
ပီမိုးနင်း
=====
လူမွဲစိတ်ရှိလျှင် မွဲ၏။ သူဌေးစိတ်ရှိမှ သူဌေးဖြစ်မည်။ ငါလုပ်လျှင် ဖြစ်ရမည်။ ငါကြံလျှင် အောင်ရမည်။ ငါဆောင်လျှင် မြောက်ရမည်ဟူသောစိတ်ကို အမြဲ ထားရမည်။ ထိုစိတ်သည် သံလိုက်စိတ်ဖြစ်၏။ မိမိ ၏အစွမ်းကို စိတ်ချလက်ချ မပေါ့မဆဘဲ ယုံကြည် သောသူသည် ဆောင်လျှင် မြောက်မြဲဖြစ်လေသည်။ အပြော၌လည်းကောင်း၊ ဟန်အမူအရာ၌ လည်းကောင်း ဖြစ်မြောက်အောင်မြင်၍နေသော လက္ခဏာကို ပေါ်စေရမည်။ ကိုယ်စိတ်အမူအရာမှာ ဖြစ်မြောက်အောင်မြင်သည့်အမူအရာရှိက တကယ့် ဖြစ်မြောက်အောင်မြင်သူ၏အဖြစ်ကို ရတော့မည် ဟု ပုံသေမှတ်ရမည်။
ထိုအမူအရာကို နေရာတိုင်း၌ ထင်ပေါ်စေရ မည်။ အောက်ကျနောက်ကျအမူအရာ၊ အနေအထိုင်၊ အပြောအဆိုမျိုးကို အမြဲရှောင်ရမည်။ မိမိ၏အနေ အထိုင်၊ အပြောအဆို၊ အမူအရာ၊ အသွားအလာ၊ အပေါင်းအသင်းဟူသမျှနှင့်ပတ်သက်၍ မိမိကိုယ်ကို စစ်ဆေးကာ အပြစ်ကိုရှာရမည်။ တွေ့လျှင်မှတ်သား ၍ ထိုအပြစ်အနာချို့ယွင်းမှုများကို ပြုပြင်ရမည်။
အပြောအဆို စင်ကြယ်သလို စိတ်လည်း စင်ကြယ်ရမည်။ သေးနုပ်သိမ်ဖျင်း ညစ်ညမ်းခြင်း တို့ကို မတွေးမကြံအပ်ပေ။ အတွေးအကြံမကောင်း က အပြော၌လည်းကောင်း၊ အကျင့်၌လည်းကောင်း တစ်နေ့သ၌ ပေါ်ပေါက်ရမည်ကား မလွဲပေ။
အချို့သောသူများသည် ပြောင်လှောင်တတ် ၏။ အချို့ကား မသေမချာ တစ်ဝက်တစ်ပျက် ဖြစ်သော ထင်မြင်ချက်များကို ပေးတတ်ကြ။ အချို့ကား မရဲသဖြင့် မိမိတို့ကိုယ်ကို သေးသိမ် ညံ့ဖျင်းဟန်ကိုဆောင်ကာ “ကျုပ်တို့တော့ သည်လောက်ကြီးကြီးကျယ်ကျယ် မကြံပါဘူးဗျာ။ သည်လောက် စွမ်းတယ်လို့ မဆိုဝံ့ပါဘူးဗျာ”ဟူသော စကားမျိုးကို ဆိုတတ်ကြ၏။ ထိုအကျင့်မျိုးကို လုံးလုံးကြီးရှောင်ကြဉ်ရမည်။ မတုမပကောင်းသော အကျင့်များဟု မှတ်ရမည်။
စိတ်ကိုမြှင့်နည်း
