
ကျော်ကျော်လှိုင် (SMART)
မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှ ထွက်ရှိ သော သဘာဝဓာတ်ငွေ့များကို အိမ်နီး ချင်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ရောင်းချသည့်အပြင် မြန်မာနိုင်ငံ အတွက်လည်း လျှပ်စစ်ထုတ်လုပ်ရန် နှင့် စက်မှုလုပ်ငန်းများအတွက်လည်း ခွဲဝေသုံးစွဲပါသည်။
တိုတယ် ( TOTAL ) ရေနံကုမ္ပဏီ က ရတနာဓာတ်ငွေ့မြေမှ နေ့စဉ် သဘာဝ ဓာတ်ငွေ့ကုဗပေသန်းပေါင်း ၈၀၀ ခန့် ထုတ်လုပ်ပါသည်။ သန်း ၆၀၀ ခန့်ကို ထိုင်းသို့ တင်ပို့ရောင်းချပါသည်။ သန်း ၂၀၀ ခန့်ကို ၂၄ လက်မ ပိုက်လိုင်းဖြင့် ရန်ကုန်သို့ ပို့ဆောင်ပြီး လျှပ်စစ် ထုတ်လုပ်မှုအတွက် အများဆုံးသုံးပါ သည်။ ပေါ်စကိုဒေဝူး ( POSCO ) ရေနံ ကုမ္ပဏီက ရွှေဓာတ်ငွေ့မြေမှ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၅၀၀ ခန့် ထုတ်လုပ်ပါသည်။ သန်း ၄၀၀ ခန့်ကို တရုတ်ပြည်သို့ တင်ပို့ရောင်းချ ပါသည်။ သန်း ၁၀၀ ခန့်ကို မြန်မာနိုင်ငံ အတွင်း လိုအပ်ချက်အတွက် သုံးစွဲပါ သည်။
စတင်ခဲ့ခြင်းဖြစ်
ပီတီတီအီးပီ (PTTEP ) ရေနံကုမ္ပဏီ က ဇောတိကဓာတ်ငွေ့မြေမှ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၃၈၀ ခန့် ထုတ်လုပ်ပါသည်။ သန်း ၃၀၀ ခန့်ကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချ ပါသည်။ သန်း ၈၀ ခန့်ကို မြန်မာနိုင်ငံ အတွင်း လိုအပ်ချက်အတွက် သုံးစွဲပါ သည်။ တစ်ချိန်ကတစ်နေ့လျှင် သဘာဝ ဓာတ်ငွေ့ ကုဗပေ သန်း ၄၀၀ ကျော်နှင့် ရေနံ ( Condensate ) စည် တစ်သောင်း ကျော် ထွက်ခဲ့သော ရဲတံခွန်ရေနံမြေ သည် တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၅ သန်းသာ ထွက်ရှိတော့ သဖြင့် ထုတ်လုပ်မှုကို ခေတ္တရပ်ဆိုင်း ထားပါသည်။ ရဲတံခွန် ရေနံမြေကို ပက်ထရိုနပ်စ် ချာလီဂါလီကုမ္ပဏီက ဦးစီး၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ခြင်းကို ၂၀၀၀ ပြည့်နှစ်က စတင်ခဲ့ခြင်းဖြစ်ပါသည်။
အီးအိုင်တီအိုင် ( EITI, Extractive Industries Transparency Initiative) အစီရင်ခံစာအရ သဘာဓာတ်ငွေ့ကို တင်ပို့ရောင်းချရာမှရရှိသော နိုင်ငံခြား ဝင်ငွေသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားဝင် ငွေစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းရှိပါသည်။ ဂျီဒီပီ(GDP)၏ ၄ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး နိုင်ငံတော်အစိုးရဝင်ငွေကို ၅ ဒသမ ၂ ရာခိုင်နှုန်း ပံ့ပိုးပါသည်။ အီးအိုင်တီအိုင် သည် သဘာဝသယံဇာတများကို ထုတ်လုပ်ရောင်းချသည့်အခါ ပွင့်လင်း မြင်သာမှု ရှိ၊ မရှိကို စစ်ဆေးသည့်အဖွဲ့ ကြီးဖြစ်ပါသည်။
