
မဲဆန္ဒရှင်တစ်ဦး
၃၀ မတ် ၂၀၁၆။ ထိုနေ့သည် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ၏ တစ်ခဲနက်ထောက်ခံမဲပေး ခဲ့မှုဖြင့် အနိုင်ရရှိခဲ့သော NLD ပါတီက နိုင်ငံတော် အာဏာအရပ်ရပ်ကို တရားဝင်စတင်လက်ခံရ ယူခဲ့သည့်နေ့ ဖြစ်သည်။ တစ်နည်းအားဖြင့် NLD ပါတီ၏ အာဏာနိုင်ငံရေးလမ်းကြောင်းပေါ် စတင် လျှောက် လှမ်းခဲ့ သည့် သမိုင်းဝင်နေ့တစ်နေ့လည်း ဖြစ်သည်။
၂၀၁၀-၂၀၁၅ ငါးနှစ်တာကာလအတွင်း အစိုးရအဖွဲ့တာဝန်ကိုရယူခဲ့သည့် ပြည်ခိုင်ဖြိုး ပါတီအဖို့မူ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိချိန်မှစ၍ ရွေးကောက်ခံအစိုးရတစ်ရပ်မှ အခြားပါတီတစ်ခု၏ ရွေးကောက်ခံအစိုးရတစ်ရပ် သို့ ပထမအကြိမ် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်း ပေးခဲ့သည့် သမိုင်းအစဉ်အလာကောင်းတစ်ရပ်ကို ရေးထိုးလိုက်သော သမိုင်းဝင်နေ့တစ်နေ့ဟုဆိုရပါမည်။
နိုင်ငံတော်သမ္မတရုံး၏ နိုင်ငံတော်သမ္မတ အဆောင်အယောင်ပလ္လင်ရှေ့ဝယ် လက်ရှိသမ္မတ ဦးသိန်းစိန်က အသစ်စက်စက်သမ္မတဖြစ်လာသူ ဦးထင်ကျော်ကို အာဏာလွှဲပြောင်းပေးအပ်သည့် သမိုင်းဝင်အခမ်းအနားကို စာရေးသူအပါအဝင် တစ်နိုင်ငံလုံးက ကြည်နူးဝမ်းမြောက်စွာ ကြည့်ရှု အားပေးခဲ့ကြသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ တွင် စတင်ဖွဲ့စည်းခဲ့ပြီး ထိုနှစ် နိုဝင်ဘာ ၃၀ ရက် တွင် ထိုစဉ်က ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ကြေညာချက်အမှတ်(၃)ဖြင့် မှတ်ပုံတင်ခွင့်ပြုချက်အရ တရားဝင်ပါတီ ဖြစ်လာခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy-NLD)ပါတီ၏ ၂၈ နှစ်တာ မြန်မာ့ဒီမိုကရေစီခရီးကြမ်းကို လျှောက်လှမ်းခဲ့သော တာဝေးအပြေးသမားတစ်ဦး အဖို့ ပန်းအဝင်သည် ထိုက်တန်လှသည်ဟု ထိုစဉ် က ထင်ခဲ့သည်။
ထိုသို့ ပန်းအဝင်လှစေရေးအတွက်လည်း စာရေးသူအပါအဝင် မဲဆန္ဒရှင်အများစုသည် ရှေ့ငါးနှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲမှုပေါင်းများစွာဖြင့် ခြေပေါ်အောင် ကစားခဲ့ကြသော သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ပြည်ခိုင်ဖြိုး အစိုးရကို လက်တွဲဖြုတ်ကာ NLD ပါတီကို တစ်ခဲနက် အားပေးခဲ့ကြပါသည်။ တစ်နည်းအား ဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေး ချစ်မြတ်နိုးမှု၊ NLD ပါတီအပေါ် ကရုဏာသက်မှု တို့က ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ဆုံးဖြတ်ပေးလိုက်ခြင်း ဖြစ်ပေသည်။
၂၀၁၆ ခုနှစ် နွေဦးအလွန်တစ်ခုသော ညနေခင်း။ ရန်ကုန်မြို့လယ် မြို့တော်ခန်းမနှင့် မဟာ ဗန္ဓုလပန်းခြံဝင်းရှိ နီယွန်မီးများကြောင့် မြို့တော်၏နေဝင်ရီတရောညနေခင်းသည် လှပ နေသည်။
“ရန်ကုန်မြို့ကြီးက ဒီလိုဆိုတော့ လှသားပဲ”
ရုံးမှအပြန် ဘတ်စ်ကားထိုင်ခုံဘေးရှိ လုပ် ဖော်ကိုင်ဖက်တစ်ဦး၏ ဖော်ပြပါမှတ်ချက်စကား ကြောင့် စာရေးသူ၏ ပြန့်ကျဲနေသောအတွေး တို့သည် တိခနဲရပ်သွားသည်။ မျက်ဝန်းတစ်စုံက မြို့ပြအလှဆီ ဦးတည်သွားသည်။ ဟုတ်ပေသားပဲ။ ရန်ကုန်မြို့ကြီးက လှပနေပါရော့လား။