အကျိုးမရှိသောစကားကို မပြောနှင့်။ တစ်စုံ တစ်ယောက်ပြောလျှင်လည်း အလိမ္မာဉာဏ်ကို သုံးကာ အကျိုးရှိသောအကြောင်းအရာဘက်သို့ စကားရောက်အောင် ဆွဲဆောင်ရမည်။ အကျိုးများ မည့်အကြောင်းအရာများကိုသာ တွေးကြံရမည်။ အပျက်ကိုမတွေးနှင့်၊ အဖြစ်ကိုတွေး။ အဆိုးကို မတွေးနှင့်၊ အကောင်းကိုတွေး။ စိတ်ပျက်စရာကို မတွေးနှင့်၊ အားတက်စရာကိုတွေး။ စိတ်ညစ်စရာကို မတွေးနှင့်၊ စိတ်ပျော်စရာကိုတွေး။ သူတစ်ပါး မကောင်းကြောင်းကို မတွေးနှင့်၊ သူတစ်ပါး ကောင်းကြောင်းကို တွေးရမည်။ အကောင်းကို တွေးသူ၏စိတ်သည် လက်ယာစိတ်ဖြစ်၏။ အဆိုး ကိုတွေးသူ၏စိတ်သည် လက်ဝဲစိတ်ဖြစ်၏။ လက်ယာစိတ်သည် လက်ဝဲစိတ်ထက် တန်ခိုးပိုမို၍ ကြီးလေသည်။ နှုတ်မှ မကောင်းစကားကို မိမိနှင့် ပတ်သက်၍လည်းကောင်း၊ သူတစ်ပါးနှင့်ပတ်သက် ၍လည်းကောင်း၊ လောကကြီးနှင့် ပတ်သက်၍ လည်းကောင်း မထွက်စေရ။
လောကကြီးမကောင်းကြောင်းကို အများဆုံး ပြောသူတို့သည် ကိုယ်တိုင်မကောင်းသူများ ဖြစ်နိုင် လေသည်။ သူတော်ယောင်ဟန်ဆောင်သူများလည်း ဖြစ်တတ်ကြ၏။ သို့အတွက် ထိုတရားမျိုးကို ဟောသော နာမည်ကျော်ပုဂ္ဂိုလ်များ ပျက်စီးသည် ကို အခါခါတွေ့ရလေသည်။
စိတ်နေသဘောထားပုံ ရင့်သန်ကြီးမြတ်ခြင်းကို ဖြစ်စေသည့် စာအုပ်ကောင်းများကို အမြဲဖတ်ရမည်။ ကိုယ်၌ အမြဲဆောင်ထားရမည်။ လောကီလောကုတ် နှစ်ဖြာရေးရာ စုံလင်သောကျမ်းများကို ဖတ်ရမည်။ အင်္ဂလိပ်စာကို နားလည်လျှင်ကား ဖတ်စရာစာအုပ် မရှား၊ လွန်စွာပေါများလေသည်။
ပညာရှိသူတော်ကောင်းတို့၏ စာကောင်း စာမြတ်များကို ဖတ်ရာ၌ မိမိနားကြားအောင် အသံ ကျယ်စွာဖတ်ပြီး အနက်အဓိပ္ပာယ်ကိုရအောင် စူးစိုက် သောစိတ်ကို ထားရမည်။ စူးစိုက်သောစိတ်သည် ရေပြွန်နှင့်တူ၏။ အဖိုးတန်တို့ကို စုပ်၍ယူ၏။ ထူးမြတ်သော အလေ့အကျင့်တို့သည် အစ၌သာ ခက်သည်ထင်ရ၏။ အကျင့်ရသောအခါ လွယ်ကူ၏။ ရှေးပညာရှိ သူတော်ကောင်းတို့၏စကားကို အမြဲ ဖတ်ရှုမှတ်သား၊ နှုတ်ဖျားမှ ရွတ်ဆိုလေ့ရှိသော သူ၏စိတ်သည် မြင့်မြတ်ခြင်းအဖြစ်သို့ ကူးစက်ခြင်း ဖြင့် အလိုလိုရောက်ရလေ၏။
