ပြည်သူ့ဝန်ထမ်းဘဝ

Type

 

ချစ်နိုင် (စိတ်ပညာ)

“အပေါ်ယံတွင် ဝတ်ဆင်ထားသော ဝတ်စုံကိုစွဲ၍ စစ်သား၊ အရပ်သား ခွဲခြားကြပါသည်။ အခေါ်အဝေါ်ပညတ်မျှသာ ဖြစ်ပါသည်။ စိတ်စေတနာမှန်ဖြင့် ပြည်သူကို အလုပ်အကျွေးပြုမည်။ ပြည်သူက ကျွေးမွေးသော အစာအာဟာရကိုမှီဝဲ၍ ပြည်သူ့ကျေးဇူးသစ္စာကို စောင့်သိရိုသေမည်ဆိုလျှင် စစ်သည်ကောင်းလည်း ပီသသည်။ ဝန်ထမ်းကောင်းလည်းမည်သည်။ ပြည်သူ့အစေခံ (Public Servant) ဆိုသော ဂုဏ်ထူးကို စေတနာမှန်လျှင် မြတ်နိုးအပ်သည်။”                                                                                             ဒေါက်တာမောင်မောင် (၁၉၂၅ -၁၉၉၄)

 

လူသားတို့၏ အခြေခံအကျဆုံးနှင့် ရှေးဦးအစောဆုံးလုပ်ငန်းမှာ အသက်ရှင်ရပ်တည်ရေးအတွက်     အစားအစာရှာဖွေရခြင်းအလုပ် ဖြစ်လေသည်။ လူတွေ အသီးအနှံအသားငါးကို ရှာဖွေစားသောက်ကြ ရာမှ အသိဉာဏ်ဖွံ့ဖြိုးမှုနှင့်အတူ ယဉ်ကျေးမှုတိုးတက်လာသောအခါ အသီးအနှံ၊ ဆန်စပါး၊ ပဲ၊ ပြောင်းတို့ကို ထွန်ယက်စိုက်ပျိုး၍ ထုတ်လုပ် တတ်လာလေသည်။  စိုက်ပျိုးရေးသည်   လူ့သမိုင်းတွင် လူသားတို့ အသက်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ရှေးဦးအကျဆုံးကုန်ထုတ်လုပ်ငန်း ဖြစ်ပေတော့သည်။ နောက်တော့ ကျွဲ၊ နွား၊ မြင်း၊ ဆိတ်၊ ဝက်၊ ကြက် စသည်ဖြင့် လူသားတို့သည်  တိရစ္ဆာန်အမျိုးမျိုးတို့ကို  တောလိုက် ဖမ်းဆီးစားသောက်ရာမှ    အိမ်မှာမွေးမြူတတ်ကာ   လူနေမှုဘဝ ယဉ်ကျေးမှုမြင့်မားသည်နှင့်အမျှ မွေးမြူရေးကုန်ထုတ်လုပ်မှုသည်လည်း ပါဝင်လာလေသည်။ စက်မှု၊ လက်မှု တော်လှန်ရေးမပေါ်ပေါက်မီ အထိ   စိုက်ပျိုးရေးနှင့်    မွေးမြူရေးကုန်ထုတ်လုပ်ငန်းတို့သည် လူသားတို့၏  စားဝတ်နေရေးအတွက်   လုံလောက်ခဲ့သော်လည်း စက်မှုကုန်ထုတ်လုပ်မှုများ၊ စက်ရုံအလုပ်ရုံများ တဟုန်ထိုးတိုးတက် ခေတ်ပြောင်းလာသောအခါ အလုပ်သမားလူတန်းစားနှင့်အတူ၊ အဝတ်အထည်များ၊ စက်ရုံထွက်ကုန်များက ရောင်းဝယ်ဖောက်ကားမှု ကို ဖြစ်ထွန်းစေလေသည်။

 