“အင်း၊ ရန်ကုန်မြို့ကြီးလှပသလို ရန်ကုန် သားတွေရဲ့ ဘဝတွေလည်းလှပဖို့ လိုတယ်နော်”
ဘာရယ်မဟုတ်၊ ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့် နိုင်ငံကို ဒေသတွင်းနိုင်ငံများနည်းတူ ဖွံ့ဖြိုးလိုစိတ်၊ တိုးတက်ကြီးပွားလိုစိတ်တို့ဖြင့် လွှတ်ခနဲပြောမိ လေခြင်းမျှသာ။
“ချမ်းသာချင်ရင် ပညာတတ်အောင်သင်လေ”
ရှေ့ထိုင်ခုံမှ ရုတ်တရက်ထွက်ပေါ်လာသော ငေါ့တူးတူးလေသံကြောင့် စာရေးသူ မှင်တက်သွား သည်။ ဖျတ်ခနဲ သူ့ကို အကဲခတ်ကြည့်လိုက်တော့ ရှပ်အင်္ကျီလည်ကတုံးအဖြူနှင့် ဆံပင်ကျစ်ဆံမြီးနှင့် မည်းမည်းပိန်ပိန်လူလတ်ပိုင်းတစ်ယောက်။ စာရေး သူလည်း စကားတုံ့ဖလှယ် ပြန်ပြောချင်စိတ်မရှိ၍ ဘာမျှ တုံ့ပြန်မပြောတော့။ နှုတ်ခမ်းထောင့်လေး ကွေးရုံမျှသာ ပြုံးသည်ဆိုမလား၊ မဲ့သည်ဆိုရမလား မသိ တုံ့ပြန်မိပါ၏။
ဆိုရလျှင် လွန်ခဲ့သောငါးနှစ်က အရှိန်ရစပြု လာသော လွတ်လပ်စွာတွေးခေါ် ပိုင်ခွင့်(Freedom of Opinion)၊ လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့် (Freedom of Expression)တို့သည် အရပ်သား ဒီမိုကရေစီအစိုးရသစ်သက်တမ်း ကန့်လန့်ကာဖွင့်စ မှာပင် ဒီမိုကရေစီကိုချစ်ခင်မြတ်နိုးလှပါသည်ဆိုသော ပါတီဝန်းရံထောက်ခံသူများ လက်ခံထားသည့် ဒီမိုကရေစီစံနှုန်းများနှင့် စတင်မိတ်ဆက်ထိတွေ့ လိုက်ရခြင်းဖြစ်ပါသည်။
မည်သို့ဆိုစေ အပြောင်းအလဲကို အာသာ ငမ်းငမ်း မွတ်သိပ်နေသောစာရေးသူသည် NLD အစိုးရ သစ်၏ တိုင်းပြုပြည်ပြု ပြုပြင်ပြောင်းလဲမှု ခြေလှမ်း များကိုသာ ငံ့လင့်စောင့်မျှော်လေ့လာနေပါ၏။
အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းပေါ်ထွက် လာသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက “မြန်မာ့စီးပွားရေးကို ဂျက်လေယာဉ်ပျံကြီးကဲ့သို့ သုံးလအတွင်း ပျံသန်းပြမည်”ဟု ကြုံးဝါး၏။ သို့တစေ ဒီမိုကရေစီနိုင်ငံကြီးများနည်းတူ အစိုးရသစ် ၏ ပျားရည်ဆမ်းကာလတွင် ဒီမိုကရေစီကျင့်ဝတ်စံနှုန်း များအရ နိုင်ငံရေးရင့်ကျက်သူ၊ နိုင်ငံရေးသဘော သဘာဝကို တီးမိခေါက်မိသူတိုင်းက ဝေဖန်သမှု မပြုခဲ့ကြ။
ပုံရိပ်များ လူမှုကွန်ရက်တွင် တွေ့မြင်လာရ
နေပြည်တော်မြို့တော်ဝန်နှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တို့က စက်ဘီးလေးတွေ ကိုယ်စီဖြင့်ရုံးတက်ပြသည့် ပုံရိပ်များ၊ ဖက်နှင့် ထမင်းစားပြ၊ အိမ်သာဆေးပြသည့် လွှတ်တော် ကိုယ်စားလှယ်အချို့၏ပုံရိပ်များလည်း လူမှုကွန်ရက် တွင် ပလူပျံအောင်တွေ့မြင်လာရပြန်သည်။
အနည်းငယ်တော့ စိတ်ပျက်စပြုလာသည်။ စာရေးသူခံယူမိသည်က ခေါင်းဆောင်သည် နောက်လိုက်ပြည်သူများ ကန်စွန်းရွက်စားနေရ သည်ကို ငါလည်း အေးအတူ ပူအမျှ မျှဝေခံစားနေ ပါသည်လုပ်ဖို့မဟုတ်၊ ကန်စွန်းရွက်စားနေသူများ ကြက်သားဟင်းနှင့် စားသောက်နိုင်ရန် နည်းပေး လမ်းပြ ဦးဆောင်ပေးရမည့်အလုပ်သာ ဖြစ်သည်ဟု ခံယူထား၍ဖြစ်ပါသည်။
မြို့နယ်အကျိုး၊ မဲဆန္ဒရှင်များ၏ အကျိုး