ကတိကဝတ်ပြုခဲ့
၂၀၁၀-၂၀၁၅ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ် ကုန်ပိုင်းတွင် အီးအိုင်တီအိုင်အဖွဲ့ကြီးနှင့် ဆက်သွယ်ပြီး အဖွဲ့ဝင်ရန် ကတိကဝတ် ပြုခဲ့ပါသည်။ ကတိကဝတ်ပြုခဲ့သည့် အတိုင်း အီးအိုင်တီအိုင်အဖွဲ့ကြီး၏ လိုအပ်ချက်များကို နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းတွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာ ပါသည်။ မြန်မာနိုင်ငံသည် အီးအိုင်တီအိုင် အဖွဲ့ဝင်နိုင်ငံဖြစ် လာသဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်မှုများသည် ပွင့်လင်း မြင်သာမှုကို မှတ်ကျောက်တင်ပြီးသား ဖြစ်လာပါသည်။
သဘာဝဓာတ်ငွေ့ကို နိုင်ငံခြားသို့ ရောင်းချရာမှ နိုင်ငံတော်အတွက် နိုင်ငံ ခြားဝင်ငွေများစွာ ရှာပေးနိုင်သလို ရေနံ နှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များကို လုပ်နိုင်သည့် ကုမ္ပဏီများကို လုပ်ပိုင်ခွင့် ပေးခြင်းသည်လည်း နိုင်ငံတော်၏ နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍကို များစွာ တိုးတက်စေပါသည်။ ၂၀၁၁ ခုနှစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက် တွင် ကုန်းတွင်းလုပ်ကွက်များကို တင်ဒါ ခေါ်ယူခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ကုန်းတွင်း လုပ်ကွက် ရှစ်ကွက်ကို နိုင်ငံခြားကုမ္ပဏီ ရှစ်ခုနှင့် ထုတ်လုပ်မှုကို ခွဲဝေခံစားသော စာချုပ်များကို ပွင့်လင်းမြင်သာစွာ ချုပ်ဆို နိုင်ခဲ့ပါသည်။
၂၀၁၃ ခုနှစ်တွင် ကုန်းတွင်းလုပ်ကွက် များနှင့် ကမ်းလွန်ရေတိမ်ပိုင်းနှင့် ရေနက် ပိုင်း လုပ်ကွက်များအတွက် တင်ဒါခေါ်ယူ ခဲ့ပြန်ပါသည်။ ၂၀၁၄ ခုနှစ်တွင် ကုန်းတွင်း လုပ်ကွက် ၁၁ ကွက်ကို နိုင်ငံ ခြားကုမ္ပဏီများဖြင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသော စာချုပ် ၁၁ ခုနှင့် ရေနံ မြေဟောင်းသုံးခုကို ရေနံအထွက်တိုး စာချုပ်သုံးခု ချုပ်ဆိုနိုင်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် ကမ်းလွန်လုပ်ကွက် လေးခုကို နိုင်ငံခြားကုမ္ပဏီများဖြင့် ထုတ်လုပ်မှု အပေါ် ခွဲဝေခံစားသော စာချုပ်လေးခုနှင့် ၂၀၁၅ ခုနှစ်တွင် ကမ်းလွန်လုပ်ကွက် ၁၆ ခုကို နိုင်ငံခြားကုမ္ပဏီများဖြင့် ထုတ်လုပ် မှုအပေါ် ခွဲဝေခံစားသော စာချုပ် ၁၆ ခုကို ချုပ်ဆိုနိုင်ခဲ့ပါသည်။
