စွယ်စုံရစာပေပညာရှင် ပင်ကိုရေးစာရေးဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း

Type

ရွှေကျော်(စာပေဗိမာန်)

============

 

 

ဆရာကြီး  ဆင်ဖြူကျွန်းအောင်သိန်း    (စည်သူ ဦးကြည်အေး) အကြောင်းကို  ဆောင်းပါးရေးမည် ဆိုသောအခါ ဆရာကြီးကဲ့သို့ စွယ်စုံရစာပေပညာရှင် ကြီးအကြောင်းကို   ပြည့်ပြည့်စုံစုံရေးနိုင်ပါ့မလားဟု မဝံ့မရဲဖြစ်မိပါသည်။  သို့သော်   ထိုတာဝန်ကို ဂုဏ်ယူနှစ်သက်မဆုံးဖြစ်ရကာ မြန်မာမှု၊ မြန်မာ ဓလေ့၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့သမိုင်းကြောင်းကို ထုံးလိုခြေ၊ ရေလိုနှောက် ပင်ကိုရေးစာရေးဆရာကြီး အသက် ၉၃ နှစ်အရွယ် ဆရာကြီးကို နေထိုင်ရာအိမ် သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံဦးခိုက် ကန်တော့လိုခဲ့သည်။ အခွင့်သာသည်နှင့် ဆရာကြီး ၏ လမ်းညွှန်ပဲ့ပြင်မှု၊ ဆိုဆုံးမဩဝါဒကို  ခံယူကာ ဆရာကြီးအကြောင်းကို မိမိတို့လူငယ်များအတွက် အတုယူစရာအချက်အလက်များ စုံလင်အောင်ရေး မည်ဟု ကျွန်မစိတ်သန္တာန်တွင် အားခဲထားခဲ့သည်။ ယင်းမှာ အချည်းနှီးဖြစ်ခဲ့ရပြီ။ ထိုသည်မှာ ၁၅-၇-၂၀၂၁ ရက်တွင် ဆရာကြီး ကွယ်လွန်အနိစ္စရောက် ကြောင်း ကြားသိလိုက်ရသည့် ဝမ်းနည်းဖွယ်သတင်း ကြောင့်  ဖြစ်ပါသည်။   ကျွန်မ  ဝမ်းနည်းကြီးစွာ ဖြေမဆည်နိုင်ဖြစ်ရ၏။ 

 


ဆရာကြီး၏ဘဝရုပ်ပုံလွှာ

 


ဆရာကြီးကို ဖခင် လယ်သမားကြီး ဦးရွှေစံနှင့် မိခင် ဒေါ်ငွေစင်တို့က ၁၂၉၀ ပြည့်နှစ်၊ တန်ဆောင်မုန်း       လပြည့်ကျော် ၇ ရက် (၁၉၂၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်) တွင် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊   ဆင်ဖြူ ကျွန်းမြို့၊ ရွာသစ်ကြီးကျေးရွာ၌  မွေးဖွားခဲ့သည်။ မွေးချင်းလေးဦးအနက်   တတိယမြောက်သားဖြစ် သည်။ အမည်ရင်းမှာ ဦးကြည်အေးဖြစ်သည်။ မိဘ များမှာ မင်းမှုထမ်းမျိုးရိုးဖြစ်သည်။ ဆရာကြီးသည် အညာဒေသ၌   ပညာရှာမှီးရာတွင်   ဒုတိယကမ္ဘာစစ် မတိုင်မီက   ဆင်ဖြူကျွန်း   ဒိစတြိတ်ကောင်စီ အထောက်အပံ့ခံမူလတန်းကျောင်း၊ ဆင်ဖြူကျွန်း ဦးဖိုးသိန်း အလယ်တန်းကျောင်းတို့တွင် မူလတန်း နှင့် အလယ်တန်းပညာများ သင်ကြားခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းတွင်   ဆင်ဖြူကျွန်း   ဆရာနွယ် အထက်တန်းကျောင်း၌       အထက်တန်းပညာ သင်ယူခဲ့၏။ ၁၉၄၄ ခုနှစ်တွင် ခုနစ်တန်းစာမေးပွဲ၊ ရှစ်တန်းစာမေးပွဲ အောင်မြင်ခဲ့ပြီးနောက် ကိုးတန်း ပညာကို ဆက်လက်ဆည်းပူးသင်ယူနေစဉ် စစ်ရေး လှုပ်ရှားလာ၍ ကျောင်းများပိတ်လိုက်သောကြောင့် ပညာရေးရပ်နားလိုက်ရသည်။ ထို့နောက် ၁၉၄၉ ခုနှစ်တွင်    အညာသားစစ်စစ်    ဆရာကြီးသည် မလျှော့သောဇွဲလုံ့လဖြင့် ဆက်လက်ပညာသင်ကြား နိုင်ရန် ရန်ကုန်မြို့ရှိ ဂွတ္တလစ် ကျောင်းသားဂုဏ်ရည် အလွတ်ပညာသင်ကျောင်း၌   ပညာရှာမှီးခဲ့သည်။ ၁၉၅၇ ခုနှစ်တွင်  ထိုကျောင်း၌ပင်   အထက်တန်း စာမေးပွဲကို   အောင်မြင်ခဲ့သည်။   ထိုနှစ်တွင်ပင် မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ သူ ဒေါ်တင်ဥနှင့် အကြောင်းပါခဲ့ပြီး သားသမီးလေးဦး ထွန်းကားခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတ မြို့နယ်၊ အရှေ့ ၇ ရပ်ကွက်တွင်နေထိုင်၍   စာပေ များ ရေးသားခဲ့သည်။

