
ကျော်ကျော်လှိုင်
==========
အောင်မြင်ရမယ်ဆိုတဲ့စိတ်ဓာတ်
လေယာဉ်ပျံစီးတဲ့အကြောင်းကို စဉ်းစားကြည့်ပါ။ လေယာဉ်ပျံ စီးနေရင်း အင်ဂျင်တစ်လုံးရပ်သွားပြီဆိုပါတော့။ လေယာဉ်ပျံမောင်းတဲ့ ကပ္ပတိန်က ခေါင်းအေးအေးနဲ့ “ခရီးသည်များခင်ဗျာ ကျွန်တော်တို့ အင်ဂျင်တစ်လုံး စက်ချို့ယွင်းသွားပါတယ်။ စိတ်ပူစရာမရှိပါ။ ကျန်တဲ့ အင်ဂျင်တစ်လုံးနဲ့ အနီးဆုံးလေယာဉ်ပျံကွင်းကို ဆင်းပါမယ်။ အင်ဂျင် တစ်လုံးတည်းနဲ့ ပျံတာကို ကျွန်တော်တို့ လေ့ကျင့်ထားပြီးသားပါ။ ခရီးသည်များ ခါးပတ်ပတ်ပြီး စိတ်အေးအေးနဲ့ထိုင်ပါ။ အခြေအနေကို အမြဲပြောပြနေပါမယ်”လို့ ပြောတာကိုပဲ ကျွန်တော်တို့ ကြားချင်မှာပါ။
ကပ္ပတိန်က လေယာဉ်မောင်၊ လေယာဉ်မယ်တွေကို အလွန်ပဲ စိတ်လှုပ်ရှားတဲ့ပုံစံနဲ့ လေယာဉ်ပျံ အရေးပေါ်ဆင်းဖို့ ညွှန်ကြားနေပြီး ခရီးသည်တွေကိုတော့ အခြေအနေကို ရှင်းမပြတာကို ဘယ်သူမှ ကြိုက်ကြမှာ မဟုတ်ပါဘူး။ ဘယ်ကပ္ပတိန်က လေယာဉ်ပျံကို အန္တရာယ်ကင်းရှင်းအောင် အနီးဆုံးလေယာဉ်ပျံကွင်းဆီ ဆင်းနိုင်မယ် ဆိုတာ ထင်ရှားနေပါတယ်။
ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေကို ပျံသန်းနေ တဲ့ ကပ္ပတိန်တွေပါပဲ။ ကျွန်တော်တို့ နေ့စဉ်တွေ့ကြုံနေရတဲ့ အခက် အခဲ ပြဿနာတွေကို ဘယ်လိုပုံစံနဲ့ဖြေရှင်းရင် အောင်မြင်မှာလဲ။ ပထမကပ္ပတိန်လိုလား၊ ဒုတိယကပ္ပတိန်လိုလား။ အောင်မြင်ရ မယ်ဆိုတဲ့စိတ်ဓာတ်က အရေးကြီးပါတယ်။ အောင်မြင်ရမယ်ဆိုတဲ့ စိတ်ဓာတ်တစ်ခုတည်းနဲ့တော့ သေချာပေါက်အောင်မြင်မယ်လို့ မပြောနိုင်ပေမယ့် အကောင်းဆုံးအခွင့်အရေးကိုတော့ ပေးပါတယ်။
မဖြစ်နိုင်တာတွေကိုပဲ တွေးနေရင်တော့ နောက်ဆုံးဖြစ်မလာတာ နဲ့ဘဲ အဆုံးသတ်ရပါလိမ့်မယ်။ အောင်မြင်ရေးစိတ်ဓာတ်ရှိသူတွေကတော့ ဖြစ်နိုင်တာကိုပဲ တွေးပါတယ်။ ဖြစ်နိုင်တာတွေ ပေါင်းစပ် လိုက်တဲ့အခါ အောင်မြင်မှုကို ရတာပါပဲ။
အောင်မြင်မှုကို ဖြစ်စေသော မသိစိတ်