ပြန်လည်ငဲ့စောင်းကြည့်မိ
၂၀၁၅-၂၀၂၀ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းသည် တစ်နှစ်ပြီးတစ်နှစ် အရှိန်ရစပြုလာ သည်။ ကိုယ်တင်မြှောက်ခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ မြို့နယ်အကျိုး၊ မဲဆန္ဒရှင်များ၏ အကျိုးစီးပွားအတွက် ကြိုးပမ်းဆောင်ရွက်မှုများ အပေါ် ပြန်လည်ငဲ့စောင်းကြည့်မိပြန်ပါသည်။
မည်သည့်လှုပ်ရှားမှုမျှ မတွေ့ရသေး၊ ငြိမ်ချက် သားကောင်းနေသည်။ (လွှတ်တော်သက်တမ်း ငါးနှစ်အတွင်း မှတ်မှတ်ရရလှုပ်ရှားမှုဟူ၍ လေး၊ ငါး၊ ခြောက်ကြိမ်မျှသာ။) ၂၀၁၀ ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်း ငါးနှစ်အတွင်း မေးခွန်း ပေါင်း ၁၇၀ ကျော်၊ အဆိုပေါင်း ၃၀ နှင့် ဥပဒေကြမ်း ၂၈ ခု တင်သွင်းခဲ့သူ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဟောင်းကို စိတ်ထဲက အားနာမိသည်။
ဆိုရပါလျှင် လွှတ်တော်သက်တမ်း နှစ်ရပ်ကို အချက်အလက်၊ မှတ်တမ်းမှတ်ရာများနှင့်တကွ နှိုင်းယှဉ်ချိန်ထိုး သုံးသပ်ပါမူ ဒုတိယအကြိမ် လွှတ် တော်သက်တမ်းမှ လွှတ်တော်ကိုယ်စားလှယ်အများစု သည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အဓိက တာဝန်ဖြစ်သော ဥပဒေပြုရေး၊ အစိုးရကို ထိန်း ကျောင်းရေးနှင့် မဲဆန္ဒရှင်များ၏ အကျိုးစီးပွားကိုဆောင်ရွက်ရေးလုပ်ငန်းတာဝန်များအား ပီပီပြင်ပြင် မလုပ်ဆောင်နိုင်ခဲ့ချေ။
အုပ်ချုပ်ရေးအပိုင်းတွင်လည်း လွှတ်တော်၊ ပါတီတို့နှင့် ရောထွေးယှက်နွှယ်နေ၍ အုပ်ချုပ်ရေး အပိုင်းမှ တာဝန်ရှိသူအများစုမှာ ဘယ်သူ့စကား နားထောင်ရပါ့၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ လောက်အောင် ဝေဝါးခဲ့ကြရသည်။ အစိုးရ၏ကိစ္စကို အာဏာရပါတီမှ ပြောရေးဆိုခွင့်ရှိသူက ဒိုင်ခံပြောဆို ဖြေရှင်းနေသည်။
ထိုကိစ္စများနှင့်ပတ်သက်၍ ၂၀၁၀ ပထမ အကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းအတွင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အမျိုး သားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က ဒုတိယအကြိမ် လွှတ်တော်သက်တမ်းစတင်၍ ငါးလ၊ ခြောက်လခန့်အကြာတွင် တွေ့ဆုံမေးမြန်းခန်း တစ်ခု၌ “ဒုတိယအကြိမ် လွှတ်တော်က ပထမအကြိမ် လွှတ်တော်နဲ့ နှိုင်းယှဉ်လိုက်ရင်တော့ တစ်ဦး တစ်ယောက်ရဲ့ ခေါင်းဆောင်မှုအောက်မှာ လှုပ်ရှား နေရတဲ့အတွက် ဒီနေ့ဆိုရင် အုပ်ချုပ်ရေးနဲ့ဥပဒေပြု ရေးအခန်းကဏ္ဍက သဲကွဲပြီးရပ်တည်ရမယ့်အစား ရောထွေးနေတယ်လို့ ကျွန်တော်မြင်တယ်။ ဥပမာ နမူနာတစ်ခု ပြောမယ်ဗျာ။ နိုင်ငံခြားရေးနဲ့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီးလုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်ချိန်တည်းမှာ လွှတ်တော်လုပ်ငန်း ဖွံ့ဖြိုးရေးကော်မတီမှာလည်း ဥက္ကဋ္ဌ သွားလုပ်နေတယ်။ ကျွန်တော်တို့ ဥပဒေ အရ လူတစ်ယောက်ဟာ အုပ်ချုပ်ရေးနဲ့ဥပဒေပြုရေးနှစ်ခုမှာ လုပ်လို့မှမရဘဲ။ အဲဒီအပြင် ဘာပဲ ပြောပြော နိုင်ငံတော်အတိုင်ပင်ခံဥပဒေကို ပြဋ္ဌာန်းခဲ့တာ နောင်တစ်နေ့မှာ အခြေခံဥပဒေက ခွဲထားတဲ့ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင် ရေး အာဏာသုံးရပ်ခွဲခြားမှုနဲ့ လိုက်လျော ညီထွေရှိ၊ မရှိ ပြန်လည်သုံးသပ်ခံရမယ့် ဥပဒေ တစ်ရပ်ဖြစ်လာမှာတော့ အခုကတည်းက ကျွန်တော်ကြိုပြီးတော့ နိမိတ်ဖတ်ပါတယ်”ဟု ထောက်ပြဝေဖန်ပြောကြားခဲ့လေသည်။