သတင်းစာဖတ်ရာ၌လည်း ရွေးချယ်ရမည်။ တစ်နေ့လျှင် ဘယ်နှမိနစ်သာ သတင်းစာကို ဖတ်မည်ဟု သတ်မှတ်ကန့်သတ်ရမည်။ လူသတ်မှု၊ မုဒိမ်းမှု၊ မယားခိုးမှု စသည့်အကျိုးမများသောသတင်း များကို ရှောင်ကြဉ်ရမည်။ သတင်းစာခေါင်းစဉ်ကို ကြည့်လျှင် အကျိုးများမည့်သတင်း၊ အကျိုးမများမည့် သတင်းဟူ၍ သိနိုင်လေသည်။ သတင်းစာကို အလွန်ဖတ်ခြင်းဖြင့် အချိန်ကို မဖြုန်းအပ်ပေ။
အထူးအဆန်းကြားရတိုင်း သွား၍မကြည့်နှင့်။ စိတ်ကူး၍ကြည့်နိုင်သောအဆန်းတွေ များစွာရှိကြ လေသည်။ ဥပမာ အိုလံပစ်ကိုသွားသော တရုတ် ဘောသမားများကို သင်္ဘောဆိပ်ကို တိုးဝှေ့၍ ကြည့်ကြ၏။ ငါသွားကြည့်လျှင် ခေတ်ဆန်ဆန် ပေါက်ဖော်များကို တွေ့မှာပဲဟု စိတ်မှာတွေးပြီး အေးအေးနေကာ အကျိုးရှိသောအလုပ်တစ်ခုခုကို လုပ်၍နေရမည်။
အကျိုးစီးပွားဖြစ်စေမည့် မဂ္ဂဇင်း၊ သတင်းစာ များကိုသာ ဖတ်ပါမည်ဟု စိတ်၌ အတည်သတ်မှတ်၍ ထားရမည်။
အပေါင်းအသင်းသည် လွန်စွာအရေးကြီး၏။ “အသေဝနာစ ဗာလာနံ” ဟူသော စကားရှိသော်လည်း လူမိုက်ဟူ၍ မခေါ်ဆိုနိုင်ဘဲ အကျိုးယုတ်စေသော လူမျိုးတွေ များစွာရှိကြလေရာ ရွေးချယ်ရမည်။ လူမိုက်ကိုမပေါင်းရဟူသောစကားထက် လူကောင်း ကို ရွေးချယ်ရမည်။ လူကဲကိုခတ်ရမည်ဟူသော စကားကို ပိုမို၍ဂရုစိုက်ရမည်။ လူကောင်းလူဆိုးကို လွယ်ကူစွာ မသိနိုင်ပေ။
ကြီးပွားအောင်မြင်သူတို့ ဝတ်ပုံ၊ စားပုံ၊ နေထိုင် ကျင့်ကြံ၊ ပြောဆိုသွားလာပုံများကို ကြည့်ရှုမှတ်သား ရမည်။ ၎င်းတို့ကို အားကျတုပရမည်။
မိမိ၏ ချို့ယွင်းပျက်စီးခြင်း၊ လစ်ဟင်းမှားယွင်း ခြင်းများအကြောင်းကို မပြောနှင့်၊ အတိတ်ကို ပြန်၍ မတွေးနှင့်၊ မပြောနှင့်၊ အတွေ့အကြုံများမှ အသိပညာ အလိမ္မာကို ရအောင်သတိပြုရမည်။
အကျိုးရှိသောအလုပ်များကို ဖြစ်မြောက်အောင် လုပ်ရန် အခြားသူများထက် ထူးဖို့ကိုသာ အမြဲ တွေးကြံရမည်။ မကောင်းသောအကြံဟူသမျှကို စိတ်နှလုံး၏တံခါးဝကို မဝင်ရအောင် အမြဲစောင့်ကြပ် ရမည်။ မကောင်းမှုကို များစွာတွေးလျှင် မကောင်းမှု ကို ပြုမိတတ်လေသည်။
