
“နောက်တစ်ခါ လာပြန်ပြီဟေ့ . . . ဟေ . . . ဟေ . . . ဝါး” လို့ဆိုတဲ့ နားပန်းဆံသီချင်းလေးထဲက အတောအထ စာသားလေးကို ဆိုညည်းမိတာ အတော်ပဲအရသာရှိ၊ အားရှိလှပါတယ်။
သီချင်းရဲ့အနှစ်သာရက မြောက်ကြွားနေတဲ့ ရွာသားလေးကို ဝိုင်းဝန်းမြှောက်စားကြတဲ့သီချင်း ဖြစ်ပါတယ်။ ဆရာရွှေပြည်အေး ရေးစပ်ထားတဲ့ ရွာသူ ရွာသားတွေရဲ့ ပျော်ရွှင်စရာဘဝဓလေ့ သရုပ်ဖော် ကျေးလက်သီချင်းလေးဟာ ရွှင်မြူး တက်ကြွလန်းဆန်းစေတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါ တယ်။
ကျွန်တော်ဆိုလိုချင်တာကတော့ ရွာသူ ရွာသားတွေရဲ့ ပျော်ရွှင်ဖွယ်ရာတော့ မဟုတ်ပါဘူး။ CRPH၊ NUG တို့ရဲ့ မြောက်ကြွားနေတဲ့ လေလုံးမိုး လုံးတွေနဲ့ အရင်တစ်ခါ PDF တွေကို မြှောက်စားပြီး တဲ့နောက် ဘာမှဖြစ်မလာပြန်တော့ အခုတစ်ခါ ထပ်မံမြှောက်စား လေလုံးထုတ်၊ ဟန်ရေးပြလာကြ တာကို “နောက်တစ်ခါ လာပြန်ပြီဟေ့ . . . ဟေ . . . ဟေ . . . ဝါး” လို့ အဖြစ်မှန်ကို နားလည်ကြတဲ့ ပြည်သူတွေက ဝိုင်းဝန်းလှောင်ပြောင်ကြတဲ့ သဘော ဖြစ်ပါတယ်။ အရင်တစ်ခါ ဇွန်လ ၃၀ ရက်နေ့ကို D – Day ပြည်သိမ်းမယ့်ရက်ဆိုပြီး PDF တွေကို တပ်လှန့်ပေးခဲ့တာ ဇွန်လ ၃၀ ရက်မရောက် မီမှာဘဲ PDF တွေ အစုလိုက်၊ အစုလိုက် အဖမ်းခံခဲ့ရ တာတွေ တွေ့ခဲ့ရပါတယ်။ အခုတစ်ခါ D – Day ခေါ်ပြီး နှစ်လအတွင်း အာဏာသိမ်းအဖွဲ့ ပျောက် ပျက်နိုင်တယ်လို့ PDF တွေက ကြောက်ကျွဲခတ်သလို ပြောလာပြန်ပါတယ်။
စိတ်ကူးနဲ့ရူးနေ
ဒီသတင်းကို NUG က D – Day ခေါ်ပြီး လ အနည်းငယ်အတွင်း အာဏာသိမ်းစစ်အုပ်စု ကျဆုံး ပျောက်ပျက်သွားမှာဖြစ်တယ်လို့ တော်လှန်ရေး သမားတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ အားဖြင့် မိမိတို့ဒေသအလိုက် ရရာလက်နက်နဲ့ တိုက်ခိုက်နေတဲ့ PDF တွေကို NUG က ဆက်သွယ် ကူညီပေးနေသလို NUG ကိုယ်တိုင်ကလည်း PDF တပ်မတော်ကို ဖွဲ့စည်းအသင့်ပြင်နေတယ်လို့ ဆိုပါတယ်။ တစ်ပြည်လုံးအနှံ့ စတင်တိုက်ခိုက် မယ့်နေ့ရက်ကို NUG က ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမယ့် လများမကြာမီ စတင်တော့မယ်ဆို တဲ့သတင်းတွေ ပေါ်ထွက်နေပါပြီလို့ ဝါရှင်တန်ဒီစီမှ RFA က သတင်းထုတ်လွှင့်ပေးခဲ့တာကို တွေ့ရပါ တယ်။ NUG ဟာ ပြည်ပနိုင်ငံကြီးတစ်နိုင်ငံကနေ ပြည်တွင်းမှာရှိတဲ့ လူငယ်တွေ၊ PDF တွေကို မြှောက်ပင့်ပေးခဲ့တာကြာခဲ့ပါပြီ။ ယခင်ကလည်း အမျိုးမျိုး အချိန်းအချက်ပေးပြီး မစမီကတည်းက ပျက်သုဉ်းပျောက်ကွယ်သွားတာပါပဲ။ NLD ကနေ ဖြစ်လာတဲ့ NUG နဲ့ PDF တွေဟာ “ပြည်ဖျက်စီမံ ကိန်း”ကို စိတ်ကူးနဲ့ ရူးနေကြတာဖြစ်ပါတယ်။