 


စာပေနှင့် မွေ့လျော်လာပုံ

 


ဆရာကြီး အလယ်တန်းပညာသင်ယူခဲ့သည့် ဆင်ဖြူကျွန်း မြောက်ပိုးတန်းအစိုးရအလယ်တန်း ကျောင်းမှ  အလယ်တန်းပြဆရာ  ဦးသန်းအောင် သည် အတန်းပညာထူးချွန်သူများအား ဆုချီးမြှင့် သည့် အလေ့အထတစ်ခုအဖြစ်  မှတ်သားဖွယ်စာအုပ် စာစောင်များ ချီးမြှင့်ခဲ့ရာ  ဆရာကြီး ဆင်ဖြူကျွန်း အောင်သိန်းသည်   စာတော်သူဖြစ်သဖြင့်  မကြာ ခဏ ဆုချီးမြှင့်ခြင်းခံခဲ့ရကာ စာအုပ်များလက်ခံရရှိ ခဲ့သည်။   ထိုစာအုပ်စာစောင်များကို    ဖတ်ရှုခြင်း မှစ၍ စာပေကိုစိတ်ဝင်စားလာခဲ့သည်။

 

ထို့ကြောင့် ဆရာဦးသန်းအောင်၏    စာပေချီးမြှင့်မှုမှတစ်ဆင့် ဆရာကြီးသည် စာပေနှင့် ကျွမ်းဝင်လာကာ စာပေ ဝါသနာပါလာခဲ့ပြီး   ၁၉၄၂ ခုနှစ်မှစ၍   ပိုမိုဖတ်ရှု လေ့လာခဲ့သည်။ ထိုသို့ပင် စာဖတ်သူများ ဖြစ်လေ့ ဖြစ်ထရှိသည့်အတိုင်း သူတစ်ပါးရေးသားထားသည့် စာများကို ဖတ်ရှုရပြီး ကိုယ်တိုင်စာရေးသားချင်စိတ် ဖြစ်ပေါ်လာကာ စတင်စာရေးသားခဲ့သည်။ ရှေးဦး ကလောင်အမည်   ‘ရွှေဇင်’ ကို   ဖခင်၏အမည်မှ ပထမစာလုံးနှင့် မိခင်၏အမည်မှ ဒုတိယစာလုံး အသံကိုယူ၍   မှည့်ခေါ်ခဲ့ပြီး  ပထမဆုံးအနေဖြင့် ‘တိုင်းသစ်ဂျာနယ်’ ၌  ‘တို့လယ်တော’ ကဗျာကို စတင်ရေးသားခဲ့သည်။ ထိုကလောင်ဖြင့် ၁၉၅၁-၅၂ ခုနှစ်အထိ    တစ်နှစ်ခန့်ကြာအောင်   ကဗျာများ ရေးသားခဲ့သည်။ ယင်းနောက် ဗလစလူငယ်ဂျာနယ်၊ ဗမာပြည်လွတ်လပ်ရေး   အမျိုးသမီးများအစည်းအရုံး (ဗ.လ.မ.စ)  အမျိုးသမီးမဂ္ဂဇင်းနှင့်    ဆန်းသစ်ဦး မဂ္ဂဇင်းတို့တွင် ကဗျာများ ဆက်လက်ရေးသားခဲ့  သည်။ သွေးသောက်မဂ္ဂဇင်းတွင် ဖော်ပြခံရသည့် ပြိုင်ပွဲဆုရ ‘နှောင်ရစ်မြေခြာ’ သည် ရှေးဦးစာညွန့် ဖြစ်သည်။ ၁၉၅၂ ခုနှစ်တွင် ဆင်ဖြူကျွန်းအောင်သိန်း ကလောင်ကို စတင်အသုံးပြု၍ ကဗျာများ ရေးသား ခဲ့ပြီး ထိုနှစ်တွင် ‘သွေးသောက်မဂ္ဂဇင်း’ ၌ ပထမဆုံး ဝတ္ထုတို ‘စွပ်ကျယ်’ ဖော်ပြခြင်းခံခဲ့ရသည်။ ၁၉၅၇ ခုနှစ်တွင် ရေးသားခဲ့သည့် စာပန်းချီပုံနှိပ်တိုက်ထုတ် ‘လွမ်းယမုံဦး’ ဝတ္ထုမှာ ပထမဦးဆုံး လုံးချင်းဝတ္ထုဖြစ် သကဲ့သို့ စာပေဗိမာန်က ထုတ်ဝေသည့် စပ်ပန်းချီ မိတ်ဆက်(၁၉၈၂) စာအုပ်မှာ ဦးဆုံးသုတစာအုပ် ဖြစ်သည်။