အောင်မြင်ရေးစိတ်ဓာတ်အကြောင်းကို ပိုနားလည်ဖို့ မသိစိတ်ကို ရှင်းပြချင်ပါတယ်။ ဦးနှောက်ကို အပေါ်ပိုင်းနဲ့အောက်ပိုင်း နှစ်ပိုင်း ခွဲလိုက်ရင် အပေါ်ပိုင်းကသိစိတ်ဖြစ်ပြီး လက်ရှိစဉ်းစားတွေးခေါ် သိမြင်နေတာတွေနဲ့ ပြည့်နေပါတယ်။ အောက်ပိုင်းမသိစိတ်ကတော့ မွေးလာကတည်းက ပါလာတဲ့ အလိုအလျောက် လုပ်ရမယ့်အလုပ်တွေ ဥပမာ - အသက်ရှူနည်း၊ အစာချေဖျက်နည်းနဲ့ ကိုယ်သင်ကြားတတ် မြောက်ခဲ့တဲ့ လမ်းလျှောက်နည်း၊ စကားပြောနည်းတွေနဲ့ ပြည့်နေပါ တယ်။
ကားမောင်းသင်တာကို စဉ်းစားကြည့်ပါ။ မီးပွိုင့်မှာ မီးနီကို မြင်ရင် အပေါ်ပိုင်း ဦးနှောက်က “လီဗာပေါ်က ခြေထောက်ကိုဖယ်ပြီး ဘရိတ်ပေါ်ကိုနင်းပါ”လို့ ညွှန်ကြားချက်ပေးပါတယ်။ ကားမောင်း သင်တာကြာလာတဲ့အခါ သို့မဟုတ် သိစိတ်ကို ထပ်တလဲလဲ လေ့ကျင့် ပေးတဲ့အခါ ဦးနှောက်ထဲမှာ စဉ်းစားစရာမလိုဘဲ မီးနီကိုမြင်တာနဲ့ ဘရိတ်အုပ်တဲ့မသိစိတ် ဖြစ်လာပါတယ်။ သိစိတ်နဲ့ ထပ်တလဲလဲ ပြုလုပ်တဲ့အလုပ်တွေကို အချိန်ကြာကြာလုပ်တဲ့အခါ မသိစိတ်က အလိုအလျောက် လုပ်တတ်လာပါတယ်။
ဥပမာ - လူတစ်ယောက်က ငါအလုပ်လုပ်တိုင်း အခက်အခဲနဲ့ တွေ့တယ်။ ငါဘယ်တော့မှ အောင်မြင်အောင်မလုပ်နိုင်ဘူးလို့ အမြဲ စဉ်းစားနေမယ်။ ဒီလို ခဏခဏဖြစ်နေရင်တော့ ကြာရင်မသိစိတ်က ကျဆုံးမှုကိုပဲ လုပ်ပါလိမ့်မယ်။
အောင်မြင်ရေးစိတ်ဓာတ်ကို မသိစိတ်မှာ ပေါက်ဖွားနေဖို့ အရေး ကြီးပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို အတွေး ၅၀၀၀၀ လောက်တွေးပါတယ်။ လူတော်တော်များများရဲ့ အတွေးတွေကတော့ မဖြစ်နိုင်တာတွေ၊ မကြိုက်တာတွေ၊ မလုပ်နိုင်တာတွေ များပါတယ်။ “ငါဝနေပြီ။ ကျွန်တော်မှတ်ဉာဏ်မကောင်းဘူး။ ကျွန်တော်လုပ်တိုင်း အခက်အခဲနဲ့တွေ့ရတယ်။ ဖြစ်မယ်မထင်ပါဘူး။ ရမယ်မထင်ပါဘူး” စသည်တို့ ဖြစ်ပါတယ်။
ဒီလို မဖြစ်နိုင်တာ၊ မလုပ်နိုင်တာ၊ မကြိုက်တာတွေတွေးရင် ကျွန်တော်တို့ရဲ့ မသိစိတ်က မလုပ်နိုင်တာ၊ မကြိုက်တာ၊ မဖြစ်နိုင်တာ တွေပဲ ဖြစ်နေပါလိမ့်မယ်။ ဒီမသိစိတ်က ကျွန်တော်တို့ စဉ်းစားနေစရာ တောင်မလိုဘဲ ကျွန်တော်တို့ရဲ့ ဘဝအောင်မြင်မှုတွေ၊ ကျန်းမာရေး တွေကို ထိခိုက်ပျက်စီးစေပါလိမ့်မယ်။
