်္ဂြိုဟ်ပြီး သည်အထိ ကူညီပံ့ပိုး လုပ်ဆောင်ပေး ကြလေသည်။
“ဆေးဝယ်ဖို့ မပူပါနဲ့၊ ကျွန်တော့်ကို ခိုင်းပါ” ဟု လူမှုကွန်ရက်ပေါ်တွင် ကြေညာကာ အခမဲ့ဗော်လံတီယာ ဆောင်ရွက်ပေးနေကြသော လူမှု ဝန်ထမ်းစိတ်ရှိသူ တစ်ကိုယ်တော် ပရဟိတလူငယ်လေးများလည်း ထွက် ပေါ်လာပါသည်။
ကျွန်တော်တို့သည် ထိုထိုသော ပရဟိတအသင်းအဖွဲ့များ၊ ကြီးငယ် မရွေးသော ပရဟိတသမားများ၊ ထိုထို သော စေတနာရှင်၊ အလှူရှင်များကို ဤသတင်းစာ စင်မြင့်ထက်တွင် စာတစ်စောင် ပေတစ်မွန်ဖွဲ့ကာ မှတ်တမ်း တင် ဦးညွတ်ဂုဏ်ပြုလိုက်ပါ၏။
နိုင်ငံတော်အပိုင်းကလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးများကို နိုင်ငံသားတိုင်း ထိုးနှံနိုင်စေရန် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ရုရှားနိုင်ငံနှင့် အိန္ဒိယသမ္မတ နိုင်ငံတို့နှင့် ချိတ်ဆက်၍ စီစဉ်ဆောင် ရွက်ခဲ့ပါသည်။
ကာကွယ်ဆေးထိုးနှံ
ယခုအခါ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ လှူဒါန်းသည့်ကာကွယ်ဆေးများ၊ မြန်မာနိုင်ငံမှ ဝယ်ယူထားသည့် ကာကွယ်ဆေးများ တစ်သုတ်ပြီး တစ်သုတ် ရောက်ရှိလာခဲ့ပြီဖြစ်၍ ဒေသ အနှံ့အပြားတွင် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပြီ ဖြစ်သည်။
ဆက်လက်၍ အိန္ဒိယနိုင်ငံမှ ဝယ်ယူ ထားသော ကာကွယ်ဆေးများ၊ Covax Facility အစီအစဉ်မှ ရရှိမည့်ကာကွယ် ဆေးများ၊ ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် ကာကွယ်ဆေးများအပါအဝင် သြဂုတ် လ ပထမပတ်အတွင်း ကာကွယ်ဆေး လေးသန်း ဆက်လက်ရောက်ရှိလာမည် ဖြစ်ရာ ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
စီမံခန့်ခွဲမှု နည်းလမ်းများအရလည်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးပစ္စည်းများနှင့် အခြားအိမ်သုံး အခြေခံဆေးပစ္စည်းများကို ဈေးနှုန်းတင် ရောင်းချခြင်း၊ သိုလှောင်ပြီး ပစ္စည်း ပြတ်လတ်မှုရှိစေရန် ဆိုင်ပိတ်ခြင်းများပြုလုပ်လျက်ရှိသည့် အချို့သော ဆေး ပစ္စည်းဆိုင်များအား အသိစိတ်ဓာတ်ရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်ရန် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် စနစ်တကျ ကြပ်မတ်စီမံဆောင်ရွက်လျက်ရှိသည်။
ထို့အတူ နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သည့် ဆေးပစ္စည်းများကို ပြည်ပမှ တစ်ဆင့် တင်သွင်းခွင့်ပြုပေးထားပြီး ဆေးဝါးတင်သွင်းမှုနှင့်ပတ်သက်လာ ပါက မည်သည့်ကန့်သတ်ချက်မျှ ထားရှိ ခြင်းမရှိဘဲ ပြည်သူ့လက်ဝယ်သို့ မြန်မြန် ဆန်ဆန်ရောက်ရှိစေရေး၊ ဆေးပစ္စည်း တင်သွင်းမှု ထိရောက်မြန်ဆန်စေရေး အတွက် one-stop-service များဖြင့် စီမံဆောင်ရွက်လျက်ရှိသည်။