 


စာပေခရီးလမ်း

 


မြေပြင်ပစ်    အမြောက်ကြီးတပ်ရင်း-၁ ၌ တပ်သားအဖြစ် ၁၉၅၀ ပြည့်နှစ်မှ ၁၉၅၃ ခုနှစ်အထိ အမှုထမ်းခဲ့သည်။  ယင်းနောက် ဆရာကြီးသည် စာရေးသားခြင်းအပြင်    ၁၉၅၇-၅၈ ခုနှစ်တွင် ‘ရုပ်ရှင်ပဒေသာ’ မဂ္ဂဇင်း၊   ၁၉၅၈-၅၉ ခုနှစ်တွင် ‘ရုပ်ရှင်လောက’ မဂ္ဂဇင်း၊ ‘ယနေ့ရုပ်ရှင်’ ဂျာနယ်နှင့် ‘နတ်သျှင်နောင်’ မဂ္ဂဇင်းတို့၌ တာဝန်ခံအယ်ဒီတာ အဖြစ် လည်းကောင်း၊ ၁၉၆၃ ခုနှစ်တွင် ‘တံခွန်’ ဂျာနယ်၌ အယ်ဒီတာအဖွဲ့ဝင်နှင့် ၁၉၆၄-၆၅ ခုနှစ် တွင် ‘ကာနယ်ဇင်း’ မဂ္ဂဇင်း၌ တာဝန်ခံအယ်ဒီတာ အဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ရုပ်ရှင်နယ်ပယ်သို့ စတင်ဝင်ရောက်ခဲ့ပြီး ရုပ်ရှင်ဒါရိုက်တာ  အေဝမ်းညွန့်မောင်ထံမှ   ရုပ်ရှင် ပညာသင်ယူခဲ့သည်။  ၁၉၅၉ ခုနှစ်မှ ၁၉၆၁ ခုနှစ် အထိ ရုပ်ရှင်ဇာတ်လမ်း မှတ်တမ်းတင်သူ၊ တွဲဖက် ဒါရိုက်တာ စသည်ဖြင့် ရုပ်ရှင်နယ်ပယ်တွင် ကျင်လည် ခဲ့သည်။ နောက်ပိုင်းတွင် စာပေရေးသားခြင်းဖြင့် အသက်မွေးဝမ်းကျောင်းအလုပ်ကို ဘဝတစ်ခုလုံး နှစ်မြှုပ်လုပ်ကိုင်ခဲ့သည်။

 


