ပေါင်းစည်းညီညွတ် မိတ်ဝတ်ရင်းခံ အာဆီယံ

Type

 

 မောင်မျိုးအောင်(ပန်းဧရာ)

စိတ်ဓာတ်ညီညွတ်သူတို့၏အကျင့်သည်  ချမ်းသာခြင်း၏အကြောင်းဖြစ်သည်ဟု ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားတော်မူခဲ့သည်။ စည်းလုံးညီညွတ်မှုသည် လူသားတို့၏ အသက်ဖြစ်သကဲ့သို့ လူသားအားလုံး၏ ရတနာတစ်ပါးလည်းဖြစ်သည်။ ညီညွတ်မှုအင်အားဖြင့် အရာရာကိုအောင်မြင်နိုင်သကဲ့သို့ အခက်အခဲပေါင်းစုံကိုလည်း တွန်းလှန် နိုင်ပေသည်။ အတိတ်ကာလများတွင် လူသားများသည် အစုအစည်း၊ အသင်းအပင်းနှင့် နေထိုင်တတ်ပြီး အရောင်အသွေး၊ ဘာသာစကား၊ ကိုးကွယ်မှုအယူဝါဒတူသူချင်းသာ ပေါင်းသင်းဆက်ဆံစုစည်းနေထိုင်တတ်ကြသည်။ ခေတ်စနစ်ပြောင်းလဲလာမှုအရ ယနေ့ကမ္ဘာတွင် လူတစ်ဦးတစ်ယောက်တည်း၊ တစ်နိုင်ငံတည်း အထီးကျန်ရပ်တည်၍ မရနိုင်တော့သဖြင့် ပေါင်းသင်းဆက်ဆံမှုနယ်ပယ်ကျယ်ဝန်းလာပြီး ပထဝီနယ်ပယ်ဒေသအလိုက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့်ကဏ္ဍစုံများအရ ဒေသအတွင်း နိုင်ငံများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ရည်ရွယ်ချက်တူညီသည့် နိုင်ငံများစုစည်းပြီး ခိုင်မာသောအစုအဖွဲ့ ဖွဲ့စည်း၍ မိတ်ဖွဲ့ပေါင်းသင်းဆက်ဆံနေထိုင်လျက်ရှိကြပေသည်။
 