ပန်းခင်းကို မြင်းစိုင်းရင်းကြည့်သကဲ့သို့ လူ့သမိုင်းဖြစ်စဉ်ကြီးကို အကျဉ်းချုံး၍   ကြည့်လိုက်လျှင်   စိုက်ပျိုးရေးခေတ် (တောင်သူ လယ်သမားအများစု)၊   စက်မှုထွန်းကားလာသောခေတ်   (အလုပ် သမားများ၊ မြို့ပြစက်ရုံများမှ စုဝေးနေထိုင်လာရသည့် အလုပ်သမားထုထည်နှင့်ဖြစ်ပေါ်လာခြင်း)တို့ကို မိမိတို့ ဖြတ်သန်းလာခဲ့ကြသည်။ နည်းပညာခေတ်သို့ ရောက်ရှိနေကြပြီ။

 


မျက်မှောက်ခေတ်ရှိ လုပ်ငန်းအရေအတွက် ထောင်ပေါင်းများစွာကို တူရာအုပ်စု    ဂုဏ်တူစုပြုရပါလျှင်   အခြေခံသဘော   ဤသုံးခုကို တွေ့ရပါမည်-


(၁)    ကုန်ထုတ်လုပ်မှုလုပ်ငန်းများ (လယ်ယာ၊ စက်ရုံ)
(၂)    ကုန်သွယ်မှုလုပ်ငန်းများ (ရောင်းဝယ်)
(၃)    ဝန်ဆောင်မှုလုပ်ငန်းများ (အမျိုးအစားများစွာ)


ဥပမာဝန်ဆောင်မှုလုပ်ငန်းများတွင် ပညာရေးဝန်ဆောင်မှုကဏ္ဍ (မူလတန်းပြမှ တက္ကသိုလ်ပါမောက္ခများအထိ သင်ကြားရေး၊ စီမံရေး၊ ပညာရေးယန္တရားဝန်ထမ်းအားလုံးအကျုံးဝင်)၊ ကျန်းမာရေးဝန်ဆောင် မှုကဏ္ဍ    (ကျေးလက်သားဖွားဆရာမမှ   အထူးကုသမားတော် ပါမောက္ခဆရာဝန်ကြီးများအထိ၊ ကုသရေး၊ ကာကွယ်ရေး၊ သင်ကြား ရေး၊ သုတေသန၊ စီမံ စသည်များ) နိုင်ငံအနှံ့၊ နေရာအနှံ့၊ နိုင်ငံတကာ ပြန့်နှံ့စွာ ကျယ်ဝန်းကြပါသည်။ နည်းပညာများ ကျယ်ပြန့်စွာ အသုံးချလာပြီ။

 