တစ်ဆက်တည်းမှာပင် ဦးသိန်းညွန့်က “နောင်ကျရင် ကျွန်တော်ထင်ပါတယ်။ ဥပဒေပြု ရေးက အုပ်ချုပ်ရေးကိုထိန်းကျောင်းမှုပိုတောင်အားနည်းလာမယ်လို့ ကျွန်တော်မြင်တယ်။ ဘာပဲ ပြောပြော အုပ်ချုပ်ရေးမှာ အားလုံးက သူနဲ့ပတ် သက်ရင် မလွန်ဆန်နိုင်တဲ့ပုဂ္ဂိုလ်က အုပ်ချုပ်ရေး မှာ ရောက်နေပြီလေ။ အဲဒီတော့ မိမိတို့မေးမယ့် မေးခွန်းတို့၊ အဆိုတို့၊ ဥပဒေကြမ်းတို့က ဗမာပြည် မှာ ခေါင်းဆောင်ကို ဆန့်ကျင်လွန်ဆန်ပြီးတော့ မေးရဲ၊ လုပ်ရဲမယ့်လူတွေ ဘယ်လောက်ရှိမလဲ။ ဒါကတော့ ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့” ဟုလည်း သုံးသပ်ပြောကြားခဲ့သည်။
သို့တစေ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၏ အောင်ပွဲဒီရေလှိုင်းကြောင့် အာဏာရပါတီ NLD အစိုးရသည် မြန်မာ့အာဏာနိုင်ငံရေးလမ်းကြောင်း တွင် ခေါင်းမော့ရင်ကော့ လျှောက်လှမ်းနေဆဲ။ တစ်ဖက်မှာလည်း ယခင်သမ္မတ ဦးသိန်းစိန် လမ်းဖောက်လျှောက်လှမ်းခဲ့သော လွှတ်တော် ပြင်ပနိုင်ငံရေးအခန်းကဏ္ဍမှာ လုံးဝလမ်းပျောက် လုနီးနီးဖြစ်သွားခဲ့သည်။
တန်းတူညီမျှ လေးလေးစားစားဆက်ဆံ
ယခင်သမ္မတ ဦးသိန်းစိန်သည် သင့်တော် သည့် အချိန်တိုင်းတွင် နိုင်ငံရေးပါတီများမှ ခေါင်း ဆောင်များနှင့်ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံသည့် အလေ့အထ၊ အလေ့အကျင့်များကို အုတ်မြစ်ချပေး ခဲ့သည်။ နိုင်ငံရေးပါတီများအပေါ် ခွဲခြားဆက်ဆံ ခြင်းမရှိဘဲ တန်းတူညီမျှ တရင်းတနှီးလေးလေး စားစားဆက်ဆံသမှုပြုခဲ့ပြီး တင်ပြဆွေးနွေးချက် များကိုလည်း တလေးတစားမှတ်သားသူဖြစ် သည်။
“နိုင်ငံရေးအရ မတူကွဲပြားသည့် ခြားနားမှု များရှိသော်လည်း မိမိတိုင်းပြည်အတွက် အကျိုးရှိ စေမည့် ဘုံအကျိုးစီးပွားကို ပူးပေါင်းဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဒီမို ကရေစီအသိအမြင်နှင့် ဒီမိုကရက်တစ်အလေ့ အထများ အားနည်းခဲ့ရကြောင်း၊ နိုင်ငံရေးခေါင်းဆောင်များအနေဖြင့်လည်း တိုင်းပြည်၏အကျိုး စီးပွားအတွက် ရဲရဲဝေဖန်ကြပါ၊ အကြံပေးပါ” ဟုလည်း နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ NLD အစိုးရသစ်လက်ထက် ငါးနှစ် တာကာလအတွင်းမူ ထိုသို့ တွေ့ဆုံခြင်းမှာ မရှိ သလောက် တွေ့မြင်ရသည်။
ထို့အပြင် တိုင်းရင်းသားအရေးတွင်လည်း အဖုအထစ်များနှင့် ကြုံတွေ့ခဲ့ရပြန်သည်။ ဦးသိန်းစိန်အစိုးရခေတ်တွင် အကောင်အထည် ဖော်ခဲ့သော အရှိန်ရစ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို (၂၁) ရာစု ပင်လုံညီလာခံဟု ပြောင်း လဲခေါ်ဝေါ်ကျင်းပခဲ့သော်လည်း အတိတ်ပင်လုံစာချုပ်ကတိကဝတ်များအပေါ် အခြေခံလာသော ဆွေးနွေးမှုများ ပေါ်ပေါက်လာပြီး လိပ်ခဲတည်းလည်း မရေမရာအဖြစ်နှင့်သာ အဆုံးသတ်ခဲ့ရလေသည်။ ထိုမျှမက ကယားပြည်နယ်အတွင်းက ဗိုလ်ချုပ် ကြေးရုပ်ကိစ္စ၊ မွန်ပြည်နယ်ရှိ တံတား အမည်ပေး ရေးကိစ္စများတွင် အလျှော့မပေးခဲ့၍ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေခဲ့သည်။
