
နေပြည်တော် ဇန်နဝါရီ ၁၉
ဆောက်လုပ်ရေး ဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန က မန္တလေးတိုင်းဒေသကြီး မြင်းခြံ ခရိုင်တွင် ရှေ့ပြေးစီမံကိန်းဖြင့် ဆောင်ရွက်ပြီးစီးသည့် နွားထိုးကြီး- တောင်သာ ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် အဆိုပါ လမ်းပိုင်းရှိ မင်္ဂလာမဏ္ဍပ် ၌ ကျင်းပသည်။
တိုက်ရိုက်ရောက်ရှိ
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်က နွားထိုးကြီး- တောင်သာ ကတ္တရာလမ်းသည် အရှည် ၁၇ မိုင် ၄ ဖာလုံ၊ အကျယ် (၁၂) ပေရှိပြီး ယခင်က ကျောက်ချော လမ်းအဆင့်သာရှိခဲ့ရာ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ရှေ့ပြေး စီမံကိန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် အတွက် ယနေ့အောင်မြင်စွာ ဖွင့်လှစ် ပေးနိုင်ခဲ့ပါကြောင်း၊ ယခုလမ်းအပိုင်း ကို ဖွင့်လှစ်ပေးလိုက်သည့်အတွက် ယခင် နွားထိုးကြီးမြို့မှ မြင်းခြံမြို့နှင့် တောင်သာမြို့သို့ ပတ်ပြီး ၃၄ မိုင် သွားရသည့်ခရီးကို ယခု ၁၇ မိုင် ၄ ဖာလုံဖြင့် နွားထိုးကြီးမြို့မှ တောင်သာမြို့သို့ တိုက်ရိုက်ရောက်ရှိ မည်ဖြစ်၍ ယာဉ်မောင်းချိန် မိနစ် ၃၀ နှင့် လမ်းမိုင်အရှည် ၁၆ မိုင် ၄ ဖာလုံ သက်သာကာ ကျေးရွာ ၂၈ ရွာရှိ အိမ်ခြေ ၃၇၂၆ အိမ်နှင့် လူဦးရေ ၂၄၄၂၀ ကို အကျိုးပြုနိုင် မည်ဖြစ်ကြောင်း။
ဝိုင်းဝန်းထိန်းသိမ်း
ယခုကဲ့သို့ အရည်အသွေး ကောင်းမွန်သည့် ကျေးလက်လမ်းနှင့် တံတားများ ဒေသအသီးသီးတွင် ပေါ်ထွန်းလာသည့်အတွက် ကျေးလက် နေပြည်သူများ၏ လူနေမှုဘဝမြင့်မား လာပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချ နိုင်ရေးတွင် ကြီးမားသော အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ငွေကြေးအမြောက်အမြား အကုန်အကျခံ တည်ဆောက်ပေးခဲ့ သည့် နွားထိုးကြီး - တောင်သာ ကတ္တရာလမ်းသစ်ကြီးကို ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ဒေသခံ ပြည်သူများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ခေတ္တ ဝန်ကြီးချုပ် ဦးဇာနည်အောင်က ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဖဲကြိုးဖြတ် ဖွင့်လှစ်
ယင်းနောက် နွားထိုးကြီး - တောင်သာ ကတ္တရာလမ်းသစ်ကို ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ တိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဌေး၊ ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်သက်၊ နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်နှင့် တောင်သာ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးစစ်အေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကတ္တရာလမ်းသစ် ပေါ် ဖြတ်သန်းကြည့်ရှုကြသည်။
သတင်းစဉ်