လုပ်ငန်းအသီးသီးတွင်  ပါဝင်ကြသူများတွင် နိုင်ငံတော်အစိုးရ ဝန်ထမ်းနှင့် ပုဂ္ဂလိကလုပ်ငန်းဝန်ထမ်းဟု  ခွဲခြားနိုင်ပါသေးသည်။ ရုံးလုပ်ငန်းအတူတူတွင် ကွပ်ကဲစီမံမှုမတူကြပါ။ နိုင်ငံပိုင်လေယာဉ်၊ နိုင်ငံပိုင်သင်္ဘောပို့ဆောင်စီမံသူနှင့်    ကုမ္ပဏီပိုင်၊   ပုဂ္ဂလိကပိုင် ပို့ဆောင်စီမံသူ၊ ဝန်ထမ်းအချင်းချင်းကမူ ကွဲပြားကြပေသေးသည်။ ရှေးကာလထက်ခေတ်နှင့်အညီ၊     လူမှုစီးပွားဘဝများနှင့်အညီ ကွာခြားမှုတွေ ရှိနေကြပေသည်။ ဤနေရာမှာတော့ ပြည်သူ့အတွက် ဝန်ဆောင်မှုပေးနေကြသည့်      နိုင်ငံ့ဝန်ထမ်းများအတွက်သာ ရည်ရွယ်လျက်   ဤဆောင်းပါးကို  တင်ပြအပ်ပါသည်။ ဝန်ဆောင်မှု အပိုင်းသည် ကုန်ထုတ်လုပ်ခြင်းနယ်ပယ်တွင်လည်း ပါဝင်ကြသည်။ ကုန်သွယ်ခြင်းနယ်ပယ်တွင်လည်း   ပါဝင်နေကြသည်။   စာဖတ်သူ သိနေမြင်နေပြီးသား အချင်းအရာများဖြစ်သဖြင့် အကျယ်မဖော်ပြတော့ ပါပြီ။     အဆင့်မြင့်နည်းပညာခေတ်ရောက်ကြပြီဖြစ်သော်လည်း လူသားစွမ်းရည်သည် အဓိကနေရာမှာရှိမြဲ။ ပြည်သူ့ဝန်ထမ်းများသည် ပညာရေး၊ ကျန်းမာရေး၊ စီမံခန့်ခွဲရေး၊ လုံခြုံရေး၊  ကာကွယ်ရေး၊ နိုင်ငံတကာဆက်ဆံရေး၊ အုပ်ချုပ်ရေး၊ ပြန်ကြားရေး စသည်စသည် နိုင်ငံ့တာဝန် ထမ်းဆောင်နေကြလျက်ရှိရာ ဝန်ဆောင်မှုအပိုင်းမှာ ပါဝင်မှုများပါသည်။ ကုန်ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းများမှာလည်း ဆက်နွှယ်နေကြသည်မှန်ပါ၏။ အဓိကမှာ လူနှင့်သက်ဆိုင်၏။
နေရာဒေသ၊ ဘာသာရပ် နယ်ပယ်၊ လုပ်ငန်းဆောင်တာသဘာဝ မတူကြဘဲ ကွဲပြားကြပါသော်လည်း နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ     နိုင်ငံသားများအခွင့်အရေးနှင့်အတူ နိုင်ငံ့ဝန်ထမ်းအခွင့်အရေးများကိုလည်း ဥပဒေနှင့်အညီ ခံစားခွင့်ရှိနေ ကြပါသည်။ အခြေခံဥပဒေဖျက်သိမ်းရေး၊ စည်းကမ်းစည်းမျဉ်းဥပဒေချိုးဖောက်ရေးလှုပ်ရှားမှုပြုရေးဟူ၍ လှုံ့ဆော်အားပေးနေကြသော အဝေးထိန်းခလုတ်နှိပ်နေကြသည့်     ဦးခေါင်းကိုင်ပုဂ္ဂိုလ်များသည်  အမှန်စင်စစ်  ပကတိမြေပြင်အခြေအနေနှင့်   ကွာဝေးလှပါသည်။ နည်းပညာနှင့်အဆင့်မြင့်ပညာမှာ သာလွန်နေသော်လည်း စေတနာ အရာမှာ ဆီနှင့်ရေ။ သေသေချာချာတွေးပါ။ 
နိုင်ငံတည်ဆောက်ရေးသာမက၊ ဘယ်အရာဖြစ်ဖြစ်၊ ဖျက်ဖို့ သက်သက်သာရည်ရွယ်သဖြင့် တကယ်တော့လည်း ဘာမှမခက်ပါ။ မီးခြစ်တစ်ခုရှိလျှင် အိမ်တစ်လုံးကိုလည်းကောင်း၊ ကျောင်းတစ်ဆောင် ကိုသော်လည်းကောင်း ပြာဖြစ်အောင် ပြောင်းလဲနိုင်ပါသည်။ နာရီပိုင်း အတွင်း အချိန်မဆိုင်း ပြီးအောင်စွမ်းဆောင်နိုင်သည်ပင်။ 


တံတားတစ်စင်းချိုးဖို့လည်း ဒိုင်းနမိုက်မိုင်းဗုံးကြီးကြီးတစ်လုံး ဖောက်ခွဲလိုက်လျှင် ပြိုကျပျက်စီးသွားမည်။ မိနစ်ပိုင်းမှာပဲ ပြီးပါ၏။ လွယ်ကူပါ၏။
ကျောင်းတစ်ဆောင်    ဆောက်ပြစမ်းပါ။   တံတားတစ်စင်း တည်ဆောက်ပေးစမ်းပါဆိုလျှင်ကား ရက်ပိုင်း လပိုင်းနှင့် ပြီးမြောက်ဖို့ မှာ မလွယ်ပါ။
အပြုက ခက်သလောက် အဖျက်က လွယ်လှ၏။
ကာကွယ်ကြရန် ခက်သလောက်   ထိုးဖောက်ရန် မခက်ခဲလှပါ။ လွယ်ရာကိုလိုက်ဖို့ရာ အားသန်လျှင်မှားမည်။ 

 