အာဆီယံဆိုသည်မှာ


ကမ္ဘာပေါ်ရှိ    နိုင်ငံ့ခေါင်းဆောင် များသည် နိုင်ငံတွင်းမှသည် ဒေသတွင်း၊ ထိုမှသည်ကမ္ဘာတစ်ဝန်း တည်ငြိမ်အေးချမ်းဖွံ့ဖြိုးရေးသို့ လျှောက်လှမ်းပုံဖော် နိုင်ရန် ဒေသအတွင်း နိုင်ငံများအချင်း ချင်း၊   မိတ်ဖက်နိုင်ငံများ   အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အပြန်အလှန် အကူအညီပေးနိုင်ရေးတို့အတွက် အသင်း အဖွဲ့မျိုးစုံ တည်ထောင်လာခဲ့ကြသည်။ အသင်းအဖွဲ့ဟု   ခေါ်ရာတွင်လည်း နယ်မြေဒေသကို အခြေခံ၍ဖွဲ့စည်းမှုတူညီသည့်နိုင်ငံရေး၊ စစ်ရေးရည်ရွယ် ချက်ကို အခြေခံ၍ ဖွဲ့စည်းမှု၊ စီးပွားရေး အရဖွဲ့စည်းမှု၊ ဘာသာရေးအရ အခြေခံ ဖွဲ့စည်းမှု   အစရှိသည့်     ဖွဲ့စည်းမှု ပုံသဏ္ဌာန်များ   ကွဲပြား၍    ဖွဲ့စည်း ထူထောင်ခဲ့ကြပါသည်။ ထိုအထဲတွင် အာရှတိုက်၏    အရှေ့တောင်ပိုင်းရှိ  မတူကွဲပြားသည့်    အဖွဲ့ဝင်နိုင်ငံများ တစ်နည်းဆိုရသော်  “အင်ဒိုချိုင်းနား ကျွန်းဆွယ်” ပေါ်ရှိ နိုင်ငံများနှင့် ၎င်းတို့ ၏ ကမ်းလွန်ပင်လယ်ပြင်တွင်ရှိသော ကျွန်းစုနိုင်ငံများကို    စုစည်းပူးပေါင်း ဖွဲ့စည်းထားသည့်  အာဆီယံ (​ASEAN)အဖွဲ့အစည်းတစ်ခုသည်လည်း အပါ အဝင်ဖြစ်သည်။ အာဆီယံ ဆိုသည်မှာ အရှေ့တောင်အာရှ   နိုင်ငံများအသင်း (Association of South  East Asia Nation) ပင်ဖြစ်ပြီး ဒေသတွင်းနိုင်ငံများ ၏  နိုင်ငံရေး၊   စီးပွားရေး၊   လူမှုရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ    အဖွဲ့ အစည်းတစ်ရပ်လည်း ဖြစ်သည်။
အရှေ့တောင်အာရှ     နိုင်ငံများ အသင်း  (​ASEAN)  ကြီး၏  အန္တိမ ရည်မှန်းချက်မှာ   တစ်စုတစ်စည်း တည်းသော အရှေ့တောင်အာရှနိုင်ငံ များအသင်းကို ထူထောင်ရန်ဖြစ်သည်။ အရှေ့တောင်အာရှဒေသသည် ရှေးနှစ် ပေါင်းများစွာကပင် မင်းနေပြည်တော် များ ထူထောင်၍ ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုများဖြင့် နေထိုင် လာခဲ့ကြသော်လည်း သမိုင်းကြောင်း၊  ယဉ်ကျေးမှု၊ ဘာသာအယူဝါဒ၊ လူမျိုးစု၊ ရိုးရာဓလေ့နှင့်ဘာသာစကား စသည် ဖြင့်  ကဏ္ဍများစွာတွင်   တူညီမှုအချို့ ရှိသော်လည်း   ကွဲပြားခြားနားမှုအရ လည်းရှိနေခဲ့သော   ဒေသဖြစ်သည်။ အာဆီယံဒေသတွင်းဖြစ်သည့်အတွက် တူညီသောရာသီဥတု၊ သဘာဝပေါက် ပင်၊ တောတောင်၊ မြစ်ချောင်းစသည့် ပထဝီအနေအထား   အခြေအနေများ ကြောင့်  ဆင်တူသော   အသက်မွေးဝမ်း ကျောင်းမှု၊ တူညီသော နေထိုင်စားသောက် မှုနှင့် နီးစပ်သော ဝတ်စားဆင်ယင်မှုများလည်းရှိနေခဲ့ကြသည်မှာ   ပကတိအရှိ တရားပင်ဖြစ်ပါသည်။ ၁၆ ရာစုခန့်မှစ၍ ဒတ်ချ်၊ ပေါ်တူဂီ၊ ပြင်သစ်၊ စပိန်၊ ဗြိတိန် နှင့် အမေရိကန်စသော  အနောက်အုပ်စု နယ်ချဲ့များသည်   ကမ္ဘာ့အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို  ဆက်သွယ်ရာတွင် အဓိကလမ်းကြောင်းပေါ်၌ တည်ရှိနေသော အရှေ့တောင်အာရှဒေသသို့ရောက်ရှိလာပြီး   နယ်ချဲ့အုပ်စိုးခဲ့ကြရာ   အရှေ့တောင် အာရှဒေသတွင်   နိုင်ငံများသည်    ကွဲပြား ခြားနားသော     ကိုလိုနီနယ်ချဲ့များ လက်အောက်သို့  ကျရောက်ခဲ့ကြသည်။


ကြိုးပမ်းလာခဲ့


ထိုသို့   ကွဲပြားသော    ကိုလိုနီ လက်အောက်ခံဘဝတွင်    အရှေ့တောင် အာရှ နိုင်ငံများသည် ကိုလိုနီနိုင်ငံများ၏ လွှမ်းမိုးမှုများအရ  ယဉ်ကျေးမှု၊ ဘာသာ ရေး၊ နေထိုင်စားသောက်မှု၊ ဘာသာစကား၊ ပညာရေးစနစ်စသည်တို့၌ ထပ်မံကွဲပြားခဲ့ ကြပြန်သည်။ နယ်ချဲ့အသီးသီးတို့၏ ကွဲပြား သော  လက်အောက်ခံနိုင်ငံများအဖြစ် ရောက်ရှိခဲ့ရချိန်များဘဝတွင် အရှေ့တောင် အာရှနိုင်ငံများအချင်းချင်း   အဆက်အဆံ မရှိသလောက် နည်းပါးခဲ့ကြသည်။   ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အရှေ့တောင်အာရှ နိုင်ငံများ  လွတ်လပ်ရေးရလာကြသည့် အခါတွင်လည်း    ကိုလိုနီအမွေဆိုးများ ကြောင့်   မိမိတို့ဒေသတွင်း   နိုင်ငံများ၏ အရေးအကြောင်းထက်     ဥရောပနှင့် အမေရိက‌ဒေသရှိ   အကြောင်းအရာများ ကိုသာ   ပိုမိုအကျွမ်းတဝင်ရှိခဲ့ကြသည်။ ထို့ကြောင့်ပင် အရှေ့တောင်အာရှဒေသမှ ခေါင်းဆောင်များသည် စစ်အေးတိုက်ပွဲ ကာလအတွင်း အားပြိုင်နိုင်ငံရေးအုပ်စု များအကြား ဘက်လိုက်ပါဝင်မှုမရှိဘဲ မိမိ တို့ဒေသအတွင်း  စီးပွားရေး၊   လူမှုရေး၊ ယဉ်ကျေးမှုတို့တွင် ဖွံ့ဖြိုးတိုးတက်လာစေ ရန် ပူးပေါင်းဆောင်ရွက် ကြိုးပမ်းမြှင့်တင် ခြင်းဖြင့်  ဒေသတွင်းလုံခြုံမှုကိုပါ   တည် ဆောက်ရန် ကြိုးပမ်းလာခဲ့ကြသည်။ 