ဆရာကြီးသည် ၁၉၈၀ ပြည့်နှစ်မှစ၍ မြန်မာ နိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး   စာပေလုပ်သားအဖွဲ့တွင် အမှုဆောင်ကော်မတီဝင်၊ သာကေတမြို့နယ် စာပေ နှင့် စာနယ်ဇင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ  စာရေးဆရာ အသင်း၊ မြန်မာနိုင်ငံ စာရေးဆရာစာပေကလပ်၊ မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း၊ မြန်မာနိုင်ငံ စာပေဝါသနာရှင်အဖွဲ့၊ မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) စသည့် အဖွဲ့အစည်းများတွင် စာပေဆိုင်ရာလုပ်ငန်း များကို ပါဝင်ဆောင်ရွက်ခဲ့သည်။ 

 

 


ဆရာကြီးသည် ကလောင်ခွဲပေါင်း ၂၀ ကျော် ဖြင့် မြဝတီ၊ ရှုမဝ၊ သွေးသောက်၊ စုံထောက်ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ရှင်အမြုတေ၊ စာပေဂျာနယ်မဂ္ဂဇင်း ပေါင်းများစွာနှင့် စာနယ်ဇင်းမျိုးစုံတို့တွင် ရေးသား ခဲ့သည်။ ရှေးဦးကလောင် ရွှေဇင်၊ ၁၉၅၂ ခုနှစ်မှစ၍ ဆင်ဖြူကျွန်းအောင်သိန်း၊ ဦးကြည်အေး၊ ဇင်အောင်၊ မင်္ဂလာစျင်အောင်၊ ဦးအောင်သိမ်းမြတ်၊ ဦးသိန်းဇံ၊ ဆီညော်စျင်အောင်၊ စိုင်းစျင်အောင် စသည့် အမည် များဖြင့် ကဗျာ၊ စကားပြေ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပြဇာတ်၊ ဆောင်းပါး စာပေမျိုးစုံတို့ကို ရေးသားခဲ့ သည်။  ဆရာကြီးရေးသားခဲ့သည့်   စာအုပ်အမျိုး အစားပေါင်း ၂၀၀ ကျော်ကို   ပုံနှိပ်ထုတ်ဝေခဲ့ပြီး သည့်အပြင် ဝတ္ထု၊ ဆောင်းပါးပေါင်း ၃၀၀၀ ကျော် အထိ ရေးသားခဲ့သည်။

 


ဆရာကြီး၏ ထင်ရှားသော စာပေလက်ရာများ အနက်မှ အချို့စာအုပ်များကို ပထမအကြိမ်ထုတ် ခုနှစ်များနှင့်တကွ   ဖော်ပြရလျှင်   လှိုင်း(၁၉၆၀)၊ လွမ်းသူရဲ့ပွဲ(၁၉၆၃)၊ ဂဠုန်ဆရာစံ(၁၉၆၅)၊ နေမင်း လမင်းသိန်းရာထောင်ပြဇာတ် (၁၉၆၅)၊ သွေးစွန်း သောလက်(၁၉၆၆)၊ မြစ်တို့၏သဘော(၁၉၆၆)၊ ဓားရောင်ကဖွေး (၁၉၆၇)၊ လယ်သမားသူပုန်(ပတွဲ- ၁၉၆၈)၊ သတ်ရဲသည် သေရဲသည်(ဒုတွဲ-၁၉၆၉)၊ သူ့နိုင်ငံသား  သံမှုန်စားပြီလား(တတွဲ-၂၀၁၁)နှင့် ရဲရဲတောက် တို့မြန်မာတွေ(စတွဲ-၂၀၁၁)၊ နီရဲသော ဗိုလ်ဥတ္တမ(၁၉၇ဝ)၊ အကွပ်မဲ့တဲ့ကြမ်း ပရမ်းပတာ (၁၉၇၀)၊ ငရဲနိုင်ငံ (၁၉၇၄)၊ စပ်ပန်းချီမိတ်ဆက် (၁၉၈၂)၊ မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့(၁၉၈၆)၊ ရိုးရာပုံပြင်စာပေစာတမ်းများ (ပတွဲ-၁၉၈၉)(ဒုတွဲ-၁၉၈၉)၊ ကျေးလက်ရိုးရာ မြန်မာမှုဓလေ့များ (ပတွဲ- ၁၉၉၀)(ဒုတွဲ-၁၉၉၁)၊ ဇာတိမာန်စာပေစာတမ်းများ (ပတွဲ-၁၉၉၂)၊   အမေအဖေဝတ္ထုတိုများ(၂၀၀၃)၊ ပန်ချင်သူ ပျို့မောင်ထွေးငဲ့(ပတွဲ-၂၀၀၅)၊ နတ်မောက် သူပုန်တဲ့ဟေ့ (၂၀၀၉)၊ စံဝ-မိမှေးဝတ္ထုတိုများ (၂၀၁၀)၊ မြင့်မြတ်သောစာတော်များ(၂၀၁၄)၊ မြေ၏ ဇာတ်ဟောင်းအပါအဝင် လယ်ယာမြေနောက်ခံ မဂ္ဂဇင်းဝတ္ထုရှည်များ(၂၀၁၅)၊ ဝဲဂယက်မှာနွှဲလျက် ချာချာလည်(၂၀၁၈)၊ ပုဏ္ဏကနှင့် ရသစုံဝတ္ထု များ(၂၀၁၉)၊ မြန်မာပြည်သား စကားအလှကြွယ် (၂၀၂၀)၊ အတွေးအမြင်စာဘုရင်(၂၀၂၀) စသည်တို့ ဖြစ်ပါသည်။ စာပေထုတ်ဝေသူများက ဆရာကြီး၏ စာအုပ်အမြောက်အမြားကို အကြိမ်ကြိမ်ရိုက်နှိပ်ထုတ်ဝေပေးလျက်ရှိသည်။