သူတို့၏ အကျိုးစီးပွားအတွက် မြန်မာပြည်သူများနှင့် မြန်မာ့ မြေပေါ်မှာ အချင်းချင်းမုန်းတီးသွေးကွဲပြီး တိုက်ခိုက်ဖြိုခွဲမီးလောင် တိုက်ထဲသွင်းချင်နေသူတို့၏စနက်ကို နိုင်ငံတကာ နိုင်ငံရေးမိုးလေဝသ ကို လုံးဝမသိမြင်ကြသူ လူငယ်အချို့က နားယောင်ခဲ့ကြလေသည်။ ခက်ခဲသော တည်ဆောက်ရေး၊ ပြုစုပျိုးထောင်ရေးတွေ စိတ်မဝင်စား။ လွယ်ကူသော ဖျက်ဆီးရေးတွေမှာလည်း ပါဝင်ရလျှင် သူရဲကောင်းတော်လှန်ရေးသမားဖြစ်မည် ထင်မိတတ်သည်။ လွဲလေစွ။ အဆင့်မြင့် နည်းပညာလက်ကိုင်ဖုန်းပေါ်မှာ  လိုရာဆွဲကာ မျက်လှည့်ပြသိမ်းသွင်း လိုက်ရာ အသိမဲ့စွာ မှိုင်းမိလိုက်ပါခဲ့မိကြရှာလေသည်။
မိမိ၏ ဆွေမျိုးသားချင်းတွေပါပဲ။ ရဲရဲနီစွာ အလုပ်ခွင်မှ စွန့်ခွာ ထွက်သွားရက်လေသည်။ သူတို့မသိနားမလည်ခြင်းအား သူတို့ကို အပြစ်မတင်ရက်။ မိမိတို့က  နားလည် နားဝင်အောင် စောစောစီးစီး အသိပညာမပေးနိုင်ခဲ့ဘဲ လူတွေကိုနွားဖားကြိုးထိုးသလို လိုရာဆွဲနိုင် သော နည်းပညာမြင့် အနောက်နိုင်ငံမဟာဗျူဟာ နိုင်ငံရေးသမားတွေ  လက်ဦးစွာ ကြိုးဆွဲခြင်းခံခဲ့ရသည့် နည်းပညာအရ နိမ့်ကျညံ့ဖျင်း နေသေးသော မိမိ၏  ဆွေမျိုးသားချင်းများနှင့်  မိမိကိုယ်ကိုသာ အပြစ်တင်မိပါတော့၏။ ရှိစေ။ ပြီးခဲ့တာတွေ ပြီးပါစေပေါ့။

 


တကယ်တော့ ဝန်ထမ်းတစ်ယောက်ဖြစ်ဖို့မှာ မလွယ်ကူလှပေ။ သတ်မှတ်ချက်တွေရှိသည်။ ကန့်သတ်ချက်တွေရှိသည်။ အကြောင်း ပေါင်းများစွာ  ညီညွတ်ခဲ့သဖြင့်သာ   ဝန်ထမ်းအလုပ်တစ်နေရာ ရလာခဲ့ခြင်း မဟုတ်လား။

 


ဝန်ထမ်းတိုင်းသည်    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံ့ဝန်ထမ်းဥပဒေအရ   အောက်ပါ   အခြေခံအခွင့်အရေးများကို ခံစားခွင့်ရှိလေသည် -