စတင်ဖွဲ့စည်း


၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ တွင် ဘန်ကောက်မြို့၌    အာဆီယံကြေညာ စာတမ်းအားထုတ်ပြန်၍ “တစ်စုတစ်စည်း တည်းသော အရှေ့တောင်အာရှဒေသကို ထူထောင်ရန်”ဟူသော အန္တိမရည်မှန်းချက် ဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)    ကြီးကို      စတင်ဖွဲ့စည်း တည်ထောင်ခဲ့ကြသည်။    အသင်းကြီး စတင်ဖွဲ့စည်းတည်ထောင်စဉ်က     ထိုင်း၊ မလေးရှား၊  အင်ဒိုနီးရှား၊   ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံတို့ဖြင့်    ဖွဲ့စည်းခဲ့သည်။ ဒေသတွင်းနိုင်ငံများ    အချင်းချင်း၏ ပူးပေါင်းဆောင်ရွက်မှု      စိတ်ဓာတ်နှင့် ငြိမ်းချမ်းသော၊   သာယာဝပြောသော၊ ညီညွတ်ပေါင်းစည်းသော အာဆီယံဒေသ အဖြစ်တည်ဆောက်ရန်   ရည်မှန်းချက် တို့ဖြင့် မွေးဖွားလာခဲ့သော အရှေ့တောင် အာရှနိုင်ငံများအသင်းကြီး   (​ASEAN) ထူထောင်လာခဲ့သည်မှာ   ယနေ့ဆိုလျှင် ရာစု နှစ်ဝက်ကျော် (၅၄ နှစ်အတွင်း) သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ အသင်းကြီး၏ ရည်ရွယ်ချက်မှာ ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်း ရန်၊ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့်လူမှု ရေး၊ ယဉ်ကျေးမှု  ပူးပေါင်းဆောင်ရွက် ရေးကို ပိုမိုမြှင့်တင်ရန်၊ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ချင်း တူညီသည့်နိုင်ငံတကာ နှင့် ဒေသတွင်း    အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် စသည့်ရည်ရွယ် ချက်များကို   အကောင်အထည်ဖော်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 
အရှေ့တောင်အာရှနိုင်ငံများအသင်းကြီး (​ASEAN) ၏ အဖွဲ့အစည်းများတွင် အဖွဲ့ဝင်နိုင်ငံများ၏    နိုင်ငံတော်အကြီး အကဲများ (သို့မဟုတ်) အစိုးရအဖွဲ့အကြီး အကဲများပါဝင်သော   အာဆီယံထိပ်သီး အစည်းအဝေး၊ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ ပါဝင်သော အာဆီယံလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၊ အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေး၊ စီးပွားရေး၊  လူမှု ရေး၊ ယဉ်ကျေးမှုစသော   အသိုက်အဝန်း သုံးရပ်ပါဝင်သည့် အာဆီယံအသိုက်အဝန်း ကောင်စီများ၊ အာဆီယံဝန်ကြီးအဆင့် ကဏ္ဍအလိုက် အဖွဲ့အစည်းများ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်း ရေးမှူးချုပ်ရုံး၊    အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များကော်မတီ၊   အာဆီယံ အမျိုးသားအဆင့်    အတွင်းရေးမှူးရုံး၊  အာဆီယံလူ့အခွင့်အရေးဆိုင်ရာ   အဖွဲ့ နှင့် အာဆီယံဖောင်ဒေးရှင်း   စသည်ဖြင့် နယ်ပယ်အလိုက်၊ ကဏ္ဍအလိုက်ဖွဲ့စည်းပါဝင်လျက်ရှိသည်။