တချို့လူတွေဆို ဘာကြောင့် စီးပွားပျက်ပြီး ဘဝပျက်ရတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် နားမလည်အောင် ဖြစ်ကြပါတယ်။ သူတို့တွေဟာ မသိစိတ်မှာ ကျဆုံးမှုတွေဖြစ်လာအောင် သိစိတ်က ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့တာကို သတိမပြုမိပါဘူး။ ကျွန်တော်တို့ ကားမောင်းတတ်သွား တဲ့အခါ ကားပေါ်ကိုတက် စက်နှိုးပြီး မောင်းသွားတာပါပဲ။ မသိစိတ်က လုပ်တာပါ။ ကားကို ဘယ်လိုမောင်းမယ်ဆိုတာ စဉ်းစားနေဖို့ မလိုပါ ဘူး။ ဒီလိုပါပဲ။ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ “ချိန်းထားတဲ့အခါ အမြဲနောက်ကျတာ။ အလုပ်တစ်ခုကို ပြီးမြောက်အောင် မလုပ်နိုင်တာ။ ငွေကြေးနဲ့ပတ်သက်ရင် အမြဲငွေလိုနေတာ”တွေကို အလိုအလျောက်ဖြစ် အောင် ကိုယ်ပဲလုပ်တာပါ။ ဖြစ်လာတဲ့အခါကျတော့ ကံကိုပဲအပြစ်ပုံချ ကြပါတယ်။
ဝမ်းသာစရာအချက်ကတော့ မသိစိတ်က အလိုအလျောက် ဖြစ်စေတာတွေကိုနားလည်ရင် လူတိုင်းအောင်မြင်နိုင်ပါတယ်။ သင့်ရဲ့ အနာဂတ်က သင့်ရဲ့အတွေးတွေပါပဲ။ သင့်ရဲ့အတွေးတွေကို စည်းနဲ့ ကမ်းနဲ့တွေးရင် သင့်ရဲ့သိစိတ်က အလိုအလျောက် လုပ်နိုင်တဲ့ မသိစိတ် တွေကို ဖြစ်ပေါ်စေပါတယ်။ အချိန်တော့ ယူရပါလိမ့်မယ်။
စာဖတ်သူတို့လည်း ဒီစာဖတ်ရရင် အောင်မြင်ရေးစိတ်ကို မသိစိတ် မှာ ဖြစ်ပေါ်လာအောင် လုပ်မယ်လို့ ဆုံးဖြတ်ပါလိမ့်မယ်။ “ရာထူး တက်အောင်လုပ်မယ်၊ ဟန်းဖုန်းဝယ်မယ်၊ ကားဝယ်မယ်”လို့ တွေးပါ တယ်။ ခဏကြာတော့ မေ့သွားပြီး တွေးနေကျ အတွေးပဲ ဝင်လာပါတယ်။ ငါးရက်လောက်နေတော့ “ဒါမဖြစ်နိုင်ပါဘူး” လို့ မပြောပါနဲ့။
စာဖတ်သူတို့ရဲ့ မဖြစ်နိုင်ဘူး၊ မလုပ်နိုင်ဘူး၊ မကြိုက်ဘူး အတွေး ၄၈ဝဝဝ ကနေ တစ်နေ့ကို ၄၇၅၀၀ ပြောင်းရုံနဲ့ ထူးခြားမှုကို မတွေ့နိုင်ပါ ဘူး။
စိတ်ကို အင်အားကြီးမားအောင်လုပ်တာ ကိုယ်ခန္ဓာကို လုပ်ရတာ ထက် ခက်ပါတယ်။ အကြိမ် ၂ဝ လောက် ဝိတ်မပြီး လက်မောင်းကြွက်သား ကြီးတာကို မှန်ထဲမှာချက်ချင်းမြင်ဖို့ မဖြစ်နိုင်ပါဘူး။
အောင်မြင်ရေးစိတ်ဓာတ်ကို ၂၄ နာရီပဲ တွေးထားရုံနဲ့ ထူးခြားမှုကို မမြင်နိုင်ပါဘူး။ လအနည်းငယ်လောက် ဇွဲရှိရှိနဲ့ အောင်မြင် ရေးစိတ်ဓာတ်ကို မွေးမြူထားရင်တော့ ဘဝမှာပြောင်းလဲမှုတွေကို တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ အတွေးတွေမှန်နေဖို့ တစ်ဘဝလုံး လုပ်ရမှာပါ။ ခက်လည်းခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခါ တလေကျရင် ကိုယ်ကအတွေးလွဲနေတာကို ကိုယ့်ဘာသာကိုယ် မသိလို့ပါ။