နိုင်ငံ့ဝန်ထမ်းအခွင့်အရေး


၁။    အလုပ်တည်မြဲခွင့်၊
၂။    လုပ်ငန်းခွင်အာမခံချက်ရခွင့်၊
၃။    လုပ်အား၊     အတတ်ပညာ၊   တာဝန်ထမ်းဆောင်မှုနှင့် လျော်ညီသည့် လစာ၊ ထောက်ပံ့ကြေး၊             ခရီးစရိတ်နှင့် အခြားခံစားခွင့်။
၄။    ရာထူးတိုးမြှင့်ခွင့်၊
    အငယ်တန်းစာရေးမှ      စတင်ဝင်ရောက်ခဲ့ကြသူများထဲမှ ညွှန်ကြားရေးမှူး၊  ညွှန်ကြားရေးမှူးချုပ်၊  ဒုတိယဝန်ကြီး၊ အမှုဆောင်အရာရှိချုပ်     စသည့်ရာထူးနေရာအဆင့်ထိ ရောက်ရှိခဲ့ကြသူများ       လက်တွေ့အထောက်အထား၊ သက်သေသာဓက   သက်ရှိထင်ရှားပြနိုင်ပါ၏။  မယုံလျှင် လောင်းကြေးထပ်ကြည့်စေလိုပါ၏။
၅။    ပညာလေ့လာဆည်းပူးခွင့်၊
    အလုပ်ခွင်အတွင်းမှပင်  နိုင်ငံခြားသို့   ပညာတော်သင် ရွေးချယ်စေလွှတ်ခံရသဖြင့် Ph.D ဒေါက်တာ၊ ပါရဂူဘွဲ့ရခဲ့သူ များ ရေတွက်၍မကုန်နိုင်ပေ။
၆။    ခွင့်ခံစားခွင့်၊
၇။    ထူးချွန်မှု၊   စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်မှုတို့အတွက် ချီးမြှင့်ခြင်းကို ခံစားခွင့်၊
၈။    ဆေးစစ်ခံယူမှုနှင့် ဆေးကုသမှုခံယူခွင့်၊
    ကိုဗစ်(၁၉)ကပ်ရောဂါကြိုတင်ကာကွယ်ဆေးကို ထိုးရာတွင် နိုင်ငံ့ဝန်ထမ်းများ မကျန်စေရပေ။
၉။    အငြိမ်းစားယူခွင့်၊
၁၀။    တာဝန်ထမ်းဆောင်ခြင်းကို အကြောင်းပြု၍ ထိခိုက် ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့်  သေဆုံးခြင်းတို့အတွက် အထူးပင်စင်ခံစားခွင့်၊
၁၁။    အမျိုးသမီးဝန်ထမ်းဖြစ်ပါက   တူညီသောအလုပ်အတွက် အမျိုးသားဝန်ထမ်းများနည်းတူ   အကျိုးခံစားခွင့်အပြင် မီးဖွားခြင်းဆိုင်ရာအကျိုးခံစားခွင့်     ကိုယ်ဝန်ရှိစဉ်ခွင့် ရသည်။ မွေးဖွားပြီးနောက် ခွင့်ရသည်။ ခွင့်တင်စရာမလို၊ မွေးစာရင်း ပြသခြင်းဖြင့် အလုပ်မှ နားခွင့်ရပါ၏။
၁၂။    ပါတီနိုင်ငံရေးနှင့်ကင်းရှင်းသော       အသင်းအဖွဲ့များတွင် ပါဝင်ခွင့်၊
၁၃။    ဝန်ထမ်းရေးရာခံစားခွင့်၊ ဆုံးရှုံးနစ်နာမှုများနှင့်စပ်လျဉ်း၍ တင်ပြခွင့်၊ ရှင်းလင်းထုချေခွင့်နှင့် အယူခံခွင့်၊
၁၄။    ရာထူးအနွယ်ပိုင်ဆိုင်ခွင့်၊
၁၅။    ကူးပြောင်းချိန်ခံစားခွင့်၊
၁၆။    ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့်      လွှဲဆပြောင်းတာဝန် ထမ်းဆောင်ခွင့်၊
၁၇။    လုပ်သက်ဆုငွေနှင့် အငြိမ်းစားလစာခံစားခွင့်၊
၁၈။    ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ် သော အခြားခံစားခွင့်၊
၁၉။    တူညီသောအလုပ်အတွက် တူညီသည့်လစာ၊   ထောက်ပံ့ ကြေး၊ ခရီးစရိတ်နှင့် အခြားစရိတ်များကို   သက်ဆိုင်ရာ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ခံစားခွင့်၊
၂၀။    သီးခြားတာဝန်ပေးချက်အရ  ဆောင်ရွက်ရသည့် လုပ်ငန်း တစ်ရပ်ရပ်အတွက် ချီးမြှင့်ငွေ သို့မဟုတ် အခကြေးငွေကို သက်ဆိုင်ရာ  စည်းမျဉ်း၊   စည်းကမ်းများနှင့်အညီ  ခံစား ခွင့်။
ဤနေရာတွင် ဥပဒေပါအချက်များ အသေးစိတ်မဖော်ပြတော့ပါ။ စာဖတ်သူများ အပွေးမြင် အပင်သိကြပြီးဖြစ်၏။ အသွေးမြင် အသွင် သိကြပြီ။   တစ်ထွာပြလျှင်  တစ်လံမြင်နိုင်သည်။   တကယ့်ပကတိ အခြေအနေ။

