မြင်းခြံမြို့နယ်၌ အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများ၊ အပြစ်မဲ့အရပ်သားပြည်သူများအား ပစ်ခတ်သတ်ဖြတ်ခဲ့သူများနှင့်ပတ်သက်ဆက်နွှယ်သည့် တရားခံများအား လက်ပစ်ဗုံးများ၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်   ဇူလိုင်   ၃၁


နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော NUG ၊  CRPH  စသည့် အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်ပျက်ပြားစေရန်နှင့် ၎င်းတို့၏ ဝါဒဖြန့် စည်းရုံးမှုများကို မထောက်ခံသည့် ပြည်သူလူထုအား အကြောက်တရား လွှမ်းမိုးနေစေရန်ရည်ရွယ်၍ စာသင်ကျောင်းနှင့် ပညာရေးအဆောက် အအုံများကို မိုင်းများဖြင့် တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ လူပုဂ္ဂိုလ်များအား ဒလန်အဖြစ်   စွပ်စွဲသတ်ဖြတ်ခြင်း၊  လုံခြုံရေး ဆောင်ရွက်လျက်ရှိသော   တပ်မတော်သားများနှင့်    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်ခြင်းများကို လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲ လုပ်ဆောင်လျက်ရှိသည်။ 


ထိုသို့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စုံစမ်းဖော်ထုတ်မှုများ ဆောင်ရွက်ကာ အကြမ်းဖက်သမားများ၏ လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ဖော်ထုတ်သိမ်းဆည်း လျက်ရှိသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ   ဇူလိုင် ၃၀ ရက်တွင်  မန္တလေး တိုင်းဒေသကြီး မြင်းခြံမြို့နယ် အမှတ်(၁၀)ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ် ရှိ သရဝဏ်ခန်းမရှေ့သို့  အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံး တစ်လုံး ပစ်ပေါက်ထွက်ပြေးသွားကြောင်း သိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ  မြင်းခြံ-ညောင်ဦး ကားလမ်း ရွာစည်ကျေးရွာလမ်းဆုံ၌ တရားခံ မင်းမင်းလှိုင် (၂၂)နှစ်နှင့် ကျော်ရဲခန့် (ခ) ဘယ်ကျော် (၂၁)နှစ်တို့ကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံ မင်းမင်းလှိုင်နှင့် ကျော်ရဲခန့်တို့၏ ထွက်ဆိုချက် အရ    ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများတွင်   ပါဝင်ပတ်သက်သူ ဖြိုးဇော်ဦး (ခ) ဖြိုးဇော် (၂၀)နှစ်အား တောင်သာမြို့နယ် ဖက်တော ကျေးရွာအနီး ရှင်ပင်ဒေါနဲမိုးကောင်းကျောင်းအတွင်း၌ ၉ မမ ကျည် ၇၂ တောင့်၊ ပလတ်စတစ် လက်ပစ်ဗုံး တစ်လုံး၊   BA - ၉၁ လက်ပစ်ဗုံး တစ်လုံး၊ Shark အချိုရည်ဘူးခွံဖြင့် ပြုလုပ်ထားသော   လက်လုပ်မိုင်း တစ်လုံးနှင့်အတူ    ဖမ်းဆီးရမိခဲ့ပြီး    ၎င်းတို့၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံ   ရှိုင်းထက်(ခ)ငရှိုင်း (၂၃)နှစ်အား  မြင်းခြံမြို့နယ် ဆားခါးကျေးရွာအနီး၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။ 


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် မြင်းခြံ မြို့နယ်အတွင်း တရားမဝင်ဖွဲ့စည်းထားသော ZERO NINE အကြမ်းဖက် အဖွဲ့တွင် ပါဝင်သူများဖြစ်ပြီး    ၎င်းအဖွဲ့တွင်   အဖွဲ့ဝင် ၁၇ ဦးခန့်ရှိ ကြောင်း၊ အဆိုပါအဖွဲ့အား မြင်းခြံမြို့ ကိုးဆောင်ကျောင်းတိုက်မှ ဉူးဇင်းပန် (ဖမ်းဆီးရန်ကျန်)နှင့် ဆုမြတ်လင်း (ဖမ်းဆီးရန်ကျန်)တို့မှ ဦးဆောင်လျက်ရှိကြောင်း၊ ၎င်းအဖွဲ့ဝင်များသည် မြင်းခြံမြို့နယ်အတွင်း ဖောက်ခွဲဖျက်ဆီးရေးနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှု များ ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။


ဖမ်းဆီးရမိ တရားခံများသည် မြင်းခြံမြို့နယ်အတွင်း ဖောက်ခွဲ ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခုနစ်ကြိမ်ခန့်ပါဝင်ခဲ့ပြီး မေ ၂၇ ရက်တွင် ဆားခါးကျေးရွာ အစိုးရ စက်မှုလက်မှုအထက်တန်းကျောင်း၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်အား  သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း၊   ဇွန် ၁၈ ရက်တွင်  အများပြည်သူများသွားလာရေး အဆင်ပြေစေရန် လမ်းကြောင်းရှင်းပေးနေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အား ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း၊ ဇွန် ၂၇ ရက်တွင် ရွာစည်ကျေးရွာအနီး မြင်းခြံ- ညောင်ဦး ကားလမ်းပေါ်၌ သဲဖြူကျေးရွာမှ  အပြစ်မဲ့ပြည်သူ တစ်ဦးအား ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း၊ ဇူလိုင် ၄ ရက်တွင် အမှတ်(၁၉)ရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူ တစ်ဦးအား ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းများတွင် ပူးပေါင်းပါဝင်ကျူးလွန်ထား သူများဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။


သို့ဖြစ်ပါ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးကို ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင် ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန် လုပ်ဆောင်မည့် တရားခံ လေးဦးအား ၉ မမကျည် ၇၂ တောင့်၊ ပလတ်စတစ်လက်ပစ်ဗုံး တစ်လုံး၊ BA-91 လက်ပစ်ဗုံး တစ်လုံး၊ လက်လုပ်မိုင်း တစ်လုံးတို့နှင့်အတူ ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့အား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်   ဆက်စပ်တရားခံ များအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး  ပူးပေါင်းပါဝင်   ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။  

 

 သတင်းစဉ်