အဆက်မပြတ် တင်သွင်းခွင့်ပြု
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များအတွက် အရေးတကြီးလိုအပ်လျက် ရှိသည့် အောက်ဆီဂျင်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လတ်မှုမရှိစေ ဘဲ အမြန်ဆုံးရောက်ရှိရေးအတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ပင်လယ် ရေကြောင်းဆိပ်ကမ်းများနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှလည်း အဆက် မပြတ် တင်သွင်းခွင့်ပြုပေးလျက်ရှိသည်။
အလားတူ နေပြည်တော်၊ ရန်ကုန် မြို့ကြီးများအပါအဝင် ဒေသအနှံ့ အပြားတွင် Test Center များ၊ Positive Center များ၊ Quarantine Center များကို တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်လျက် ရှိရာ တပ်မတော်နှင့် အရပ်ဘက်တို့တွင် Quarantine Center စုစုပေါင်း ၂၃၂၇ နေရာ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ကျန်းမာရေးဝန်ထမ်းများသာမက တပ်မတော်မှ ဆေးမှူးပါရဂူများ အပါအဝင် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း အင်အား သုံးသောင်းကျော်ဖြင့် ဆေးအကာအကွယ်ပေး ဆောင်ရွက် လျက်ရှိသည်။ ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် လည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ဆေးရုံ၊ ဆေးခန်းများတွင်လည်း စေတနာမွန် ဆရာဝန်၊ ဆရာမ စသော ကျန်းမာရေးဝန်ထမ်းများသည် ဝန်နှင့် အား အချိုးအစား မမျှသည့်ကြားက ဆေးပညာကျင့်ဝတ်နှင့်အညီ ပြည်သူ များ၏အသက်ကို ကယ်တင်နိုင်ရန် တာဝန်သိသိ သစ္စာရှိရှိ အားကြိုး မာန်တက် စောင့်ရှောက်ကာကွယ် ကုသ ပေးလျက်ရှိသည်။
အကြိမ်ကြိမ်အခါခါ ဖိတ်ခေါ်
နိုင်ငံတော်အကြီးအကဲကိုယ်တိုင်က လည်း ဇူလိုင် ၂၃ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာအစည်းအဝေးခန်းမ၌ပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်း ခွင်များမှ ပျက်ကွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပတ်သက် ၍ “တစ်ဖက်က ကျန်းမာရေးဆိုင်ရာ ပုဂ္ဂိုလ်တချို့ကလည်း CDM လုပ်ထား တဲ့အတွက်ကြောင့် မလာကြဘူး။ ကျွန်တော်လည်း အကြိမ်ကြိမ်အခါခါ ဖိတ်ခေါ်တယ်၊ ခင်ဗျားတို့ လာကြပါ။ ဒါ လူမှုရေးကိစ္စဖြစ်တယ်၊ ကူညီရအောင် ပြောတယ်။ တချို့လည်း လာကြတာ ရှိတယ်။ တချို့လည်း အကြောင်း အမျိုးမျိုးကြောင့် မလာနိုင်တာလည်း ရှိပါတယ်။ ကျွန်တော်ထပ်ပြီး မေတ္တာ ရပ်ခံပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့
ကျန်းမာရေးဆိုင်ရာ ပုဂ္ဂိုလ်အားလုံး တစ်နိုင်ငံလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ ပြောလိုတယ်”ဟူ၍ ဖိတ်ခေါ်မေတ္တာ ရပ်ခံပြောကြားခဲ့သည်။