စိတ်၏အလုပ်ကို နှစ်မျိုးခြားနားသိရာ၏။ တစ်မျိုးကား အဖြစ်၊ တစ်မျိုးကား အပျက်ဖြစ်၏။ အဖြစ်နှင့်ဆိုင်သော အလုပ်များကား တန်ခိုးသတ္တိ တိုးစေသည့် အတွေးအကြံများ၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ရဲရင့်ခြင်း၊ စိတ်အားထက်သန်ခြင်း၊ ပြဋ္ဌာန်းဆုံးဖြတ်ခြင်း၊ ဖြောင့်မှန်ခြင်း၊ ဝီရိယရှိခြင်း စသည့်သတ္တိကောင်းတို့ကို တိုးတက်စေသောအတွေး အကြံများဖြစ်၏။ အပျက်နှင့်ဆိုင်သော စိတ်အလုပ် မျိုးကား စိတ်အားငယ်ခြင်း၊ ဆုတ်ယုတ်ခြင်း၊ ကြောင့်ကြခြင်း၊ ပူပန်ကြောက်ရွံ့ခြင်း၊ သို့လော သို့လော တွေးတောသံသယဖြစ်ခြင်း၊ စိတ်မချခြင်း၊ သတ္တိအစွမ်းကို ယုတ်နိမ့်အောင် သိုသိပ်ခြင်း စသည် များ ဖြစ်ကြလေသည်။ ထိုနှစ်မျိုးအနက် မိမိ၏စိတ်ကို ပထမအမျိုးဖြင့် အမြဲဖြည့်စွက်၍ နေစေရာ၏။ ထိုအခါ ဒုတိယစိတ်အမျိုးများသည် အလိုလို ကွယ်ပျောက်ရာ၏။
စိတ်ကူးကြံစည်သမျှသည် အပျက်နှင့် မဆိုင် စေရ။ အဖြစ်နှင့်သာ ဆိုင်စေရမည်။ စိတ်အားသတ္တိ၊ စွမ်းရည်သတ္တိ တိုးတက်ခြင်းကိုဖြစ်စေသည့် အတွေးအကြံများ၊ မိမိကိုယ်ကို ယုံကြည်ကိုးစား သည့်အတွေးအကြံများကိုသာ တွေးကြံရမည်။
စိတ်ကို စီစဉ်ခြင်း
အစွမ်းသတ္တိကို မွေးမြူဖွဲ့စည်းခြင်းအလုပ် သည် လွန်စွာအရေးကြီး၏။ ထိုအလုပ်အတွက် ရှေးဦးပထမ စိတ်ကို စီစဉ်ရလေသည်။ စိတ်ကို စီစဉ်ခြင်းဆိုသည်မှာ စိတ်ကူးကြံစည်ခြင်း၌ အစီ အစဉ်ရှိခြင်းပင်ဖြစ်လေသည်။ ဤကား အထင် အမြင် ကြည်လင်ရှင်းလင်းခြင်းပေတည်း။ စိတ်ရှင်း မှ အလုပ်ရှင်း၏။ သို့မှသာ အလုပ်တွင်ကျယ်နိုင်လေ သည်။ စိတ်မရှင်းသဖြင့် စိတ်ဝေခြင်း၊ စိတ်ပြန့်ခြင်း၊ စိတ်များခြင်း ဖြစ်၍နေသူမှာ အလုပ်မရှင်း၊ အလုပ် တွင်ကျယ်ခြင်းလည်း ရှိမည်မဟုတ်ပေ။