 


ဆရာကြီး၏ ဝတ္ထုများကို ဇာတ်လမ်းအသွင် ပြောင်း၍ ဒါရိုက်တာ ရှုမဝဦးကျော်၊ သရုပ်ဆောင် မောင်ယဉ်ထွေး၊ နွဲ့နွဲ့မူတို့ဖြင့် ‘ပုဏ္ဏက’ ဇာတ်ကား (၁၉၇၄) ဟူ၍လည်းကောင်း၊  ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)၊ သရုပ်ဆောင် နေမင်း၊   စိုးမြတ်သူဇာ၊ ဆုမြတ်နိုးဦး၊  ဖြိုးရည်မျိုးတို့က   ‘ပန်ချင်သူ ပျို့မောင်ထွေးငဲ့’ ရုပ်ရှင်(၂၀၁၇)ကိုလည်းကောင်း ရိုက်ကူးပုံဖော်ထားသည်။

 


ထို့ပြင် ရှုမဝမဂ္ဂဇင်းမှ မွေးဖွားပေးလိုက်သည့် ထင်ရှားသော   ဇင်အောင်ကလောင်သည်    စူးရှ  ထက်မြက်ကာ အောင်မြင်လှသည်။  ‘ငပွေးဗဟို ကော်မတီသို့ အစီရင်ခံပြီ’ စသည့် ဘဝနိုင်ငံရေး နယ်ပယ်များအကြောင်း လှောင်ပြောင် ထေ့ငေါ့သော ဟာသအရေးအသားများပါဝင်သည့် ဝတ္ထုများဖြင့် တစ်ဟုန်ထိုးကျော်ကြားခဲ့ပြီး သရော်နှင့် ဟာသကို ပေါင်းစပ်ထားသည့် မုဆိုးရွတ်ပေတလူ တောလုံးဆူ (၂၀၁၁) ဝတ္ထုမှာလည်း ဟာသမြောက်လှပေသည်။ ‘ဦးကြောင် ဘီလူး’၊ ‘မောင်ကျော်နွဲ့’ သရော်ဝတ္ထုများ အပြင် ‘ဇာတ်မင်းသား  မင်္ဂလာဇင်အောင်’ ဝတ္ထုတို့ သည် စာဖတ်သူများကို    အကျိုးပြုနိုင်ပါ၏  ဟူ၍ လည်းကောင်း၊ ဟာသစာပေနှင့်ပတ်သက်၍ ‘ဟာသ စာပေရေးသူရဲ့  အရည်အသွေးမှာ  အဆင့်အတန်းရှိ တဲ့ စာပေသမားတစ်ယောက်တွင် မဖြစ် မနေရှိရမယ့် အရည်အသွေးတွေအဖြစ် လောကကို ဆင်ခြင်သုံးသပ် တဲ့ အမြင်ရှိခြင်းဟာ ထူးခြားပါတယ်။ နစ်နစ်နာနာ ထိုးနှက်လိုတဲ့စိတ်ရှိနေရင်     ချိုးနှိမ်သင့်ပါတယ်’ ဟူ၍လည်းကောင်း  ကနောင်ဂျာနယ်နှင့်  တွေ့ဆုံ မေးမြန်းခန်းတွင် ဆရာကြီး ဖြေကြားထားသည်ကို မှတ်သားဖတ်ရှုရပါသည်။ ထိုကလောင်ဖြင့် ဆရာကြီး သည် ၁၉၉၂ ခုနှစ်တွင်   စာပေဗိမာန်က ကျင်းပသည့် ဇာတိမာန်စာပေစာတမ်းများကဲ့သို့ စာတမ်းဖတ်ပွဲ များတွင် စာတမ်းများဖတ်ကြားခဲ့သည့်အပြင် ၁၃၄၇ ခုနှစ် စာဆိုတော်လ အထိမ်းအမှတ်အဖြစ် မင်းဘူးမြို့ ၌  ကျင်းပသည့်   စာပေဟောပြောပွဲများတွင်လည်း ဟောပြောခဲ့သည်။ 