ထို့အတူ ဇူလိုင်လ ၁၂ ရက်က ကျင်းပခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော် အကြီးအကဲက “မလိုအပ်တဲ့ ကောလာ ဟလတွေဖြန့်ချိပြီးတော့ ဆောင်ရွက် တာမျိုး မလုပ်ကြဖို့ရယ်၊ ပြည်သူတွေက လည်း ဒါလေးပူးပေါင်းဆောင်ရွက်ပေးဖို့ကိုလည်း ကျွန်တော်ပြောလိုပါတယ်။ အဓိက ကတော့ ဒီအပေါ်မှာ နိုင်ငံရေးအရ အမြတ်ထုတ်ချင်တဲ့လုပ်ရပ်တွေ မလုပ်ဖို့ လိုတာဆိုတာလေးလည်း ကျွန်တော် ပြောလိုပါတယ်။ ဒါက လူမှုရေးကိစ္စပါ။ ကျန်းမာရေးကိစ္စ။ လူ့အသက်ကိစ္စ၊ ဒါ နိုင်ငံရေးကိစ္စမဟုတ်ဘူး။ ကျန်းမာရေး ကိစ္စ။ လူ့အသက်ကိစ္စ။ ဒီအပေါ်မှာ လာပြီးတော့မှ ဒုက္ခရောက်အောင်မလုပ်ဖို့ လိုတယ်။ ဒါ လုပ်တယ်ဆိုရင်တော့ တော်တော်ကို မိုက်မဲရာကျတဲ့လုပ်ရပ်ပဲ လို့ ကျွန်တော်ပြောလိုတယ်” ဟု ပြောကြားခဲ့သည်။
ပြုသူရှိလျှင် ဖျက်သူရှိ
သို့ရာတွင် လောကတွင် ပြုသူရှိလျှင် ဖျက်သူရှိသည်။ အဖြူရှိလျှင် အမည်း ရှိစမြဲ။ မည်းနက်သောစိတ်ထားဖြင့် အများပြည်သူအကျိုးစီးပွားကို ဖျက်လို ဖျက်ဆီးလုပ်တတ်သူ အဖျက်သမားတို့ က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် စေတနာရှင်၊ အလှူရှင် များက ကနဦးစစချင်းလှူဒါန်းသော ဘဏ်အကောင့် လှူဒါန်းငွေအချို့ကို ကြည့်၍ လှောင်ပြောင်သရော်ကြသည်။
အချို့က မစားရသည့်အမဲ သဲနှင့် ပက်ကြသည်။ ဇူလိုင်လ ၁၉ ရက်က ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်ရှိ မြောက်ဥက္ကလာပ အထွေထွေ ရောဂါကုသရေးနှင့် သင်ကြားရေး ဆေးရုံကြီး၏ အထူးကြပ်မတ်ကုသ ဆောင်သို့ ပေးပို့ထားသော ၁ ဒသမ ၂၅ လက်မရှိ အောက်ဆီဂျင်ပိုက်လိုင်းကို ကာရံထားသောအုတ်ခုံနှင့် ပိုက်လိုင်း အား မသမာသူ အဖျက်သမားအချို့က ထုရိုက်ဖျက်ဆီးခဲ့ကြသည်။
အချို့ကား နိုင်ငံရေး ရမ္မက်လောဘ ဖြင့် လူအများ၏အသက်ကို အလဲ အထပ်ပြု၍ လောင်းကြေးကစားကြ သည်။ ရောက်ရှိလာသည့် ကာကွယ် ဆေးများထိုးနှံရေးအတွက် နိုင်ငံတော်က နယ်ပယ် ၁၂ ခု သတ်မှတ်ထားပြီး နယ်ပယ်များအလိုက် ဦးစားပေးထိုးနှံရန် နှင့် ၂၀၂၁ ခုနှစ်အတွင်း လူဦးရေ၏ မူလ ၅၀ ရာခိုင်နှုန်းအစား ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထိုးနှံရေးအတွက် ကြိုးပမ်းစီစဉ် ဆောင်ရွက်လျက်ရှိစဉ် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများနှင့် ဝန်းရံသူများက မသိနားမလည်သူ ရိုးသားသော ပြည်သူ များကို သွားရောက်မထိုးနှံကြရန် လူမှုကွန်ရက် စာမျက်နှာထက်တွင် မခိုင်လုံသော အရပ်ပျက်၊ ဇာတ်ပျက် စကားများဖြင့် လှုံ့ဆော်ရေးသားလျက် ရှိကြသည်။