တွေးရာကြံရာ၌ စနစ်ရှိရာ၏။ စဉ်းစားရာ၌ ပြတ်သားရာ၏။ အရေးကြီးသော လိုရင်းအချက် တို့ကိုသိရလေသည်။ တွေးကြံပုံမှာ လောဂျစ်နည်း မျိုးရှိရမည်။ ထိုနည်းမျိုးကို ရရှိအောင် လောဂျစ် ပညာကို သင်ရမည်မဆို။ အတွေးအကြံနှင့် ပြည့်စုံ သော စာကောင်း၊ ပေကောင်း၊ သတင်းစာကောင်း တို့ကို ဖတ်ရမည်။ အဟောအပြော၊ အယူအဆ၊ အတွေးအခေါ်ကောင်းသူတို့၏ စကားကို ကြားနာ ရမည်။ ထင်မြင်ချက်နှင့် အသိပညာကို ခွဲခြား၍သိရ မည်။ အထင်အမြင်ကို အသိအတတ်ဟုမဆိုနိုင်။ မိမိ၏အလုပ်နှင့်ပတ်သက်၍ နားမလည်သော အချက်များရှိက နားလည်အောင်ကြိုးစားရမည်။
အားလပ်သည့်အခါ အရေးရောက်၍ အကျိုးရှိသော အကြောင်းအရာတစ်ခုခုကို စဉ်းစား ဆင်ခြင်ရမည်။ အရေးရောက်သော သတင်းစာ ခေါင်းကြီးတစ်ခုခုကိုဖတ်ပြီး စဉ်းစားရမည်။ စာဖတ်ခြင်းသည် သစ်ပင်စိုက်ခြင်းနှင့်တူ၏။ စဉ်းစားခြင်းကား ရေလောင်းခြင်းနှင့် တူလေသည်။ စိတ်သည် ဓားနှင့်တူ၏။ ဓားမှာ ခုတ်မှ၊ လှီးမှထက် ၏။ မသုံးဘဲထားလျှင် သံချေးတက်၏။ စိတ်မှာ လည်း ထို့အတူ မတွေးမကြံဘဲ အကျိုးမရှိသော စကားများကိုပြောခြင်း၊ အကျိုးယုတ်စေသော အတွေးအကြံတို့၌ အချိန်ဖြုန်းခြင်း၊ အကျိုးမဲ့ဂုဏ် ဖက်၍ နေသောအတွေး၊ သူတစ်ပါးကို မျက်မှောင် ကြုတ် ရန်လိုမုန်းထားရှုတ်ချခြင်းများနှင့် ထွေးရော သော အတွေး၊ ကိုယ်တိုင် မစဉ်းစားမဆင်ခြင်ဘဲ သူတစ်ပါးအကြံကိုသာလိုက်ခြင်း စသည်များကို ရှောင်ကြဉ်ရမည်။ အလုပ်အကြံ၌ စဉ်းစားဉာဏ်ကို အစွမ်းကုန်သုံးသောအလေ့ရှိရမည်။
အလုပ်အကြောင်း၊ ငွေအကြောင်း၊ အပေါင်း အသင်း၊ ကျန်းမာခြင်း၊ ကမ္ဘာ့အခြေအနေ၊ အိမ်၊ စာအုပ်၊ ဘာသာ၊ အယူဝါဒတစ်ခုခုစသည်ဖြင့် အရေးပါအရာရောက်သော တွေးစရာများ၊ ကြံစရာ များ များစွာရှိကြလေသည်။ အိမ်ဘေးက မိထူးသမီး လင်နောက်လိုက်ပြေးသော အကြောင်းမျိုးကို တွေးဖို့မလိုပေ။ စိတ်အလုပ်ကောင်းမှ၊ မြတ်မှ လူမြတ်၏။ အလုပ်အကိုင်လည်း ကြီးမြင့်နိုင်လေ သည်။ လူမှန်သမျှမှာ အလုပ်ကောင်းရှိရာ၏။ ထို အလုပ်ကောင်းအကြောင်းနှင့်ပတ်သက်၍ အတွေး အကြံကောင်းမှ ကြီးပွား၏။ မတွေးမကြံက မကြီးပွားနိုင်။ နောင်ရေးနှင့်ပတ်သက်၍ တွေးစရာ များ များစွာရှိလေသည်။ ။
- Log in to post comments