ဒီမိုကရေစီရရှိရေးအတွက် ဆယ်စုနှစ် နှစ်စုကျော် သုံးစုနီးပါး တိုက်ပွဲဝင်လာခဲ့သည့် NLD ပါတီ၏ အာဏာနိုင်ငံရေးလမ်းကြောင်းပေါ်က ဒီမိုကရေစီကျင့်ဝတ်နှုန်းစံများသည် ဘယ်ဟာက ဒီမိုကရေစီဟူ၍ ဝေခွဲမရဖြစ်ခဲ့ရသည်။
အာဏာရပါတီ NLD သည် နိုင်ငံအရေး အတွက် အမုန်းခံထောက်ပြဝေဖန်မှုများကို ကြိုဆိုလက်ခံပြုပြင်ပြောင်းလဲရမည့်အစား ရာဇပလ္လင် ထက်ဝယ် ရာဇမာန်အပြည့်ဖြင့်သာ ဖိနှိပ်လေတော့ သည်။ ပွဲဦးထွက်အနေဖြင့် Frist Eleven နေ့စဉ် သတင်းစာက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လက်ပတ်နာရီကိစ္စကို အဂတိလိုက်စားမှုအဖြစ် ထုတ်ဖော်ရေးသားခဲ့၍ အလဲဗင်းမီဒီယာအုပ်စု၏ အမှုဆောင်အရာရှိချုပ်နှင့် အယ်ဒီတာအဖွဲ့ဝင် အချို့ကို ဖမ်းဆီးအပြစ်ပေးအရေးယူခဲ့သည်။
တားမြစ်ကန့်သတ်ချက်ကြောင့် တိတ်ဆိတ်
ထိုသောအခါ ယခင်သမ္မတ ဦးသိန်းစိန် အစိုးရခေတ်တွင် “မီဒီယာဖိနှိပ်မှု ရပ်” ဟူသော ကြွေးကြော်သံ ဗီနိုင်းဆိုင်းဘုတ်များဖြင့် နိုင်ငံတော် သမ္မတကို ရန်ကုန်ခရီးစဉ်တစ်ခုတွင် မျက်နှာချင်း ဆိုင် ရဲဝံ့စွာသွားရောက်ဆန္ဒပြခဲ့သော မီဒီယာ သမားများသည် မည်သည့်ဝေဖန်မှုမျိုးမှ ထွက်ပေါ် လာခြင်းမရှိတော့။ ထိုမျှမက ယခင်သမ္မတ ဦးသိန်းစိန် အစိုးရခေတ်တွင် စတုတ္ထမဏ္ဍိုင်အဖြစ် တလေးတစားနေရာပေးခဲ့သမျှသည်လည်း တစ်မု ဟုတ်ချင်း အရှိန်အဝါညှိုးကျသွားခဲ့သည်။ NLD ပါတီမှ ဒုတိယ ခေါင်းဆောင်က “စတုတ္ထမဏ္ဍိုင် မရှိ”ဟု ပြောကြားခဲ့မှုနှင့်အတူ နိုင်ငံတော်အဆင့် အရေးကြီးပုဂ္ဂိုလ်များ၏ ခရီးစဉ်များနှင့် အခမ်းအနားများတွင် အစိုးရမီဒီယာမှအပ ပုဂ္ဂလိကမီဒီယာများ ဝင်ခွင့်မရကြတော့။ တာဝန် ရှိသူများနှင့် တွေ့ဆုံမေးမြန်းခန်းများမှာလည်း ပါတီထိပ်ပိုင်းခေါင်းဆောင်များ၏ တားမြစ်ကန့် သတ်ချက်ကြောင့် တိတ်ဆိတ်သွားသည်။
လူမှုကွန်ရက်စာမျက်နှာထက်တွင်လည်း ပါတီကိုဝန်းရံထောက်ခံသူများသည် ပြည်သူတို့၏ လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို စနစ်တကျ အုပ်စုဖွဲ့၍ ရိုင်းစိုင်းစွာတုံ့ပြန်ကြလေသည်။ အာဏာရပါတီနှင့်အစိုးရကို သမာသမတ်ကျကျ အကျိုးသင့်အကြောင်းသင့် ဝေဖန်သူမှန်သမျှကို “အဘ ဘောမ”၊ “သူခိုးများ”ဟု ပုတ်ခတ်စွပ်စွဲကြ ပြန်သည်။ အချို့က ဆဲဆိုကြသည်။ အချို့ကား ဆက်သွယ်ရေးဥပဒေပုဒ်မ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မတို့ဖြင့် တရားစွဲဆိုဖမ်းဆီးအရေး ယူကြသည်။ Facebook Team အဖွဲ့ကို ငွေကြေးအမြောက်အမြား အကုန်အကျခံဖွဲ့စည်း၍ အာဏာရအစိုးရကို ဝေဖန်သမှုပြုသည့်မှတ်ချက်မှန်သမျှကို ဖြုတ်ချသည်။ ပိတ်သိမ်းပစ်သည်။