 


နိုင်ငံ့ဝန်ထမ်းဟူသည် ပြည်သူတစ်ရပ်လုံးကို အလုပ်အကျွေးပြု ကြရသူများသာ ဖြစ်ပါသည်။ လူဦးရေအားလုံး၏ ၅ ရာခိုင်နှုန်းမျှသာ ရှိပါလိမ့်မည်။ ၉၅ ရာခိုင်နှုန်းသော တောင်သူလယ်သမား၊ အလုပ် သမား၊ ကုန်သည်ပွဲစား၊ လက်လုပ်လက်စား၊ ဈေးသည်အစရှိသော ဆင်းရဲချမ်းသာမခွဲ၊    တောင်ပေါ်မြေပြန့်မခွဲ၊       နေရာဒေသမခွဲ၊ လူမျိုးဘာသာမခွဲ ဝန်ဆောင်မှုပေးနေကြရသူများ ဖြစ်ကြပါသည်။ တာဝန်ကို အလေးထားကြရသည်။
စစ်သားမှာ စနေ၊ တနင်္ဂနွေ မပိတ်ချေ။
ရဲတပ်ဖွဲ့ဝင်မှာ စနေ၊ တနင်္ဂနွေ နားရက်မဟုတ်ပေ။
ပြန်ကြားရေးဝန်ထမ်းများသည် နေ့စဉ် ရေဒီယိုရုပ်မြင်သံကြားမှာ နာရီမိနစ်မဆိုထားနှင့် စက္ကန့် မလွဲရအောင်    အချိန်တိတိကျကျ တာဝန်ထမ်းဆောင်ကြရ၏။ သတင်းစာသမားသည်  နားရက်မရှိ။ ညဉ့်နက်သည်အထိ၊ အရုဏ်တက်မှာ သတင်းစာဝေချိန်အထိ၊ အလုပ် မပြီးမချင်း မအိပ်နိုင်ပါချေ။ တာဝန်သည်တာဝန်။ ဘဝမှာ   တာဝန် ကျေဖို့ အရေးအကြီးဆုံးပင်။

 


တာဝန်များ

အောက်ပါတို့ကို နိုင်ငံ့ဝန်ထမ်းဥပဒေအရ မိမိတို့က လိုက်နာရန် တာဝန်ရှိကြသည်-


၁။    နိုင်ငံတော်၏ ကျေးဇူးသစ္စာကို         စောင့်သိရိုသေခြင်း၊
    Civil Disobedience Movement (CDM) လုပ်သူများသည် ပြည်သူ့အကျိုးအတွက် ဝန်ဆောင်ခြင်းမှ ပျက်ကွက်ခဲ့ကြ သဖြင့် သစ္စာမဲ့သူများ  ဖြစ်ကြကြောင်း  အပြစ်သိမြင်နေ လောက်ပြီ။ ပြည်သူများဘဝ  ထိခိုက်နစ်နာလှပါသည်။ ကြာလေလေ သိသာထင်ရှားလေလေပင်။
၂။    ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တည်ဆဲဥပဒေများပါ ပြဋ္ဌာန်း ချက်များကို လိုက်နာခြင်း (မလိုက်နာခဲ့သော ထိုပုဂ္ဂိုလ် များသည်   ပြည်သူ့ကောင်းကျိုးချမ်းသာကို    တာဝန်မဲ့ လျစ်လျူပြုရာရောက်ကြောင်း ပို၍ပို၍ ပေါ်လွင်လာပေပြီ။)
၃။    နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို   အလေး ထား၍ ဆောင်ရွက်ခြင်း (ဤအချက်ကို ဆန့်ကျင်မှုကလည်း မိုက်မဲရက်စက်လှပါ၏)
၄။    မိမိအားပေးအပ်ထားသော    တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ခြင်း။
၅။    ပါတီနိုင်ငံရေးကင်းရှင်းခြင်း (မိမိကို လစာပေးထားသော ပြည်သူနှင့်နိုင်ငံတော်ကို ဆန့်ကျင်ကာ ပါတီအကျိုးအတွက် အလုပ်ခွင်မှ စွန့်ခွာထွက်ခဲ့ကြသူများ တရားမျှတပါ၏လား။ မှန်ကန်ပါသလား)
၆။    ပြည်သူကို    ရိုသေလေးစားစွာ   ဝန်ဆောင်မှုပေးခြင်း။