ကိုယ့်ရဲ့အတွေးတွေ မှန်၊ မမှန်ဆိုတာကို သိချင်ရင်တော့ ကိုယ့်ဘဝကိုယ်ဆန်းစစ်ပါ။ ကိုယ်လုပ်နေတဲ့အလုပ်မှာ ပျော်ရဲ့လား။ စိတ်ချမ်းသာရဲ့လား။ ကိုယ့်ရဲ့ချစ်သူ လက်တွဲဖော်ကို စိတ်ကျေနပ်ရဲ့ လား။ ကိုယ့်မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ တွေ့ရတဲ့အခါ ပျော်ရွှင်မှု ရရဲ့လား။ ကျန်းမာရေးကောင်းရဲ့လား။ ဒီအချက်တွေဟာ ကိုယ် နေ့စဉ်တွေးနေတဲ့ အတွေးတွေရဲ့ ပုံရိပ်တွေပါပဲ။
ဘဝမှာ ကိုယ်မကြိုက်တာ၊ ကိုယ်မလိုချင်တာအတွက်တွေးပြီး စိတ်မပူပါနဲ့။ ပြောမနေပါနဲ့။ ကိုယ်မကြိုက်တာ၊ ကိုယ်မလိုချင်တာကို ဖြစ်လာမှာစိုးလို့တွေးနေရင် အဲဒီစွမ်းအင်ကြောင့် ကိုယ့်ဆီ ရောက်လာပါလိမ့်မယ်။ တွေးနေတဲ့စွမ်းအင်ကို ဖျောက်လိုက်ရင် ကိုယ်မကြိုက်တာတွေ။ ကိုယ်မလိုချင်တာတွေနဲ့ ဝေးသွား နိုင်ပါတယ်။ ဥပမာပြရရင် ငြင်းခုံတာကို စဉ်းစားကြည့်ပါ။ ကိုယ့်ဇနီးက ကိုယ့်ကို ရုံးကပြန်လာတဲ့အခါ အကြောင်းအရာတစ်ခုကို ငြင်းခုံဖို့ ကြိုးစားတယ်။ ကိုယ်ကငြင်းမနေဘဲ သဘောတူလိုက်တယ်။ ဇနီးသည်က ဘာလုပ်မလဲ။ သူတစ်ယောက်တည်းမှ ငြင်းခုံလို့မရတော့ ပါးစပ်ပိတ်သွားပါလိမ့်မယ်။
တစ်ခုခုကို စိုးရိမ်နေရင် သို့မဟုတ် အကြောင်းအရာတစ်ခုအတွက် ရှက်နေရင် သို့မဟုတ် တစ်ခုခုကို ကြောက်နေရင် လူတွေက ဒီအကြောင်း ပဲ ပြောနေတာကို ကြားနေရပါလိမ့်မယ်။
စိတ်ထဲက စွဲလမ်းမနေဘဲ တကယ်ထုတ်ပစ်နိုင်ရင် နောက် လောကနိယာမတစ်ခုကိုလည်း နားလည်လာပါလိမ့်မယ်။
အရေးမကြီးတာတွေကို လျစ်လျူရှုနိုင်ရင် စိတ်ချမ်းသာမှုကိုရမယ်
ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေသမျှ လူတွေက ကိုယ့်ကို တိုက်ခိုက်နေကြမှာပါပဲ။ ဘာကြောင့်လဲ။ ကျွန်တော်တို့က ကျွန်တော် တို့ကိုယ်ကျွန်တော်တို့ ယုံကြည်မှုနည်းနေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြလို့ပါ။