ပြည်သူကို မျက်နှာမူဗဟိုပြု


အာဆီယံ၏    လက်ရှိ    လှုပ်ရှား ဆောင်ရွက်မှုများတွင်လည်း အဖွဲ့ဝင်နိုင်ငံ များမှ  ပြည်သူလူထုများ၏   ထောက်ခံ ချက်များကိုလည်း ရရှိထားကာ အားလုံး ပါဝင်သည့်စည်းမျဉ်းကိုအခြေခံ၍ ပြည်သူ ကို မျက်နှာမူဗဟိုပြုသည့် တစ်ခုတည်း သော အသိုက်အဝန်းဖြစ်လာစေရန် ဒေသ တွင်းအသွင်ကူးပြောင်းမှုများတွင် အတိုင်း အတာတစ်ခုအထိ အောင်မြင်မှုရှိလာခဲ့ပြီ ဖြစ်သည်။ အာဆီယံအသင်းကြီးအနေဖြင့် ယခုကဲ့သို့ အောင်မြင်မှုရရှိလာပြီး နှစ်ပေါင်း များစွာတည်တံ့နေနိုင်ခြင်းမှာ အကြောင်း အရင်း အများအပြားပါဝင်သည်။ ၎င်းတို့ မှာ  တစ်နိုင်ငံနှင့်တစ်နိုင်ငံ   ချစ်ကြည် ရင်းနှီးစွာ    ပူးပေါင်းဆောင်ရွက်ခြင်း၊ တစ်နိုင်ငံ၏  ပြည်တွင်းရေးကို တစ်နိုင်ငံ က ဝင်ရောက်စွက်ဖက်မှုမပြုခြင်း၊ အငြင်း ပွားခြိမ်းခြောက်ခြင်းကို ရှောင်ကြဉ်ခြင်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့်   အခြား ကဏ္ဍ များတွင်     ပူးပေါင်းဆောင်ရွက်ခြင်း၊ အာဆီယံဆိုင်ရာ   အစည်းအဝေးများမှ သဘောတူညီမှုရရှိပြီး စုပေါင်းအကောင် အထည်ဖော်ခြင်း   စသည့်အကြောင်း အရင်းတို့ကြောင့်ဖြစ်သည်။    ထိုသို့ ရည်ရွယ်ချက်များ    မှန်ကန်ကောင်းမွန် ခြင်း၊     လုပ်ငန်းစဉ်များသည်လည်း   လက်တွေ့ဘဝအား   အကျိုးပြုခြင်း   စသည်တို့ကြောင့်  အာဆီယံအသင်းကြီး အပေါ်   ဒေသတွင်းနိုင်ငံသားများ၏    ယုံကြည်အားထားခြင်းကို ခံရလေသည်။  ထိုသို့ အပြုသဘောဆောင်     တိုးတက်မှု စွမ်းဆောင်ရည်များကြောင့်    ၁၉၈၄ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ၊ ၁၉၉၅ ခုနှစ် တွင် ဗီယက်နမ်နိုင်ငံ၊ ၁၉၉၇ ခုနှစ်တွင် လာအိုနှင့် မြန်မာနိုင်ငံ၊ ၁၉၉၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံတို့သည်  အာဆီယံ မိသားစုတွင် ပါဝင်ခဲ့ကြသည်။ 


အာဆီယံမိသားစုတွင် ပါဝင်


မြန်မာနိုင်ငံမပါဝင်မီက အာဆီယံအသင်းကြီးတွင်အဖွဲ့ဝင်အဖြစ် ၇ နိုင်ငံ သာရှိခဲ့ရာ အရှေ့တောင်အာရှ ၁၀ နိုင်ငံ လုံး    မပါဝင်သရွေ့    အာဆီယံသည် ပြီးပြည့်စုံခြင်း မရှိသကဲ့သို့ အရှေ့တောင် အာရှဒေသတစ်ခုလုံးကိုလည်း   အစစ် အမှန်ကိုယ်စားပြုနိုင်ခြင်းလည်း ရှိမည် မဟုတ်ပေ။ အာဆီယံစတင်ဖွဲ့စည်းစဉ် ကပင် မြန်မာနိုင်ငံအားအာဆီယံအဖွဲ့ဝင် ဖြစ်ရေးကို   စတင်ဖွဲ့စည်းသူများက အလေးထားကြိုးပမ်းခဲ့ပြီး   ကိုယ်စား လှယ်အဖွဲ့ပေါင်းများစွာ    ရန်ကုန်သို့ စေလွှတ်၍ ဆွဲဆောင်ခဲ့ကြ၏။ ထိုအချိန် ကာလက ကမ္ဘာ့စစ်အေးတိုက်ပွဲအရှိန် အဟုန်ပြင်းထန်လျက်ရှိပြီး ဗီယက်နမ် စစ်ပွဲ၏ရိုက်ခတ်မှုသည် အထွတ်အထိပ် သို့ ရောက်ရှိနေချိန်ဖြစ်သည်။  မြန်မာ နိုင်ငံအနေဖြင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ ကို တိကျစွာလိုက်နာကျင့်သုံးလျက်ရှိ ခြင်းကြောင့် အာဆီယံအဖွဲ့ဝင်ဖြစ်လာ ရန် အဆင်သင့်မဖြစ်နိုင်ခဲ့ပေ။ သို့သော် ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲလာမှု နှင့်အတူ  ဒေသအတွင်း   ချစ်ကြည် ရင်းနှီးမှုကို ပိုမိုခိုင်မြဲစွာတည်ဆောက် နိုင်ရန်ရည်ရွယ်လျက် အာဆီယံမိသားစု တွင် ပါဝင်ရန်ကြိုးစားခဲ့သည်။