 


    လိုက်နာရန်တာဝန်ပျက်ကွက်ခဲ့ကြသူများသည်   ပြည်သူကို ရိုသေလေးစားစွာ ဝန်ဆောင်မှုပေးရန် တာဝန်ရှိခြင်းကို  လျစ်လျူ ရှုမှုဖြစ်သည်။ ဆရာဝန်ဖြစ်စေ၊ ဆရာမဖြစ်စေ၊ ကျောင်းဆရာဖြစ်စေ၊ လူ့ကျင့်ဝတ်၊ လူ့ဝတ္တရားနှင့် မေတ္တာတရား   ခေါင်းပါးလွန်းသဖြင့် လားရာမကောင်းနိုင်ကြောင်း သိမြင်ကာ  သနားမိပါသည်။   များစွာ ရင်နာကြေကွဲရပါ သည်။   ကျွန်တော်ကကော    ဘာများတတ်နိုင်ပါဦး မည်နည်း။
CDM လုပ်သည်ဆိုပြီး အလုပ်ထွက်သွားခဲ့ကြသော   ဝန်ထမ်း အချို့သည် သုံးလလောက်ကြာသောအခါ  အနေကျပ်၊ အစားကျပ်၊ လူမလေး ခွေးမခန့်၊ လူရာမဝင်တော့သောဘဝသို့   ကျရောက်လာ သောအခါ   အလုပ်ခွင်ထဲသို့   တောင်းပန်တိုးလျှိုးကာ  ပြန်ဝင်လာ ကြ၏။
အလုပ်ဖြစ်ရုံလောက်သာ မှေးလုပ်၏။
အထက်ကိုလည်း ကလန်ကဆန်။
အောက်ကိုလည်း ဟောက်လိုက်၊ မာန်လိုက်။
စိတ်ညစ်အောင် ဖိနှိပ်လိုက်။ ပညာပြလိုက်။ 

 


တာဝန်အပေါ်မလေးနက်လျှင် မည်သူမဆို    ဝန်ထမ်းကောင်း မဖြစ်နိုင်ပါ။ အလုပ်ကို မချစ်လျှင် ထိုသူသည် စွမ်းရည်ကျဆင်းသည်။
သူ၏အလုပ်စွမ်းရည် သိသာစွာကျခဲ့ရှာပြီ။ သူသည်   လက်ရှိထက် ပို၍မြင့်သောအဆင့်နှင့်   မသင့်တော်သောဝန်ထမ်း  ဖြစ်နေလေပြီ။ ရှိစေ။
ဝန်ထမ်းကောင်းဖြစ်ရန်    လုပ်ငန်းကျွမ်းကျင်တတ်မြောက်မှု လည်း လိုအပ်သည်။ အလုပ်အပေါ် မြတ်နိုးလေးစားမှု စိတ်ကောင်း စေတနာလည်းထားရန် လိုအပ်သည်။ “အကယ်၍သာ  သင်သည် လုပ်သင့်တာထက် ပိုလုပ်မည်ဆိုလျှင် ရသင့်တာထက် ပိုရမည်ဆိုသော အချက်ကို ကျွန်တော်က ရဲရဲကြီးအာမခံပါသည်” ဟု ဇစ်၊ ဇစ်ဂလာ (Zig Ziglar) ဆိုသော ကမ္ဘာကျော် တက်ကျမ်းပြုစုသူဆရာတစ်ဦးက တိကျပြတ်သားစွာ ရေးထားဖူးပါသည်။       ပြည်သူ့ဝန်ထမ်းဘဝ တတ်ကျွမ်းမှုကော စေတနာထက်သန်မှုပါ ပြည့်ဝကာ အောင်မြင် တိုးတက်ကြပါစေ။        ။