ထိုငါးနှစ်ကာလအတွင်း ပြည်သူအများစု၏ စိတ်ကို ညှိုးငယ်စိတ်မကောင်းဖြစ်ခဲ့ရသည့် ဆောင် ရွက်မှုက ဘာသာသာသနာအရေးကိစ္စ ဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်သူ အများစုဖြစ်သော်လည်း လူတိုင်းဘာသာရေးကို လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ရှိသည်။ အစိုးရ အဆက်ဆက်ကလည်း ဘာသာတိုင်းကို အလေး ထား ကာကွယ်စောင့်ရှောက် ချီးမြှောက်ပါသည်။ သမ္မတဦးသိန်းစိန်အစိုးရခေတ်တွင် ဘာသာပေါင်းစုံ ညီညွတ်ရေးအဖွဲ့ကိုပင် ဖွဲ့စည်းစေ၍ ဘာသာရေး ခေါင်းဆောင်များနှင့် အခါအားလျော်စွာ တွေ့ဆုံ ဆွေးနွေးလေ့ရှိသည်။
NLD အစိုးရသစ်လက်ထက်တွင်မူ မတူညီ သော ဝိသေသလက္ခဏာများ၊ ကျင့်ဝတ်သိက္ခာ များကိုယ်စီဖြင့် ရှိနေခဲ့ကြသော ဘာသာရေးအသင်း အဖွဲ့များကို ဘာသာပေါင်းစုံ ဆုတောင်းပွဲအမည်ခံကာ ရောနှောပေါင်းစပ်ပစ်လေသည်။ နေရာထိုင်ခင်းစီစဉ် မှုမှအစ ဟန်ချက်မညီ၊ ကမောက်ကမတွေဖြစ်လာ သည်။ မြန်မာတို့၏ စိတ်နှလုံး ယူကျုံးမရဖြစ်ရပြီ။ စီစဉ်သူအချို့၏ ဘာသာအသီးသီး၏ ယဉ်ကျေးမှု ကျင့်ဝတ်သိက္ခာများအပေါ် မသိနားမလည်မှုနှင့် စီမံခန့်ခွဲရေးအပိုင်း မကျွမ်းကျင်မှုတို့ကြောင့် ဘာသာ တစ်ခုနှင့် တစ်ခုပင် စိတ်ဝမ်းကွဲရမလို ဖြစ်လာ သည်။
ထိုသောအခါ ဆယ်ကျော်သက်အရွယ် ကတည်းက အမေရိကန်နိုင်ငံရေးလောက ရွေးကောက် ပွဲများ၊ အမေရိကန်သမ္မတ အတ္ထုပ္ပတ္တိစာပေများကို စွဲစွဲလမ်းလမ်းဖတ်ရှုခဲ့ပြီး ဒီမိုကရေစီစနစ်ကို သဘောကျနှစ်ခြိုက်သူ စာရေးသူပင် အာဏာရပါတီ NLD အစိုးရ၏ ဒီမိုကရေစီစံချိန်စံညွှန်းများနှင့် စီမံ အုပ်ချုပ်မှုအပေါ် စိတ်ပျက်လာသည်။
သို့နှင့် ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကာလက ဒေါ်အောင်ဆန်းစုကြည် မိန့်ကြားဖြန့် ဝေခဲ့ဖူးသော “နိုင်ငံသားတိုင်း မဲပေးခွင့်ရှိသလို မဲမပေးဘဲ နေပိုင်ခွင့်လည်းရှိတယ်။ အတင်းအဓမ္မ မဲပေးခိုင်းခြင်းသည် ဥပဒေကိုချိုးဖောက်ခြင်းဖြစ်သည်” ဟူသော သဘောထားရပ်တည်ချက်နှင့်အညီ No Vote လုပ်ပြီး မည်သည့်ပါတီကိုမျှ မဲမပေးခဲ့တော့။
ရွေးကောက်ပွဲရလဒ် မျက်ခြည်မပြတ်လေ့လာ
၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကိုတော့ မြန်မာ့နိုင်ငံရေးကို စိတ်ပါဝင်စားသူပီပီ မျက်ခြည် မပြတ် လေ့လာကြည့်ရှုခဲ့သည်။ ရွေးကောက်ပွဲမတိုင်မီ ကနဦးကာလများကတည်းက အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာနအောက်သို့ ဆွဲသွင်းခဲ့ရုံမက အောက်ခြေပါတီ ဝင်များကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ အဖွဲ့ဝင်များ အဖြစ် ဝင်ရောက်အရွေးချယ်ခံ မြှုပ်နှံထားသော အာဏာရ NLD ပါတီသည် ပြိုင်ဘက်ပါတီကြီး/ငယ်များထက် အစစအရာရာ အားသာလို့နေပါသည်။
ထိုမျှမက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကလည်း ရွေးကောက်ပွဲကြိုတင်ပြင်ဆင် ထားရှိမှုအပေါ် လာရောက်ကြည့်ရှုစစ်ဆေးသည့် အာဏာရပါတီခေါင်းဆောင်ကြီး၏ရှေ့မှောက်တွင် လက်ကလေးနောက်ပစ်ပြီး ယို့ယို့ကလေးရပ်လို့။ ပြိုင်ဘက်ပါတီများကတော့ အနှီ ရွေး / ကော်အဖွဲ့က ထုတ်ပြန်ထားသည့် မဲဆွယ်ကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းချက် များအတွင်း မလူးသာ၊မလွင့်သာ ချောင်ပိတ်မိနေသည်။