တပ်မတော်အစိုးရလက်ထက်တွင် မြန်မာ နိုင်ငံသည် ၁၉၉၄ ခုနှစ် ဇူလိုင်လတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့၌   ကျင်းပ ခဲ့သော (၂၇)ကြိမ်မြောက်  ဝန်ကြီးအဆင့် အစည်းအဝေးတွင်  အိမ်ရှင်ထိုင်းနိုင်ငံ၏ ဧည့်သည်အဖြစ် တက်ရောက်ခဲ့ခြင်းဖြင့် အာဆီယံနှင့် ပထမဆုံးထိတွေ့မှုကို စတင် ခဲ့သည်။  ၁၉၉၅  ခုနှစ်   ဇူလိုင်လတွင်   ဘရူနိုင်းနိုင်ငံ၌ကျင်းပခဲ့သော (၂၈)ကြိမ် မြောက် ဝန်ကြီးအဆင့် အစည်းအဝေး တွင်လည်း ထိုင်းနိုင်ငံ၏ ဧည့်သည်အဖြစ်   ထပ်မံတက်ရောက်ကာ     ချစ်ကြည်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး   စာချုပ်တွင်   လက်မှတ်ရေးထိုးခဲ့သည်။  ၎င်းအပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့တွင်   လေ့လာသူဖြစ်လိုကြောင်းကိုပါ တစ်ပါ တည်း လျှောက်ထားခဲ့သည်။ ထိုအခြေ အနေများသည် မြန်မာနိုင်ငံ၏ အာဆီယံ အဖွဲ့ဝင်အဖြစ်   ဝင်ရောက်ရေး    ပထမ ခြေလှမ်းများပင်ဖြစ်သည်။
အဖွဲ့ဝင်ဖြစ်လာခဲ့
၁၉၉၆ ခုနှစ် ဇူလိုင်လတွင် အင်ဒို နီးရှားနိုင်ငံ ဂျကာတာမြို့၌   ကျင်းပ သော (၂၉)ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးတွင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့  လေ့လာသူနိုင်ငံအဖြစ် ပါဝင်တက်ရောက်ခဲ့ပြီး အစည်းအဝေး အပြီး၌ အာဆီယံဒေသဆိုင်ရာ  အစည်း အဝေးတွင်   အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ထိုသို့ အရှေ့တောင်အာရှဒေသအတွင်းရှိ နိုင်ငံများအားလုံးတညီတညွတ်တည်း ပူးပေါင်းပါဝင်ရန်  လမ်းစပွင့်လာသည့် အချိန်တွင် “မြန်မာနိုင်ငံကို  အာဆီယံ အဖွဲ့ဝင်အဖြစ်   လက်မခံသင့်ကြောင်း၊ မြန်မာနိုင်ငံစီးပွားရေးသည်   အာဆီယံ စိတ်ကြိုက်ပုံစံလည်း   မဟုတ်သေး ကြောင်း” ဖြင့် အရှေ့တောင်အာရှဒေသ အကျိုးကို လိုလားသယောင်နှင့် ဖျက်လို ဖျက်ဆီးဟစ်ကြွေးသူ ပြည်တွင်း၊ ပြည်ပ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအချို့လည်း ရှိခဲ့ သည်။ သို့သော်လည်း   ၁၉၉၇   ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သည့် အာဆီယံဝန်ကြီးအဆင့် အထူးအစည်း အဝေးပွဲတွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ တို့အား   မူလသဘောတူထားသည့် အတိုင်း အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံ ရန် သဘောတူခဲ့ကြသည်။ ထို့ကြောင့် ၁၉၉၇ ခုနှစ်  ဇူလိုင်လ ၂၃  ရက်နေ့တွင် မလေးရှားနိုင်ငံ  ဆူဗန်ဂျားယားမြို့၌ ကျင်းပသော အာဆီယံအဖွဲ့ဝင်သစ်များလက်ခံသည့်အခမ်းအနားတွင် မြန်မာ နိုင်ငံအား အာဆီယံတင်းပြည့်အဖွဲ့ဝင် အဖြစ် လက်ခံခဲ့သည်။ ထိုသို့ မှန်ကန် သောခြေလှမ်း၊ ခိုင်မာသောစိတ်ဓာတ် တို့ဖြင့် မြန်မာသည် အာဆီယံမိသားစုဝင် ဖြစ်လာခဲ့သည်။


မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် ဖြစ်လာခဲ့ပြီးနောက် ဗီယက်နမ်ဆိုရှယ် လစ်သမ္မတနိုင်ငံ  ဟနွိုင်းမြို့၌   ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၆ ရက် နေ့အထိ  ကျင်းပခဲ့သည့်   ဆဋ္ဌမအကြိမ် အာဆီယံ     ပုံမှန်ထိပ်သီးညီလာခံသို့ အဖွဲ့ဝင်နိုင်ငံအဖြစ်   ပထမဆုံးအကြိမ် တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံအနေ ဖြင့်   ပထမဆုံး    တက်ရောက်သည့် ထိပ်သီးညီလာခံဖြစ်သော်လည်း ဒေသ ဆိုင်ရာအကျိုးစီးပွားနှင့် မြန်မာနိုင်ငံ၏အကျိုးစီးပွားကိုအခြေခံလျက် အာဆီယံ အသင်းကြီး ပိုမိုထက်မြက်ထိရောက်စေ ရေးအတွက် တက်ကြွစွာပါဝင်လှုပ်ရှား ဆွေးနွေးနိုင်ခဲ့သည်။ ဒေသတွင်းကြုံတွေ့ နေရသော စီးပွားရေးနှင့်   ဘဏ္ဍာရေး ဆိုင်ရာအခက်အခဲများကို ကိုင်တွယ် ဖြေရှင်းရန်နည်းလမ်းများ၊ မဟာဗျူဟာ နှင့်   လုပ်ငန်းစဉ်များကိုလည်း    အခြား အသင်းဝင်နိုင်ငံများနှင့်အတူ   စုပေါင်း အဖြေရှာနိုင်ခဲ့သည်။ အထူးသဖြင့် ဒေသ ပြင်ပရှိ ဝေဖန်ရေးသမားများက အာဆီယံ အသင်းကြီးနှင့် လုပ်နည်းလုပ်ဟန်များကို ပုတ်ခတ်တိုက်ခိုက်နေစဉ်   မြန်မာနိုင်ငံ အနေဖြင့်   စိတ်တူကိုယ်တူနိုင်ငံများနှင့် လက်တွဲပြီး   အာဆီယံအသင်းကြီး၏ အခြေခံမူများ၊     အာဆီယံမိသားစု စိတ်ဓာတ်နှင့် နည်းစနစ်များကို ထိရောက် စွာကာကွယ်နိုင်ခဲ့သည်။ ထိုအစည်းအဝေး မှသည် ဒေသတွင်း နိုင်ငံ့ခေါင်းဆောင်များ အကြား ပုဂ္ဂိုလ်ရေးခင်မင်မှုကို တည်ဆောက် နိုင်သကဲ့သို့   ဒေသတွင်းနိုင်ငံအသီးသီး ၏  ချစ်ကြည်ရင်းနှီးမှု    ပိုမိုခိုင်မြဲစေရေး တို့ကိုလည်း    တည်ဆောက်နိုင်ခဲ့သည်။ ထို့ကြောင့်လည်း  အာဆီယံသည်ဒေသ တွင်း   ပေါင်းစည်းရေးကြိုးပမ်းနေသည့် အဖွဲ့အစည်းများအနက် အောင်မြင်မှုအရှိ ဆုံးအဖွဲ့အစည်းတစ်ရပ်အဖြစ် ကမ္ဘာ့နိုင်ငံ များအကြား စံနမူနာထားလက်ခံရသည့် အဖွဲ့အစည်းကြီးအဖြစ်လည်း      ရပ်တည် နိုင်ခဲ့ပေသည်။


 အောင်မြင်စွာထမ်းဆောင်နိုင်ခဲ့


အာဆီယံသည်နိုင်ငံရေးအရ စည်းလုံး ညီညွတ်မှု၊ စီးပွားရေးအရ   ပေါင်းစည်း နိုင်မှု၊  လူမှုရေးအရ    တာဝန်ယူတတ်မှု များကိုဆောင်ရွက်ရန် မျှော်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပေသည်။ ၁၉၉၇ ခုနှစ် တွင်   အာဆီယံအဖွဲ့ဝင်ဖြစ်လာခဲ့သည့် မြန်မာနိုင်ငံသည် နှစ်ပေါင်း ၁၇ နှစ် ကြာပြီး နောက် သမိုင်းပေးတာဝန်   တစ်ရပ်ဖြစ် သည့် အာဆီယံဥက္ကဋ္ဌရာထူးတာဝန်ကို ၂၀၁၄  ခုနှစ်တွင်     အောင်မြင်စွာထမ်း ဆောင်နိုင်ခဲ့သည်။    မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ်      တာဝန်ယူ ဆောင်ရွက်ခဲ့စဉ် (၂၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးကြီးနှစ်ခု       အပါအဝင် နိုင်ငံတော်အကြီးအကဲအဆင့်   အစည်း အဝေးပေါင်း ၁၂ ခု၊ ဝန်ကြီးအဆင့်အစည်း အဝေးပေါင်း ၃၄ ခု၊ အဆင့်မြင့်အရာရှိကြီး များအစည်းအဝေးနှင့်    လုပ်ငန်းအဖွဲ့ အစည်းအဝေးပေါင်း ၈၉ ခု၊   စုစုပေါင်း အစည်းအဝေး ၁၃၅ ခုအား အိမ်ရှင်နိုင်ငံ အဖြစ်   အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အာဆီယံနိုင်ငံများမှ နိုင်ငံ့အကြီးအကဲများ ၏ တူညီသောဆန္ဒဖြင့် ၂၀၁၅ ခုနှစ်အလွန် အာဆီယံအသိုက်အဝန်း  မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ နေပြည်တော်ကြေညာ ချက်အပါအဝင် ကြေညာချက် ၃၄ ချက်ကို ထုတ်ပြန်နိုင်ခဲ့သည်။
မြန်မာနိုင်ငံသည်  အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့ပြီးနောက်  အာဆီယံက ချမှတ်ခဲ့သည့်  စံနှုန်းများ၊   စည်းမျဉ်းများ ကိုလိုက်နာဆောင်ရွက်ခဲ့သည့် တက်ကြွ သည့် နိုင်ငံတစ်နိုင်ငံလည်း   ဖြစ်သည်။ အာဆီယံအဖွဲ့ကြီးသည်လည်း   မြန်မာ နိုင်ငံ၏  နိုင်ငံတကာဆက်ဆံရေးခက်ခဲနေချိန်များတွင် အတူတကွရပ်တည်ပေး ခဲ့သည့်နည်းတူ တိုးတက်ပြောင်းလဲလာ သည့်   မြန်မာနိုင်ငံအခြေအနေများကို လည်း   ဝမ်းပန်းတသာ   ကြိုဆိုနေလျက် ရှိသည့် အဖွဲ့အစည်းတစ်ခုပင် ဖြစ်သည်။ အာဆီယံဒေသအတွင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်မြင့်မားလာခြင်းသည် ဒေသတွင်း ခေါင်းဆောင်များ၏ စစ်မှန်သောအားထုတ် ကြိုးပမ်းမှု၏ ရလဒ်များပင်   ဖြစ်သည်။ အာဆီယံသည် အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုနှင့်ကြီးစိုးမှုများ   စိမ့်ဝင်ပျံ့နှံ့ မလာစေရေးအတွက် ဒေသအတွင်းနိုင်ငံ ရေးနှင့်      စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်   ဆောင်ရွက်လျက် ရှိပြီး ဒေသတွင်းနိုင်ငံအချင်းချင်း ဖြစ်ပေါ် လာသော  သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာညှိနှိုင်း ဖြေရှင်းပေးလျက်ရှိ သည့်  အဘက်ဘက်မှ   တိုးတက်လျက် ရှိသောအဖွဲ့ကြီးအဖြစ်   ရပ်တည်လျက်ရှိ သည်။ 


