“အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် မိမိတို့နိုင်ငံသည် ကူးစက်မှုနှုန်း ပဉ္စမအများဆုံး ဖြစ်ပြီး သေဆုံးမှုနှုန်းအနေဖြင့် တတိယအများဆုံးဖြစ်ကြောင်း၊ အဓိကအားဖြင့် မိမိတို့နိုင်ငံတွင် ကျန်းမာရေးနှင့်ပတ်သက်ပြီး အားနည်းချက်ရှိနေသည်ကို ဖော်ပြနေ ခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ကျန်းမာရေးအသိများ အားနည်းခြင်းနှင့် ပင်ကိုအရ ကျန်းမာရေးအားနည်းချက်များရှိခြင်းကြောင့်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၇ ဒသမ ၇၈ နှစ်သာရှိသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးဖြစ်ကြောင်း၊ ကိုဗစ်ရောဂါကူးစက်မှုကြောင့်မဟုတ်ဘဲ မိမိတို့နိုင်ငံ၏ ကျန်းမာရေးမြှင့်တင်ရန် လိုအပ်နေခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ တစ်နိုင်ငံလုံး ကျန်းမာရေးမြှင့်တင်ရေးသည် ရှေရှည်မြော်တွေး၍ မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ကြောင်း” ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ လူ့မျှော်မှန်းသက်တမ်းသည် ယခုအခါ ၆၇ ဒသမ ၇၈ နှစ်သာ ရှိသဖြင့် ကမ္ဘာပေါ်တွင် လူ့မျှော်မှန်းသက်တမ်း အနိမ့်ဆုံးတွင် ပါဝင်နေသည်ကို တွေ့ရသည်။ ယင်းအချက်သည် ပြည်သူများအတွက်သာမက ကျန်းမာရေးဘက်တွင် ပါ ရေရှည်မြော်တွေး၍ စဉ်းစားဆင်ခြင်လုပ်ကိုင်ကြရမည့်အချက်ဖြစ်သည်။ လက်ရှိ တွင် ကျန်းမာရေးဘက်ဆိုင်ရာတွင် ကျန်းမာရေး CDM ပြုလုပ်မှုများကြောင့် အားနည်းလိုအပ်ချက်များရှိနေသည်။ ပြည်သူများတွင်လည်း ကျန်းမာရေးအသိအမြင် ဗဟုသုတများ အားနည်းနေသည်။ အကျိုးရလဒ်အနေဖြင့် ရောဂါအခံရှိသူများ၊ သတိမမူမိကြသူများသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသောကာလတွင် ကိုဗစ်-၁၉ ရောဂါကြောင့် မဟုတ်ဘဲ သက်ကြီးရွယ်အိုများသာမက အသက် ၆၀ ဝန်းကျင် ရှိသူများပါ အများဆုံးတိမ်းပါးနေကြသည်ကို တွေ့ရမည်ဖြစ်သည်။
ကျန်းမာရေးစနစ် အားနည်းနေသောအချိန်ကာလတွင် ပြည်သူများအနေဖြင့် မိမိကိုယ်မိမိ ကျန်းမာအောင် သတိမူနေထိုင်ကြရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကို ပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးထားခြင်း၊ ကျန်းမာရေးဆိုင်ရာ သတိပေးလမ်းညွှန်ချက်များ၊ ဆောင်ရန်/ရှောင်ရန်များကို အလေးထားလိုက်နာခြင်း ဖြင့် ကာကွယ်ထားကြရမည်ဖြစ်သည်။ ပြည်သူများ ရေရှည်တွင် ကျန်းမာစွာနေထိုင် ကြပြီး မျှော်မှန်းလူ့သက်တမ်း မြင့်မားလာစေရန် အစားအသောက်၊ အနေအထိုင်၊ ပြုမူလုပ်ကိုင်မှုများတွင် ကျန်းမာရေးနှင့်ညီညွတ်သော ဆောင်ရွက်မှုများကို နေ့စဉ် မှန်မှန် မဖြစ်မနေလုပ်ကိုင်ကြရမည်ဖြစ်သည်။ အဓိကအချက်မှာ လူတစ်ဦးချင်း အနေဖြင့် အသက်အရွယ်မရွေး စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာစေရန်လိုအပ်သည်။ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နေစေရန်နှင့် ကိုယ်ခံအားကောင်းအောင် ပြုပြင်ဆင်ခြင် နေထိုင်ကြရန် လိုအပ်ပေသည်။
ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ မိမိစိတ်ကိုမိမိ ယောနိသော မနသီကာရ စိတ်ထားထားပြီး စိတ်ညစ်ညူးမှုမဖြစ်စေရန်၊ စိတ်ဆင်းရဲမှု မဖြစ်စေ ရန် ပြုပြင်နေထိုင်ရန် လိုအပ်သည်။ နာတာရှည်ရောဂါများ၊ ကိုယ်တွင်းရောဂါများ မဖြစ်ပွားစေရန်အတွက် အဆီ၊ အငန်၊ အချိုများကို လိုသည်ထက် ပိုမိုမစားသောက် ရန်လိုအပ်ပြီး အဆီ၊ အငန်၊ အချိုများကို လျှော့စားကြရန်လိုအပ်သည်။ လေဝင် လေထွက် ကောင်းမွန်သောနေရာများတွင် နေထိုင်ကြရန်လိုအပ်ပြီး ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများကို နေ့စဉ်ပုံမှန်လုပ်ကိုင်ကြရန်လိုအပ်သည်။ အိပ်ရေးကို ဝအောင်အိပ်၍ သောကကင်းဝေးနေထိုင်တတ်ရန် အရေးကြီးသည်။ စိုးရိမ်မှုနှင့် ခြိုးခြံချွေတာမှုများကို ပိုမိုလွန်ကဲခြင်းမဖြစ်အောင် အားထုတ်ကြရမည်။ မိဘ၊ ဆရာသမားများအား ရိုသေလေးစားကြပြီး ဘာသာတရားအဆုံးအမများနှင့် ကျင့်ကြံအားထုတ်မှုများကို ပုံမှန်လုပ်ကိုင်ကြရန် လိုအပ်သည်။
ယခုအခါတွင် ဆုတ်ကပ်ကာလကြီးဖြစ်နေသဖြင့် ကိုယ်ကျင့်တရားနှင့် ဘာသာတရားတို့မှာ အရေးကြီးသည်။ လူ့မျှော်မှန်းသက်တမ်းရှည်သော နိုင်ငံများရှိ ပြည်သူများသည် သင့်တင့်လျောက်ပတ်သော နေထိုင်စားသောက်မှုတို့ကို ပြုလုပ် နိုင်ကြပြီး မိမိတို့စိတ်ထားကို မိမိတို့ကိုယ်တိုင် ကောင်းမွန်စွာကျင့်သုံး၍ ကိုယ်စိတ် နှလုံးချမ်းမြေ့စွာ နေထိုင်တတ်ကြသည်ကို တွေ့ရသည်။ ထိုကဲ့သို့ အဘက်ဘက်က ကောင်းမွန်စွာ နေထိုင်ကျင့်ကြံအားထုတ်ကြပါက မြန်မာနိုင်ငံရှိ လူ့မျှော်မှန်း သက်တမ်းသည် ၇၅ နှစ်သက်တမ်းပြည့်အောင် ပုံမှန်နေထိုင်နိုင်ကြပြီး ထို့ထက်မက အသက်ရှည်ကြာ စိတ်ချမ်းသာစွာနေထိုင်နိုင်ကြမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ထားသည့်အတိုင်း မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် လူ့မျှော်မှန်းသက်တမ်း ပြန်လည်မြင့်မားလာရေးအတွက် လာမည့်အနာဂတ်ကာလတွင် ကျန်းမာရေးဘက်ဆိုင်ရာတို့ကို ပြန်လည်မြှင့်တင် ပေးပြီး မိမိတို့ကိုယ်မိမိတို့ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း အစဉ်အမြဲ ဖြစ်နေအောင် ကောင်းသောပြုမူကျင့်ကြံလုပ်ကိုင်ခြင်းများကို ရေရှည်မြော်တွေး၍ နေ့စဉ်မပြတ် ကျင့်ကြံအားထုတ် လုပ်ကိုင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါကြောင်း။ ။