 


သမိုင်းတွင်ကျန်ရစ်သော စာပေများနှင့် 
ချီးမြှင့်ခံရသော ဂုဏ်ပြုဆုများ

 


၁၉၅၃ ခုနှစ်မှစ၍ သွေးသောက်မဂ္ဂဇင်းတွင် အခန်းဆက်ဝတ္ထုတိုများအဖြစ် ကိုဆေးရိုးဝတ္ထုတို များကို စတင်ရေးသားဖော်ပြခဲ့သည်။   ထိုရေးသား ဖော်ပြခဲ့သည့် ဝတ္ထုတိုများကို စုပေါင်း၍ ကိုဆေးရိုး(၁) (၁၉၆၃)၊ ကိုဆေးရိုး(၂) (၁၉၆၅)၊ ကိုဆေးရိုးဝတ္ထုတို များ(၁၉၇၃)၊ ကိုဆေးရိုးဝတ္ထုတိုပေါင်းချုပ်(၄) (၁၉၉၀)၊ ကိုဆေးရိုးဝတ္ထုတို(၅) (၁၉၉၃)၊ ကိုဆေးရိုး ဝတ္ထုတို(၆) (၁၉၉၆)၊ ကိုဆေးရိုးဝတ္ထုတို(၇) (၂၀၀၁)၊ ကိုဆေးရိုးဝတ္ထုတို(၈) (၂၀၀၁)၊ ကိုဆေးရိုးဝတ္ထုတို(၉)၊ ကိုဆေးရိုးဝတ္ထုတို(၁၀)၊   ကိုဆေးရိုးဝတ္ထုတို(၁၁)(၂၀၀၇) စသည့်အတွဲအားလုံးပါဝင်သည့် ကိုဆေးရိုး ပေါင်းချုပ် (၂၀၀၉) ကို ပုဂံပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့ သည်။ ထိုအတွဲများထဲမှ အမျိုးသားစာပေဆု(ဝတ္ထုတိုပေါင်းချုပ်ဆု)ကို ၁၉၉၀ ပြည့်နှစ်တွင် ကိုဆေးရိုးဝတ္ထုတိုပေါင်းချုပ်(၄) ဖြင့်လည်းကောင်း၊ ၁၉၉၆ ခုနှစ်တွင် ကိုဆေးရိုးဝတ္ထုတို(၆) ဖြင့်လည်းကောင်း ရရှိခဲ့သည်။ 

 


ဆက်လက်ပြီး ဆရာကြီးသည် ၁၉၉၈ ခုနှစ်တွင် အကြိမ် (၂၀) မြောက်    အ‌ရှေ့တောင်အာရှစာပေဆု (S.E.A Write Award) ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ထိုက်တန်စွာ ချီးမြှင့်ခြင်းခံခဲ့ရသည်။ ထို့ပြင် ၂၀၀၃ ခုနှစ် တွင် ဝိဇ္ဇာပညာ ထူးချွန်တံဆိပ် (ပထမအဆင့်) ကို လည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင်  ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆုကိုလည်းကောင်း ချီးမြှင့်ခြင်း ခံခဲ့ရသည်။ စာအုပ်စာပေများကို စဉ်ဆက်မပြတ် ရေးသားထုတ်ဝေခဲ့ရာ ထိုစာအုပ်များထဲမှ ဝတ္ထုရှည် အတွဲပေါင်း ရှစ်တွဲပါဝင်သည့် နေမင်းတစ်ထောင်ဝတ္ထု ရှည်  စာအုပ်ဖြင့် ၂၀၀၅ ခုနှစ်အတွက်    အမျိုးသား စာပေဆု သုံးထပ်ကွမ်း ထပ်မံရရှိခဲ့သည်။ 