ဥပမာ - သူငယ်ချင်းတစ်ယောက် ကိုယ့်ကိုတစ်ကိုယ်ကောင်း ဆန်တယ်လို့စွပ်စွဲရင် ကိုယ်ကတစ်ကိုယ်ကောင်းမဆန်ကြောင်း ပြန်ငြင်းခုံနေလို့ ပြီးတော့မှာ မဟုတ်ပါဘူး။ ကိုယ်က တစ်ကိုယ်ကောင်း မဆန်ရင် ရယ်နေလိုက်ပါ။ သူ့အပေါ်မှာ တစ်ကိုယ်ကောင်းဆန်မိရင် နောက်ပြုပြင်မယ့်အကြောင်း ကတိပေးလိုက်ပါ။
ဥပမာ- ရုံးမှာ လူတွေက ကိုယ့်အကြောင်း ပြောနေတယ်လို့ သူငယ်ချင်းတစ်ယောက်က လာပြောတယ်။ အများကပြောတာတွေ မဟုတ်မမှန်ကြောင်း စာတွေထုတ်မယ်။ ဖြေရှင်းမယ်ဆိုရင်တော့ မီးလောင်ရာ လေပင့်တာပါပဲ။ ကိုယ့်အကြောင်းကို ဘယ်သူက ဘာပြောတယ်လို့ ကွယ်ရာမှာပြောတာတွေကို နားမထောင်ပါနဲ့။ အရေးမစိုက်ပါနဲ့။ ကွယ်ရာမှာ ဘာပြောတယ်ဆိုတာ နားထောင်ရင် ပြောမယ့်လူတွေ အများကြီးရှိလာပါလိမ့်မယ်။ နားထောင်ရင် ပျော်ရွှင်မှုနဲ့ ဝေးရပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ် မကာကွယ်ရဘူးလို့ ပြောတာမဟုတ်ပါဘူး။ မလိုအပ်ဘဲ ပြန်ဖြေရှင်းမယ်၊ ငြင်းခုံမယ်၊ ဒေါသထွက်မယ်၊ စိတ်ဆိုး မယ်ဆိုရင် ပြဿနာကို ကြီးထွားအောင်လုပ်တာပဲ ဖြစ်ပါတယ်။ ဘဝမှာ ဘာမဟုတ်တဲ့အကြောင်းအရာတွေအတွက် ဖြေရှင်း၊ ငြင်းခုံ မယ်ဆိုရင် ပိုမိုကြီးထွားလာဖို့ပဲ ဖြစ်ပါတယ်။ လျစ်လျူရှုလိုက်ပါ။
ချစ်ရင် မှန်တယ်၊ မုန်းရင် မှားမယ်
ကိုမောင်မောင်နဲ့ စွဲလန်း သမီးရည်းစားဘဝနဲ့ ပထမဦးဆုံး ချိန်းတွေ့ကြပါတယ်။ ကိုမောင်မောင်က ပထမဦးဆုံး ချိန်းတွေ့တာ မို့လို့ လူရောစိတ်ရော အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ကြေးအိုး စားကြတော့ ခေါက်ဆွဲဖတ်က ဖိတ်ပြီး စွဲလန်း ပေါင်ပေါ်ကျပါတယ်။ ကိုမောင်မောင်က ပျာပျာသလဲ Snow Towel မှာပြီး သုတ်ပေး ပါတယ်။
စွဲလန်းက “ ကပျာကယာနဲ့ ထွက်လာတာ ဗီရိုသော့ဘယ်နားမှာ ကျလဲမသိဘူး” လို့ ပြောပါတယ်။ ကိုမောင်မောင်က “ကျွန်တော်လည်း ဖြစ်နေကျပဲ”လို့ နှစ်သိမ့်စကား ပြောပါတယ်။
သုံးနှစ်နေတော့ လက်ထပ်ပြီးတာ တစ်နှစ်မြောက် အထိမ်း အမှတ်အဖြစ် ညစာထွက်စားကြပါတယ်။ ထမင်းစားတော့ ဟင်းက စွဲလန်း ပေါင်ပေါ်ကျပါတယ်။ ကိုမောင်မောင်က “သပ်သပ်ရပ်ရပ် မစားတတ်ဘူးလား”လို့ ပြောပါတယ်။ စွဲလန်းက ဗီရိုသော့ ပျောက် သွားကြောင်း ပြောပါတယ်။ ကိုမောင်မောင်က “မင်းကလုပ်လိုက်ရင် ဒီလိုချည်းပဲ။ စည်းကမ်းကိုမရှိဘူး”လို့ ပြောပါတယ်။
