
နေပြည်တော် ဇန်နဝါရီ ၂၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ သံအမတ်ကြီး မစ္စ ရိုဆာရီယိုမယ်နာလို ဦးဆောင်သော လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့(ICOE)သည် ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လာရောက်ပေးအပ်သည်။
ပေးအပ်ပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ တာဝန်ရှိသူများနှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြသိန်း၊ သံအမတ်ကြီး ကင်ဇိုအိုရှီးမားနှင့် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်တို့ တက်ရောက်ကြသည်။
လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁၅ ရက် ရက်စွဲပါ နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာအမှတ် (၆၁/၂၀၁၈) ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် ကော်မရှင်၏ သက်တမ်းကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃၀ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၉ ရက် အထိ ခြောက်လ တိုးမြှင့် ခဲ့သည်။
ကော်မရှင်ကို ARSA အဖွဲ့က ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက်ပိုင်း ဖြစ်ပွား လာသည့် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များနှင့် ယင်းနှင့်ဆက်စပ်သောကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန်၊ ကော်မရှင်အနေဖြင့် တာဝန်ရှိမှုကို စုံစမ်းဖော်ထုတ်ရန်နှင့် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးရရှိစေရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် စပ်လျဉ်း ၍ အကြံပြုချက်များပေးရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
သတင်းစဉ်