 


နိုင်ငံတော်က  ဘဝတစ်သက်တာလုံး    စာပေ ရေးသား၍ ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများ ကို အလေးထားဆောင်ရွက်ခဲ့ပြီး   စာပေလက်ရာ အမြောက်အမြားကို ရေးသားပြုစုခဲ့သူ၊ သုတရသစာပေ များစွာကို ရေးသားခဲ့သူ ဆရာကြီး ဆရာမကြီးများကို မြန်မာနိုင်ငံ၏ အမြင့်ဆုံးစာပေဆုဖြစ်သော အမျိုးသား စာပေတစ်သက်တာဆု  ချီးမြှင့်လျက်ရှိရာ   ခုနစ်ဦး မြောက် တစ်သက်တာစာပေပညာရှင်ကြီးအဖြစ် ၂၀၀၇ ခုနှစ်တွင် ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း ဂုဏ်ယူဖွယ်  ချီးမြှင့်ခြင်းခံခဲ့ရသည်မှာ   မင်္ဂလာရှိလှ သည့်သတင်း ဖြစ်ခဲ့ပါသည်။ ထို့ပြင် ၂ဝ၁၂ ခုနှစ်တွင် နိုင်ငံတော်က ဆရာကြီးအား စည်သူဘွဲ့ ထပ်မံပေးအပ် ချီးမြှင့်ခဲ့သည်။

 


အမျိုးသားစာပေဆုရစာအုပ်များ

 


ပထမအကြိမ် အမျိုးသားစာပေဆုရ ကိုဆေးရိုး ဝတ္ထုတိုပေါင်းချုပ် (၄) နှင့်ပတ်သက်၍ ဆုရွေးချယ် ရေးအဖွဲ့ငယ်က    ‘ဆင်ဖြူကျွန်းအောင်သိန်း၏ ကိုဆေးရိုးဝတ္ထုတိုပေါင်းချုပ်(၄)တွင် သမ္ဘာရင့်စာရေး ဆရာတစ်ဦး၏   အညာကျေးလက်ဘဝသရုပ်ဖော် ချက်များမှာ အညာနံ့၊ အညာသွေး မပြယ်သေးသော ဝန်းကျင်၌ ခေတ်သစ်ဓလေ့စရိုက်များ ဝင်ရောက်ချိန် ကို ရေးခြယ်ထားရာ နှစ်သက်ဖွယ်ဖြစ်၍ စာဖတ်သူ စေတနာပွားအောင် ရေးဖွဲ့နိုင်ကြောင်း တွေ့ရှိရသဖြင့် ဆုပေးရန် ထောက်ခံပါသည်’ ဟူ၍  ၁၉၉ဝ ပြည့်နှစ် အတွက် အမျိုးသားစာပေဆု (ဝတ္ထုတိုပေါင်းချုပ်) ဆုရွေးချယ်ခဲ့ပုံနှင့်ပတ်သက်၍ သုံးသပ်တင်ပြထား သည်ကို ဖတ်ရှုရပါသည်။
ဒုတိယအကြိမ်မြောက် ၁၉၉၆ ခုနှစ်အတွက် အမျိုးသားစာပေဆုအဖြစ်     ရွေးချယ်ခံရသော ကိုဆေးရိုးဝတ္ထုတို (၆) နှင့်ပတ်သက်၍ ဆုရွေးချယ် ရေးအဖွဲ့ငယ်က   ‘ဆင်ဖြူကျွန်းအောင်သိန်း၏ ကိုဆေးရိုး(၆)ဝတ္ထုတိုများတွင် စာရေးသူ၏ အတွေ့ အကြုံရင့်ကျက်မှုများကို တွေ့ရသည်။ ဒေသအလိုက် ဝေါဟာရများ   ကြွယ်ဝသည့်  အညာကျေးလက် လူနေမှုဘဝများကို   ပီပြင်စွာရေးဖွဲ့ထားသည်။ အရေးအသား ပြေပြစ်ကောင်းမွန်သည်။  ပင်ပန်း ဆင်းရဲမှုကို  ခံနိုင်ခြင်း၊    တင်းတိမ်ရောင့်ရဲခြင်း၊ စာနာတတ်ခြင်း၊ သဒ္ဓါတရားစိတ်ကောင်းစေတနာရှိခြင်း၊  အဆွေအမျိုးကိုချစ်ခြင်း၊   ဇာတိမြေကို တွယ်တာခြင်းစသည့် ထိန်းသိမ်းပွားများသင့်သော မြန်မာလူမျိုးတို့၏စရိုက်ကို ပေါ်လွင်စွာရေးဖွဲ့လိုက် သည်’ ဟု သုံးသပ်မှတ်ချက်ပြုထားသည်ကို တွေ့ရှိ ရပါသည်။