မည်သို့ဆိုစေ စာရေးသူကတော့ ကိုယ်ယုံ ကြည်ရာအဖြစ် သည်တစ်ခေါက် အထွေထွေ ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာမည့် ညီညွတ် သောညွန့်ပေါင်းအစိုးရကိုသာ ငံ့လင့်စောင့်မျှော်နေ မိသည်။ သို့ရာတွင် အထွေထွေရွေးကောက်ပွဲရလဒ်က သည်တစ်ခေါက်လည်း မယုံနိုင်စရာ အာဏာရပါတီ ကပဲ သောင်ပြိုကမ်းပြိုအနိုင်ရသွားသည်။
ရပ်ကွက်ထဲက အာဏာရပါတီကိုထောက်ခံ ဝန်းရံသူမိတ်ဆွေတစ်ဦးက အားရဝမ်းသာ “ပြီးသွား ပါပြီ၊ ပွဲပြတ်သွားပြီ”ဟု ဥဒါန်းထကျူးသည်။ စာရေး သူအဖို့မူ မြန်မာ့နိုင်ငံရေးအလှည့်အပြောင်း အချိုး အကွေ့လမ်းကြောင်းသည် ယခုအချိန်မှစတင်လာပြီ ဟု မြင်သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအကြိုကာလကတည်းက ပြိုင်ဘက်နိုင်ငံရေးပါတီများမှ ခေါင်းဆောင်အချို့သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် သွားရောက်တွေ့ဆုံ၍ သန့်ရှင်းသော ရွေးကောက်ပွဲကြီးအဖြစ်ကျင်းပပေးရန် ဆွေးနွေး တိုင်ပင်ခဲ့ကြသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ် လပ်၍တရားမျှတသော ရွေးကောက်ပွဲကြီးကျင်းပနိုင်ရေးအတွက် ပေါ်ပြူလာဂျာနယ်နှင့် အင်တာ ဗျူးစဉ်က အပါအဝင် အကြိမ်များစွာ တရားဝင်ထုတ် ဖော်အသိပေးပြောကြားခဲ့သည်။
မဲဆန္ဒနယ်မြေများ ပြန်လည်စိစစ်
စစ်ဆေးရန် တောင်းဆိုလာ
ရွေးကောက်ပွဲအပြီးတွင်လည်း တပ်မတော်က ရွေးကောက်ပွဲဥပဒေနှင့်မညီညွတ်ဘဲ အငြင်းပွားစရာ ဖြစ်ခဲ့သည့် မဲဆန္ဒနယ်မြေများကို ပြန်လည်စိစစ် စစ်ဆေးရန် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ တောင်းဆိုလာသည်။ အတိတ်ကအစဉ်အဆက် လက်ကိုင်ထားခဲ့သော တပ်မတော်မုန်းတီးရေး အာဃာတများကို အာဏာနိုင်ငံရေး ငါးနှစ်တာ ကာလအတွင်းမှာလည်း အနောက်နိုင်ငံများအလိုကျ ဆက်လက်ဆုပ်ကိုင်ထားခဲ့သည့် NLD ပါတီနှင့် လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် နိုင်ငံရေး လောကမှ ပေါက်ဖွားလာသော တပ်မတော်တို့ ထိပ်တိုက်တွေ့လေပြီ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းစွာ ပူးပေါင်းဆွေး နွေးအဖြေရှာလိုကြောင်း ပြောကြားခဲ့သော်လည်း အာဏာရပါတီ NLD သည် အနာဂတ်တွင်ဖြစ်ပေါ် လာမည့်အကျိုးဆက်များကို ရှောင်လွှဲနိုင်ရန် စေ့စပ်ညှိနှိုင်း ပူးပေါင်းဆွေးနွေးအဖြေရှာရမည့် အစား အာဃာတတရားကြီးမားသော တရားသေဝါဒီ များပီပီ ခေါင်းမာစွာနေမြဲအတိုင်း ရပ်တည်ခဲ့သည်။
ထိုမျှမက အာဏာရပါတီခေါင်းဆောင်သည် နိုင်ငံပိုင်မီဒီယာစင်မြင့်ထက်မှ “ဘာရမလဲ သာဝ ရယ်”ဟူ၍ပင် မထီမဲ့မြင် ပြောဆိုတုံ့ပြန်လေသည်။ ပါတီကို ဝန်းရံထောက်ခံသူအပေါင်းကလည်း “သိမ်းချင်သလား၊ အမှိုက်တွေသိမ်း”ဟု ရန်စ မောက်မာမှုတွေ ပြခဲ့ကြသည်။