ဒီလူပဲ၊ ဒီအခြေအနေပါပဲ၊ စိတ်ဓာတ်ကတော့ ပြောင်းသွားပါ ပြီ။ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်တွေက အံ့သြဖို့ကောင်းပါတယ်။ ကျွန်တော်တို့ လူတစ်ယောက်ကို သဘောကျနေရင် သည်းညည်းခံ နိုင်ကြပါတယ်။ သဘောမကျတော့ဘူးဆိုရင်တော့ အပြစ်ရှာပါတယ်။ တခြားလူတွေရဲ့ အပြုအမူက ကျွန်တော်တို့ သူ့အပေါ် ဘယ်လိုစိတ် ထားလဲ ဆုံးဖြတ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်က ဆုံးဖြတ်တာပါ။
လူတော်တော်များများဟာ မှန်တာကောင်းတာကို မစဉ်းစားဘဲ၊ မှားနေတာ မကောင်းတာကိုဘဲ အချိန်ပေးစဉ်းစားတတ်ကြပါတယ်။ စွဲလန်းမှာ ကိုမောင်မောင်နဲ့ပတ်သက်ပြီး မကောင်းတာနဲ့ ကောင်းတာ ခွဲခြားထားတဲ့ စာရင်းနှစ်ခု ရှိပါတယ်။
စာရေးသူက မကောင်းတာတွေနဲ့ ပတ်သက်တဲ့စာရင်းကို “ဇနီး စာရင်း”လို့ နာမည်ပေးပြီး ကောင်းတာနဲ့ပတ်သက်တဲ့ စာရင်းကို တော့ “မုဆိုးမစာရင်း”လို့ အမည်ပေးချင်ပါတယ်။
ကိုမောင်မောင်နဲ့နေရတဲ့ အချိန်တစ်လျှောက်လုံး စွဲလန်းက ကိုမောင်မောင်ရဲ့ မကောင်းတဲ့အကျင့်တွေနဲ့ပြည့်နေတဲ့ “ဇနီးစာရင်း” က အရာတွေကိုပဲအာရုံစိုက်ခဲ့ပါတယ်။ “ဝတ်ပြီးသားအင်္ကျီ၊ ပုဆိုးတွေကို ကြမ်းပေါ် ပုံသွားတယ်။ တီဗွီကို အသံအကျယ်ကြီးဖွင့်ပြီး တီဗွီရှေ့မှာ အိပ်တယ်။ ထမင်းစားရင် စားပွဲတွေ ညစ်ပတ်တယ်”
တစ်နေ့ကျတော့ မမျှော်လင့်ဘဲ ကိုမောင်မောင် ယာဉ်တိုက်မှုဖြစ် ပြီး ကွယ်လွန်သွားပါတယ်။ စွဲလန်းက နေ့ချင်းညချင်းပဲ“မုဆိုးမစာရင်း” ကို ပြောင်းသွားပါတယ်။
“ကိုမောင်မောင်က သဘောကောင်းတယ်။ စွဲလန်းကိုလည်း ဂရုစိုက်တယ်။ အလုပ်ကြိုးစားတယ်။ အသောက်အစားကင်းတယ်”။
တကယ်တော့ စွဲလန်းက ကိုမောင်မောင်နဲ့ပတ်သက်တဲ့ စာရင်း နှစ်ခုကို ပြောင်းပြန်သုံးသင့်ပါတယ်။ စွဲလန်းမှ မဟုတ်ပါဘူး။ ကျွန်တော် တို့လည်း လူတွေရဲ့ကောင်းတဲ့ အချက်နဲ့ပတ်သက်တာတွေကိုပဲ စဉ်းစား သင့်ပါတယ်။ လူ့ဘဝဆိုတာ တိုတိုလေးပါ။ စိတ်ချမ်းသာမှုကိုလိုချင်ရင် လူတွေရဲ့ ကောင်းကွက်လေးတွေ စဉ်းစားပြီး လူတွေနဲ့ ဆက်ဆံပါ။