အဓိကအခန်းကဏ္ဍမှ ပါဝင်


အရှေ့အာရှနှင့်တောင်အာရှ ကမ်းရိုး တန်းဒေသများနှင့်    တစ်ဆက်တည်း ကမ်းလွန်ပင်လယ်ပြင်များ    အပါအဝင် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာကြီး နှစ်ခုကို ပထဝီနိုင်ငံရေး ဒေသကြီးတစ်ခု အဖြစ် ပေါင်းစည်းစဉ်းစားသည့် ထိပ်တန်း အရေးပါသော အင်ဒိုပစိဖိတ်ဒေသတွင် လည်း အာဆီယံအသင်းကြီး၏ အချက် အချာကျမှုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ အာဆီယံဗဟိုချက် ဖြစ်မှုကို ထိန်းသိမ်းခြင်းသည် အာဆီယံ အား    အောင်မြင်သောဒေသတွင်း    အဖွဲ့ အစည်းတစ်ခုဖြစ်လာစေရန်နှင့်    နိုင်ငံ တကာနယ်ပယ်တွင်ဝင်ဆံ့မှုရှိနေစေရန်အတွက်  အရေးပါလှသည်။    အာဆီယံ ဗဟိုချက်ဖြစ်မှုမှတစ်ဆင့် စည်းမျဉ်းများ ကိုအခြေခံသော ဒေသတွင်းတည်ငြိမ်မှုကို မြှင့်တင်ပြီး နိုင်ငံများအကြား ပဋိပက္ခဖြစ်မှု အလားအလာများကို လျော့နည်းစေရန် ဆောင်ရွက်ရမည်ဖြစ်သည်။  ဆန်းသစ် လာသောဒေသအတွင်း ပထဝီနိုင်ငံရေးအားပြိုင်မှုအခင်းအကျင်းတွင် အာဆီယံ ၏  စည်းလုံးညီညွတ်မှုနှင့်   အာဆီယံ လည်ပတ်မှုပုံစံများအပေါ် ဝေဖန်မှုများနှင့် စိုးရိမ်ပူပန်မှုများလည်း ထွက်ပေါ်လျက် ရှိသည်။ 


အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကြုံတွေ့ရသော လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာစိန်ခေါ်မှုများ   ကွဲပြား ခြားနားသည့်အလျောက် အကျိုးစီးပွားနှင့် ဦးစားပေးဆောင်ရွက်မှု   အခန်းကဏ္ဍ လည်း ကွဲပြားလျက်ရှိသည်။ အဖွဲ့ဝင်နိုင်ငံ အသီးသီးသည် ပြည်တွင်းရေးရာကိစ္စများ ကိုသာ အလေးထားဖြေရှင်းရန် လိုလားမှု သည် အာဆီယံအသင်းကြီး၏ ဗဟိုချက် ဖြစ်မှုအပေါ်      ကြီးမားသောအကျိုး သက်ရောက်မှုကို  ဖြစ်ပေါ်စေမည်ဖြစ်ပါ သည်။ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပ သော    အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်မှ  တက်ရောက်ခဲ့ပြီး   အစည်းအဝေး တွင် ၂၀၂၅ ခုနှစ်အလွန် ကမ္ဘာ့အသိုက် အဝန်းအတွင်း၌ အာဆီယံအသိုက်အဝန်း အနေဖြင့် စုစည်းညီညွတ်မှုရှိပြီး စစ်မှန် သည့် စုပေါင်းအင်အားစုဖြစ်စေရေး   ပိုမို ကြိုးပမ်း  အားထုတ်ရမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် ပထဝီနိုင်ငံရေးပြောင်းလဲ လာခြင်း၊   အယူဝါဒကွဲပြားလာခြင်းနှင့် မဟာမိတ်နိုင်ငံသစ်များ  ဖွဲ့စည်းလာခြင်း စသည့်  ကမ္ဘာ့ဇာတ်ခုံအပေါ်   နိုင်ငံရေး အခင်းအကျင်း   စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်နေကြရသောကြောင့်   အာဆီယံ အဖွဲ့ကြီးအနေဖြင့်   စည်းလုံးညီညွတ်မှု၊ အပြန်အလှန် ယုံကြည်လေးစားမှုတို့ဖြင့် ရင်ဆိုင်ကျော်လွှား    သွားရမည်ဖြစ် ကြောင်း၊ အာဆီယံ၏  အဓိကအခြေခံမူ များဖြစ်သည့်  တန်းတူညီမျှမှု၊    အပြန် အလှန်လေးစားမှု၊    နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်မှု နှင့်   အာဆီယံ၏   ဆောင်ပုဒ်ဖြစ်သည့် “မျှဝေခြင်းနှင့် စောင့်ရှောက်ခြင်း” အပြင်  အာဆီယံက    ကျင့်သုံးလျက်ရှိသည့် “တူညီဆန္ဒ” ဖြင့်   ဆုံးဖြတ်ချက်ချခြင်း နည်းလမ်းတို့ကို ဆက်လက်ထိန်းသိမ်း ထားရမည်ဖြစ်ကြောင်း၊    မြန်မာနိုင်ငံ အနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းနှင့်   အရှေ့တောင်အာရှ   ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (TAC) ပါ အခြေခံမူများနှင့်အညီ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်အတူ   နီးကပ်စွာပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်   ရှေ့ လုပ်ငန်းစဉ်(၅) ရပ်ချမှတ်ကာ နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာရေး၊  တရား ဥပဒေစိုးမိုးရေးနှင့်    ဖွံ့ဖြိုးတိုးတက်ရေး အတွက်  ဆောင်ရွက်လျက်ရှိသည်ကို   အာဆီယံနိုင်ငံများသို့ အသိပေးလိုကြောင်း  တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့သည်။ ထို့ကြောင့်  အာဆီယံအသင်းကြီး သည် ရရှိပြီးသော အောင်မြင်မှုများကို  အစဉ်တစိုက် ဆက်လက်  ထိန်းသိမ်း မြှင့်တင်ရန်အတွက် အာဆီယံဗဟိုချက် ဖြစ်မှုကို ပိုမိုခိုင်မာအားကောင်းစေရန်    အာဆီယံအဖွဲ့ဝင်နိုင်ငံများက အားထုတ် ကြိုးပမ်းရမည်သာ ဖြစ်ပါသည်။


စည်းလုံးညီညွတ်မှုကိုပြသ


ယနေ့ကမ္ဘာကြီး၏   နေရာဒေသ အသီးသီးတွင်  ပဋိပက္ခမျိုးစုံပေါ်ပေါက် လျက်ရှိနေသော်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏          ညီညွတ်မှုစွမ်းအား၊ ပေါင်းစည်းမှုစွမ်းအင်တို့ကြောင့်   ဒေသ တွင်းတည်ငြိမ်မှုရလဒ်ကို ကမ္ဘာသို့ ပြသ လျက်ရှိနေသကဲ့သို့      တည်ငြိမ်မှု၊ အေးချမ်းသာယာမှု၊ စည်းလုံးညီညွတ်မှု၊ စွမ်းရည်ထက်မြက်မှု၊ သန့်ရှင်းစင်ကြယ် မှု၊ သာယာဝပြောမှုနှင့် ခိုင်မြဲစွာလက်တွဲ ဆောင်ရွက်သွားမည်ဆိုသည့် မျှော်မှန်း ချက်တို့ကို ဖော်ညွှန်းပြသထားသော အပြာ ရောင်အောက်ခံ၊   အဖြူရောင်စက်ဝိုင်း အတွင်းရှိ  အနီရောင်နောက်ခံပါ  အဝါ ရောင်စပါးနှံအစည်း    သင်္ကေတဖြင့်   အာဆီယံကိုယ်စားပြုအလံသည်လည်း    ကမ္ဘာ့အလယ်တွင် တောက်ပလျက်ရှိနေ ပေသည်။ အနာဂတ်မှာလည်း  အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်မှု ကိုပြသပြီး  ခင်မင်ရင်းနှီးမှုဖြင့်  ခိုင်မြဲစွာ လက်တွဲ   ဆောင်ရွက်သွားမည်ဆိုပါက ဒေသတွင်းတည်ငြိမ်အေးချမ်းကာ ဖွံ့ဖြိုး သာယာဝေစည်မှာ မလွဲဧကန်ပင် ဖြစ်ပေ သည်။      ။