နိုင်ငံတော်က နိုင်ငံပိုင်သတင်းစာ များနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တို့တွင် “ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံထားပါလျှင် ကာကွယ်ဆေး အပေါ်မူတည်၍ ရောဂါကူးစက်မှုကို ၈၀ ရာခိုင်နှုန်းအထက် အကာအကွယ် ပေးနိုင်မှု၊ ရောဂါဝေဒနာ ပြင်းပြင်း ထန်ထန်ခံစားရမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မှု” စသည့် ကောင်းကျိုး များနှင့် ဆေးမထိုးနှံထားသည့် ဆိုးကျိုး များကို တတ်သိပညာရှင်များ၏ တွေ့ဆုံ မေးမြန်းခန်းများ၊ “ကိုဗစ်ရောဂါ ကာကွယ်ဖို့ ကာကွယ်ဆေးထိုးကြပါစို့” ဟူသည့် နှိုးဆော်မှုများကိုလည်း ပြည်သူ များသဘောပေါက် နားလည်သိရှိခြင်းမရှိ စေရန် ည ၈ နာရီ သတင်းထုတ်လွှင့်ချိန်၌ လုပ်ဆောင်ခဲ့သည့် မူလသံပုံးတီးကမ်ပိန်း များကို ပြန်လည်ပြုလုပ်ကြရန် သွေးထိုး လှုံ့ဆော်ကြပြန်သည်။
ဓမ္မသည် အဓမ္မကို အနိုင်ယူစမြဲ
မည်သို့ဆိုစေ ဓမ္မသည် အဓမ္မကို အနိုင်ယူစမြဲ။ မည်သူသည် ဓမ္မ၊ မည်သူ က အဓမ္မဆိုသည်ကို သမိုင်းက ဆုံးဖြတ် သွားပေလိမ့်မည်။ အရေးကြီးသည်က ကမ္ဘာလုံးဆိုင်ရာ ပြဿနာကြီးဖြစ်သော ကပ်ဘေးကြီးအတွင်း လူသားများ ရှင်သန်ရပ်တည်ရေးအတွက် ကျွန်တော် တို့သည် လူသားဝါဒကို လက်ကိုင်ပြုကြ ရပါမည်။
လူသားဝါဒ၏ကျင့်စဉ်ကား မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားလေးပါး ဖြစ်လေသည်။ တစ်နည်း ဗြဟ္မဝိဟာရတရားလေးပါး ဟုလည်း ဆိုသည်။ အတိုင်းမသိသော သတ္တဝါပညတ်ကို အာရုံပြု၍ ချစ်ခင်ခြင်း တည်းဟူသော မေတ္တာ၊ ဒုက္ခိတ သတ္တဝါ ပညတ်ကိုအာရုံပြု၍ သနားခြင်းတည်း ဟူသော ကရုဏာ၊ သုခိတသတ္တဝါ ပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်း တည်းဟူသော မုဒိတာ၊ ဒုက္ခိတ၊ သုခိတာ သတ္တဝါပညတ်ကို အမျှပြု၍ လျစ်လျူရှု ခြင်းတည်းဟူသော ဥပေက္ခာတရားတို့ကို ဗြဟ္မဝိဟာရ တရားလေးပါးဟု ကျမ်းဂန် များတွင် ဖော်ပြထားသည်။
ဤနေရာတွင် ကရုဏာနှင့်စပ်လျဉ်း ၍ သီတဂူဆရာတော်ကြီး၏ တစ်ချိန်က အဆုံးအမကို ပြန်လည်နှလုံးသွင်း အောက်မေ့မိသည်။ “ကရုဏာမှာ မနောကံကရုဏာ၊ ဝစီကံကရုဏာနဲ့ ကာယကံကရုဏာဆိုပြီး ရှိတယ်။ အေး၊ အခုလို နာဂစ်မုန်တိုင်းကြီး တိုက်ခိုက်လို့ ပြည်သူတွေ၊ ခုနစ်ရက်သားသမီးတွေ ဒုက္ခရောက်နေချိန်မှာ စိတ်ထဲက၊ နှုတ်က သတ္တဝါတွေ ချမ်းသာပါစေရယ်လို့ ဝစီကံ၊ မနောကံ ကရုဏာတွေပဲ လုပ်နေလို့ မရဘူး။ သူတို့ကို ကယ်ဖို့၊ လိုအပ်တာတွေ ပံ့ပိုးထောက်ပံ့ပေးကမ်းနိုင်ဖို့ ကာယကံ ကရုဏာကို အဓိကလုပ်ဆောင်ပေးရ မယ်” ဟူသည့် လမ်းညွှန်အဆုံးအမ ဖြစ်လေသည်။
သို့ဖြစ်ရကား ယခု ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးဘေးကြီး အတွင်း ဘေးဒုက္ခနှင့် ရင်ဆိုင်ကြုံတွေ့ နေကြရသူများအား နိုင်ငံသားတိုင်းက ကိုယ်တတ်စွမ်းသမျှ ကိုယ်စွမ်းရာစွမ်းရာ ကာယကံကရုဏာဖြင့် လဲနေသူ ထူပေး၊ အားငယ်သူ အားပေးကြပါစို့။ ။
- Log in to post comments