နိုင်ငံရေးလေ့လာသူများမဆိုထားဘိ သာမန် အရပ်သားအချို့ပင် မြန်မာ့နိုင်ငံရေးလမ်းကြောင်း ၏ အချိုးအကွေ့တစ်ခုသည် မကြာမီပေါ်ပေါက်လာ တော့မည်ဟု ခန့်မှန်းမိကြသော်လည်း အာဏာရ ပါတီအစိုးရသည် တစ်ချိန်က ဂန္ဒီခန်းမအစည်း အဝေးကြေညာချက်ဖြင့် လွှတ်တော်ကိုဇွတ်ခေါ် သလိုမျိုး ယခုတစ်ကြိမ်တွင် ထပ်မံစီစဉ် ဆောင်ရွက်နေကြပြန်သည်။
ဤသို့ဖြင့် တပ်မတော်သည် သူတို့ကိုယ်တိုင် အပင်ပန်းအဆင်းရဲခံ၊ အငြိုအငြင်ခံကာ ဖောက် လုပ်ထားခဲ့သော မြန်မာ့ဒီမိုကရေစီလမ်းကြောင်း မတိမ်းမစောင်း၊ မယိမ်းမယိုင်စေရေးအလို့ငှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်၏ အာဏာကို ထိန်းသိမ်းခဲ့ရလေတော့သည်။
ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းတွင် အသစ် ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ မဲစာရင်း များနှင့် မဲပေးမှုအခြေအနေများကို စစ်ဆေးခဲ့ပြီး “ရွေးကောက်ပွဲတွင် မဲစာရင်းအရေအတွက် များစွာ မှားယွင်းမှုများဖြစ်ပေါ်ရခြင်းသည် မတော်တဆ ဖြစ်ပေါ်ခဲ့သော မှားယွင်းမှုမျိုးမဟုတ်ဘဲ ကြိုတင် ကြံစည်ဆောင်ရွက်ခဲ့ခြင်းကြောင့်သာ ဖြစ်ကြောင်း၊ ထို့အပြင် မဲစာရင်းကောက်ယူခြင်း၊ မဲဆွယ်စည်းရုံး ခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးခြင်း စသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်တွင် ဝင်ရောက် စွက်ဖက် မလျော်သြဇာအသုံးပြု၍ မသမာမှုများ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည့်အပြင် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း တရားဝင်အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုကာ ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်ဖောက်ဖျက် ဆောင်ရွက်ခဲ့ကြောင်း” ဇူလိုင် ၁၂ ရက်ကကျင်းပခဲ့သော သတင်းစာရှင်း လင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးတွေ့ရှိချက်အရ မဲမသမာမှုဖြစ်ပွားခဲ့သော မှားယွင်းခဲ့သည့် တစ်နိုင်ငံလုံးမဲဆန္ဒရှင် အရေ အတွက်စုစုပေါင်းမှာ ၁၁၃၀၅၃၉၀ (၁၁ သန်းကျော်) ဖြစ်ကြောင်း ကြေညာခဲ့သည်။
ရွေးကောက်ပွဲရလဒ်များကို
ပယ်ဖျက်ကြောင်း ကြေညာ
သို့ဖြစ်၍ ဇူလိုင် ၂၆ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိသည့်အပြင် လွတ်လပ်၍တရားမျှတမှုမရှိသော ရွေးကောက်ပွဲဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ ခဲ့သည့် ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက် ကြောင်း ကြေညာလိုက်သည်။
“ဒီမိုကရေစီရရှိရေး- ဒို့အရေး ဒို့အရေး” ဟူသည့် ဆယ်ကျော်သက်အရွယ် လူငယ်လေး တချို့၏ လမ်းမထက်က ကြွေးကြော်သံအချို့ကို လတ်တလော ကြိုးကြားကြိုးကြား ကြားနေရဆဲ။
စာရေးသူအဖို့မူ “အာဏာသည် လူကို ပျက်စီးစေသည်၊ အကြွင်းမဲ့အာဏာသည် အကြွင်း မဲ့ပျက်စီးစေသည်”ဟူသော နိုင်ငံရေးသံဝေဂ ဂါထာ ကိုသာ ပွားများရင်း အာဃာတ အငြိုးအတေးများ နှင့် အာဏာရနိုင်ငံရေးပါးမဝမှုကြောင့် ခဲလေသမျှ သဲရေကျခဲ့ရသည့် ထို ငါးနှစ်ကို နှမြောတသမဆုံး ဖြစ်ရပါတော့သည်။ ။
- Log in to post comments