 


ဆရာကြီး      ဆင်ဖြူကျွန်းအောင်သိန်း၏ သုံးထပ်ကွမ်း အမျိုးသားစာပေဆုရရှိသော နေမင်း တစ်ထောင်ဝတ္ထုရှည်နှင့်ပတ်သက်၍ ဆုရွေးချယ် ရေးအဖွဲ့ငယ်၏ မှတ်ချက်မှာ ‘နေမင်းတစ်ထောင် ဝတ္ထုရှည်သည်  တစ်အုပ်တည်းမဟုတ်ဘဲ   အတွဲ ရှစ်တွဲခွဲ၍   ထုတ်ဝေရသော   ဝတ္ထုရှည်ကြီးဖြစ်ပါ သည်။ အုပ်ရေခွဲ၍ ထုတ်ဝေရသလို  ဇာတ်ကောင် အမျိုးမျိုး၏ စရိုက်အဖုံဖုံကိုလည်း တင်ဆက်ထားပါ သည်။ ကုန်းဘောင်မင်းဆက် ပုဂံမင်းလက်ထက်မှ စ၍ ၁၉၆၂ ခုနှစ်မတိုင်မီအထိ မြန်မာ့နိုင်ငံရေးကို နောက်ခံထားပြီး  ရေးဖွဲ့ထားပါသည်။    ယင်းသို့ ရေးဖွဲ့ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် အမျိုးသားရေး စရိုက်လက္ခဏာတို့ကို ပီပြင်စွာ ဖော်ကျူးနိုင်သည် ကို တွေ့ရပါသည်။ ဇာတိသွေး ဇာတိမာန်တို့ကို ဖော်ကျူးနိုင်သည့်အပြင် မျိုးချစ်စိတ်ဓာတ်တက်ကြွ စေရန် စေ့ဆော်မှုများသည် စာဖတ်သူတို့အတွက် အားမာန်ကို ဖြစ်ပေါ်စေသည်။ ဝတ္ထုတွင်ပါရှိသည့် ဇာတ်ကောင်အမျိုးမျိုးသည် မြန်မာ့ဓလေ့၊ ရှေးခေတ် မြန်မာ့ရေမြေသဘာဝတို့နှင့်အညီ   စကားအသုံး အနှုန်းများကို ပြောဆို၍ ဒေသအလိုက်၊ စရိုက် အလိုက် အားပြိုင်လှုပ်ရှားကြပါသည်။ နယ်ချဲ့တို့နှင့် ဆင်နွှဲရသည့် မျိုးချစ်စစ်ပွဲများမှသည် စာပေရေးရာ များအထိ ဆွဲခေါ်လာသည့် ဝတ္ထုရှည်ကြီးဖြစ်သည်။ နိုင်ငံတော်က ချမှတ်ထားသည့် လူမှုရေးဦးတည် ချက် (၄) ရပ်ကိုပါ     အထောက်အကူပြုသဖြင့် “နေမင်းတစ်ထောင်” စာအုပ် (ရှစ်အုပ်တွဲ) ကို ၂၀၀၅ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဝတ္ထုရှည်ဆု) အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်’ ဟု   မှတ်သား တွေ့ရှိရပါသည်။    

 

     
(ဆက်လက်ဖော်ပြပါမည်)