ဆုံးရှုံးခဲ့
အီးအိုင်တီအိုင် အဖွဲ့ဝင်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခြင်း၊ လုပ်ကွက်များ ကို ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူခြင်း၊ အချိန်တိုအတွင်း စာချုပ်ချုပ်ဆိုနိုင်ခြင်း တို့ကြောင့် အကျိုးဆက်အဖြစ် ၂၀၁၆ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၉ ဒသမ ၁ ဘီလီယံ ရရှိခဲ့ပါသည်။ ( ကိုးကား။ ကမ္ဘာ့ဘဏ်မှ ၂၀၁၇ ခုနှစ် ဇန်ဝါရီလ ၂၅ ရက် ထုတ်ပြန် သော အစီရင်ခံစာ ) ဤနိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏသည် ၂၀၁၀ မှ ၂၀၂၀ ပြည့်နှစ် ၁၀ နှစ်အတွင်း အများဆုံးရရှိသော နှစ် ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အစိုးရသက်တမ်းအတွင်း ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များကို တင်ဒါခေါ်ယူ ခြင်းမရှိခဲ့ပါ။ ငါးနှစ်အတွင်း အခွင့်အရေးများ ဆုံးရှုံးခဲ့သည်ကို တွေးဆနိုင်ပါသည်။
ယနေ့ ကမ္ဘာ့ရေနံဈေးသည် တစ်စည် လျှင် အမေရိကန်ဒေါ်လာ ၇၀ ကျော် နေပြီး တက်ရိပ်ပြနေပါသည်။ ကိုဗစ် မဖြစ်မီက ရေနံတစ်စည်လျှင် အမေရိကန် ဒေါ်လာ ၅၀ ကျော်သာရှိပါသည်။ ကိုဗစ် တတိယလှိုင်းဖြစ်နေသော်လည်း ရေနံ ဈေးတက်နေသည်ကိုကြည့်လျှင် ကိုဗစ် ပြီးဆုံးချိန်တွင် ရေနံဈေးပိုတက်မည်ဟု ပညာရှင်များက ခန့်မှန်းကြပါသည်။ ရေနံဈေးတက်သည်ကို အခွင့်ကောင်းယူ ပြီး မလေးရှားနိုင်ငံ ပက်ထရိုနပ်စ် ကုမ္ပဏီက ကမ်းလွန်လုပ်ကွက် ၁၃ ကွက် ကို ၂၀၂၁ ခုနှစ် နှစ်ဦးပိုင်းက တင်ဒါခေါ်ခဲ့ ပါသည်။ နှစ်မကုန်မီ စာချုပ်များ ချုပ်မည် ဟု ပက်ထရိုနပ်စ်က ကြေညာထားပါ သည်။
ကျွန်တော်တို့နိုင်ငံ၏ ကမ်းလွန် ရေတိမ်ပိုင်းနှင့် ရေနက်ပိုင်းတွင် မရှာဖွေ ရသည့် ဓာတ်ငွေ့သိုက်များစွာ ကျန်ရှိ နေပါသေးသည်။ မြန်မြန်တင်ဒါခေါ်၊ မြန်မြန်စာချုပ်ချုပ်၊ မြန်မြန်တူး၊ မြန်မြန် ထုတ်လုပ်နိုင်ရန် အရေးကြီးပါသည်။ ဓာတ်ငွေ့သိုက်တစ်ခုကို စတွေ့သည့် နေ့မှ စီးပွားဖြစ် ထုတ်လုပ်ရောင်းချ နိုင်သည်အထိ ၉ နှစ်မှ ၁၀ နှစ် ကြာသည် ကို သတိပြုရန် လိုပါသည်။ ယနေ့တင်ဒါ ခေါ်ပြီး နောက် နှစ် စာချုပ်ချုပ်နိုင်လျှင်ပင် ၂၀၃၁ ခုနှစ်ရောက်မှ ဓာတ်ငွေ့ကို ထုတ်ယူသုံးစွဲနိုင်ပါမည်။