မကောင်းတဲ့ အချက်တွေကို စဉ်းစားတတ်တဲ့သူတွေက ပြောလေ့ ရှိပါတယ်။ “ကျွန်တော်က အမှန်တရားကိုပြောတာ” တကယ်တော့ အမှန်တရားဆိုပြီးတော့ လူကို ကြည့်ပြီး ဖန်တီးယူတဲ့ “အဖန်တရား”သာ ဖြစ်ပါတယ်။ လူတွေနဲ့ ဆက်ဆံတဲ့အခါတိုင်း “အဖန်တရား”ကို မကြည့် ဘဲ ကောင်းတဲ့အချက်လေးတွေကို အာရုံစိုက်တန်ဖိုးထားပြီး ဆက်ဆံ ပါ။ ဆက်ဆံရေးတွေ ကောင်းလာပါလိမ့်မယ်။ လူချစ်လူခင်များလာပါ လိမ့်မယ်။ စစချင်းတော့ ခက်ပါလိမ့်မယ်။ ကြိုးစားဆက်ဆံပါ။ ရေရှည်မှာ ကောင်းကျိုးသုခတွေ ရပါလိမ့်မယ်။
ကျေးဇူးတရားနှင့်အောင်မြင်ခြင်း
ဘာသာတရားတိုင်းက ကျေးဇူးတရားကို သိတတ်ဖို့ သင်ကြပါ တယ်။ ကျေးဇူးတင်တယ်၊ ကျေးဇူးတရားကို သိတယ်ဆိုတာ မင်္ဂလာ တရား ၃၈ ပါးမှာလည်း ပါပါတယ်။ လူတွေကို ကျေးဇူးတင်တယ်လို့ ပြောဖို့၊ လိုအပ်တိုင်းပြောဖို့ ဝန်မလေးပါနဲ့။ မိမိလက်ရှိ အခြေအနေကို၊ လက်ရှိဘဝကို ကျေနပ်နေရင်၊ နှစ်သက်သဘောကျနေရင်၊ ကျေးဇူး တင်နေရင် စိတ်ကပျော်ရွှင်နေပါလိမ့်မယ်။ စိတ်က ပျော်ရွှင်နေရင်၊ လက်ရှိဘဝအခြေအနေကနေ ရှေ့ကိုတိုးတက်အောင်မြင်ဖို့ပဲ ဖြစ်ပါတယ်။
ကျေးဇူးတရားကို မသိတတ်သူကတော့ လူ့လောကအလယ်မှာ ကဲ့ရဲ့ရှုတ်ချခြင်းခံရမယ့်အပြင် အောင်မြင်မှုတွေ၊ စိတ်ချမ်းသာမှုတွေ နဲ့လည်း ဝေးရပါလိမ့်မယ်။ လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကျေးဇူး တရားကို မြင်တတ်ပြောတတ်အောင် လေ့ကျင့်ပါ။ မိမိကားကို မောင်းပေးတဲ့ ကားဒရိုင်ဘာကအစ အန္တရာယ်ကင်းအောင် ဂရုတစိုက် မောင်းတဲ့အတွက် ကားဒရိုင်ဘာကို ကျေးဇူးတင်စကားပြောပါ။ ဒီလိုပါပဲ ဘဝမှာ မိမိနဲ့ ဆက်ဆံနေရသူတိုင်းရဲ့ ကျေးဇူးတရားကို မြင်တတ်ရင် ကျေးဇူးတင်ကြောင်းပြောရင် အလွန်ချမ်းမြေ့ပျော်ရွှင် အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ပါလိမ့်မယ်။ ။
(ဆရာကျော်ကျော်လှိုင်၏ “နှလုံးသားကို ဖြူစင်အောင်ထားပါ” စာအုပ်မှ “သင်တွေ့ကြုံနေရတဲ့ ပြဿနာတွေကို စိုးရိမ်ပူပန်လေ ပြဿနာက ပိုကြီးလာလေပါပဲ” ဆောင်းပါးကို စာရေးသူ၏ခွင့်ပြုချက် ဖြင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာတည်း)
- Log in to post comments