ဟောကိန်းထုတ်ထား
ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များ ကို နောင်လာနောက်သားများအတွက် ချန်ခဲ့မည်ဆိုသည့် အယူအဆသည် မှားယွင်းသောအယူအဆ ဖြစ်ပါသည်။ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားများကို ဓာတ်ငွေ့မှရသောငွေဖြင့် ပညာတတ် လူ့အဖွဲ့အစည်းဖြစ်အောင် ပြုစုပျိုးထောင် ခြင်းသာလျှင် ရေရှည်ဖွံ့ဖြိုးတိုးတက်ပါ မည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကမ္ဘာကျော် Mckinsey ထုတ်ပြန်သော စာတမ်းအရ သဘာဝဓာတ်ငွေ့သည် ၂၀၃၇ ခုနှစ်တွင် လိုအပ်ချက်အရ အမြင့် ဆုံးဖြစ်နိုင်ပြီး နောက်ပိုင်းတွင် တဖြည်း ဖြည်း ကမ္ဘာ့လိုအပ်ချက် လျော့ကျသွား မည်ဟု ဟောကိန်းထုတ်ထားပါသည်။
တခြားပြန်ပြည့်မြဲ စွမ်းအင်များ ဈေးသက်သက်သာသာ ထုတ်နိုင်လာ၍ ဖြစ်နိုင်သည်။ ဤဟောကိန်းမှန်ခဲ့လျှင် ဓာတ်ငွေ့သိုက်များစွာရှိသော ကျွန်တော် တို့နိုင်ငံသည် ၂၀၃၇ ခုနှစ်မတိုင်မီ ဓာတ်ငွေ့သိုက်များမှ ဓာတ်ငွေ့ကို စီးပွား ဖြစ်ထုတ်လုပ်ရန် အလျင်အမြန် စီမံ ချက်များ ချမှတ်လုပ်ဆောင်ရပါမည်။
နိဂုံးချုပ်အနေဖြင့် -
• ကမ်းလွန်နှင့် ကုန်းတွင်းလုပ်ကွက် များကို တင်ဒါခေါ်ယူရန် ပြင်ဆင်ပါ။
• ကမ်းလွန်နှင့် ကုန်းတွင်းလုပ်ကွက် နှင့်ပတ်သက်သည့် အချက်အလက် ( Data ) များကို အွန်လိုင်းပေါ်မှ ကြည့်ရှုနိုင်ရန်ပြင်ဆင်ပါ။
• ၂၀၁၁ နှင့် ၂၀၁၃ က ခေါ်ယူခဲ့သော တင်ဒါမှ အားနည်းချက် အားသာချက် များကို ပြန်လည်စိစစ်ပါ။ ပြင်သင့် တာကို ပြင်ပါ။
• ၃၁ နှစ် ကြာမြင့်ပြီဖြစ်သော ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ် ( Production Sharing Contract ) ကို ခေတ်နှင့်လျော်ညီ အောင် ပြင်ဆင်ပါ။
• ဈေးကွက် ရှာဖွေရန်အတွက် ကျွမ်းကျင်ပညာရှင်များနှင့် အဖွဲ့ဖွဲ့ ပါ။
• မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကို ကော်ပိုရိတ်အသွင် ပြောင်းပါ။
• မြန်မြန်တင်ဒါခေါ်၊ မြန်မြန်စာချုပ်၊ မြန်မြန်တူး၊ မြန်မြန်ရှာ၊ မြန်မြန် ထုတ်လုပ်ခြင်းဖြင့် တိုင်းပြည်၏ သဘာဝဓာတ်ငွေ့ လိုအပ်ချက်များ ကို ဖြည့်ဆည်းပြီး နိုင်ငံခြားဝင်ငွေ တိုးအောင် ဆောင်ရွက်ကြပါစို့ ။
- Log in to post comments