ပြည်ဖျက်၊ ပြည်သိမ်း စီမံချက်တွေဟာလည်း ဝက်ဝက်ကွဲအောင် အထိတ်တလန့် ဖြစ်စရာတွေ ပါပဲ။ အံ့သြဘနန်း အောင်ပွဲကြီးခံလိမ့်မယ်လို့ အမျိုးမျိုးလှန့်လုံး၊ ခြောက်လုံးတွေ ပြုလုပ်ခဲ့ကြ တာဖြစ်ပါတယ်။ ပြည်ပအခြေစိုက်မီဒီယာတွေက လည်း အဆက်မပြတ် သတင်းလွှင့်ပေးနေကြပါ တယ်။ NUG ရဲ့ မြှောက်ပင့်ပေးမှုတွေကို မျှော်လင့် ရင်းနဲ့ နွေဦးတော်လှန်ရေး၊ မိုးတွင်းတော်လှန်ရေးလို့ ကြွေးကြော်ပြီး လက်နက်ကိုင်အကြမ်းဖက်တဲ့ သူတွေဟာ မြို့ပေါ်ရောက်လာရင် တစ်သုတ်ပြီး တစ်သုတ် အဖမ်းခံလိုက်ရ၊ ကျေးလက်တွေမှာဆို အစုလိုက်အပြုံလိုက် နှိမ်နင်းခံလိုက်ရနဲ့ ပြေးစရာ မြေမရှိဖြစ်နေပါတယ်။
NUG က လွတ်ရာကျွတ်ရာ သာသာယာယာက နေ မြှောက်ပင့်ပေးနေတော့ ပြည်တွင်းက သူတို့ရဲ့ ဩဇာခံ၊ လူမိုက် PDF တွေ မရှုမလှခံနေရပါတယ်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကယား ပြည်နယ်က ဒေသတချို့မှာ အားမသန်ဘဲ ခါချဉ် ကောင် မာန်ကြီးလို့ အဲဒီဒေသက ကျေးလက်ပြည်သူ တွေ အတိဒုက္ခရောက်ကြရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ တွေကို အကြမ်းဖက်သမားတွေက ချောင်းမြောင်း တိုက်ခိုက်လို့ ဖယ်ရှားရှင်းလင်းနှိမ်နင်းခံရရင် အပြစ်မဲ့ပြည်သူတွေ ရက်ရက်စက်စက် အသတ်ခံရ တယ်လို့ ပြောင်းပြန်လှန်ပြီး ပြောကြပါတယ်။
တကယ့်အခြေအနေ
တကယ်တော့ NUG နဲ့ PDF တွေဟာ မြေပြင်က လက်တွေ့အဖြစ်အပျက်တွေနဲ့ အမြီးအမောက် မတည့်တဲ့အခြေအနေတွေကို ခြောက်လုံး၊ ဟန့်လုံး တွေနဲ့ ပြောနေကြတာဖြစ်ပါတယ်။ “တော်လှန်ရေး သက်တမ်းခြောက်လမှာ ကျွန်တော်မြို့ပေါ်မှာ နှစ်လ လောက်ပဲ နေခဲ့ရတာပါ။ ဒီမှာရောက်နေတာ လေးလပတ်ဝန်းကျင်ပေါ့။ ကျွန်တော်ဗျာ ခင်ဗျားတို့ မြို့ပေါ်မှာပျော်နေတဲ့သူတွေကို တစ်ခါတလေ မနာလိုအားကျဖြစ်မိတယ်။ ဘယ်လောက်ပဲခက်ခဲ ပါစေ၊ ကောင်းကောင်းစားလို့ရတယ်။ ကိုယ့်အိပ် ရာမှာ နွေးနွေးထွေးထွေးအိပ်လို့ရတယ်။ မိသားစု တွေ၊ ချစ်ရတဲ့သူတွေ၊ သူငယ်ချင်းတွေနဲ့တွေ့လို့ ရတယ်။ ကျွန်တော်တို့ အဲဒါတွေ အကုန်စွန့်ပြီးလာ ခဲ့တာပါ။ ရှုံးရင် ကျွန်တော်တို့ အဲဒါတွေကို ထာဝရ နှုတ်ဆက်ရမှာပါ။ နောက်ပြန်လှည့်လို့မရပါဘူး။ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ချစ်ရတဲ့သူတွေနဲ့ ခွဲခွာပြီး နေနေရတဲ့သူတွေအတွက် ခင်ဗျားတို့စာနာ ပေးပါ။ လူသားအချင်းချင်းပဲ စာနာတဲ့စိတ်လေးတော့ ထားပေးပါ။ အဲတော့ ခင်ဗျားတို့မပျော်နဲ့ မပြောပါ ဘူး။ ပျော်ပါ ကျွန်တော်တို့လည်း နိုင်အောင်ဆက်တိုက် မယ်။ ဒါပေမဲ့ နောက်ကွယ်ကနေ PDF တွေ၊ STF တွေကို ထောက်ပံ့ပေးပါ။ ဒီရက်ပိုင်းလည်း မြို့ပေါ်က ညီအစ်ကိုတွေ အများကြီးဖမ်းမိတော့ စိတ်ကသိပ်အဆင် မပြေဘူး။ ဒီလူတွေကုန်သွားရင် နောက်ထပ်ဘယ်သူမှ မရှိတော့ပါဘူး။ ကူညီနိုင်ကြပါစေ”လို့ မြောက်ပိုင်း PDF တစ်ယောက်ရဲ့ ရင်ဖွင့်သံဟာ ဘယ်ပြည်ပ မီဒီယာကမှ မထုတ်လွှင့်တဲ့၊ NUG က နှာစေးနေတဲ့ မြေပြင်က တကယ့်အခြေအနေဖြစ်ပါတယ်။
တိုင်းရင်းသားလူငယ် ခေါင်းဆောင်တစ် ယောက်ကလည်း “ဒီရက်ပိုင်း PDF တွေကိုယ်တိုင် Page တွေကနေရော သူတို့ acc တွေကပါ NUG ကို ခပ်စိပ်စိပ် ဝေဖန်လာကြတာ တွေ့တယ်။ တချို့ဆို ဝေဖန်ရုံတင်မဟုတ်ဘူး။ ဒေါကန်ပြီး ဆဲတဲ့အဆင့်ပါ ဖြစ်လာရော။ သူတို့ဘက်ကကြည့်ရင်လည်း ပေါက်ကွဲသင့်တယ်။ သူတို့ခမျာ မိသားစု၊ အသက်၊ ဘဝအနာဂတ်တွေကိုရင်းပြီး တောထဲဝင်ခဲ့ရတာ။ သူတို့ကို အုပ်ချုပ်ဦးဆောင်မယ့် NUG က အခုထက် ထိ သကြားလုံးတစ်ထုပ်နဲ့ဘာဆိုလား ထောက်ပံ့ပြီး အခုထိ မမြင်ရတော့ဘူးတဲ့။ လက်နက်ကိုင်တိုက်ရ မယ့်သူတွေက လက်နက်တောင် မသေချာသေးတဲ့ အပြင် မိုးတွင်းကလည်းဖြစ်၊ ရိက္ခာကလည်းမလုံ လောက် လက်နက်ကိုင်တိုက်ဖို့ထက် ဝမ်းစာအရင် ရှာစားနေရတဲ့ဘဝဖြစ်ကုန်ပြီ။ တချို့ဆို စားစရာ မရှိလို့ တောပင့်ကူတွေနဲ့ တွေ့တဲ့အကောင်တိုင်း မီးဖုတ်စားရတဲ့ အခြေအနေဖြစ်နေပြီ။
အဲဒီလို ကြမ်းတမ်းခက်ခဲစွာ နေထိုင်ရတာကို စိတ်ကုန်လို့ တောတွင်းဘဝကို စွန့်လွှတ်ပြီး အိမ်ပြန် မယ်ဆိုတော့လည်း ပြန်စရာလမ်းစရိတ်ကမရှိတော့ ဘူးတဲ့။ သူတို့ရဲ့အခက်အခဲတွေကို NUG ကို တင်ပြ မယ်ဆိုတော့လည်း NUG ဘက်က တိုက်ရိုက် အဆက်သွယ်မခံဘူး။ ကြားခံနဲ့သာ ဆက်သွယ်ရ သတဲ့။ နိုင်ငံတကာနဲ့ကျ တိုက်ရိုက်ပတ်တွေ့ပြီး သူတို့လို အနီးကပ်ဆက်ဆံရမယ့်လူကျ ဘာလို့ တိုက်ရိုက်မတွေ့လဲဆိုပြီး သူတို့တင်ထားကြတယ်။ NUG ဟာ အခုထက်ထိ ပြည်သူတွေနဲ့ တိုက်ရိုက် ထိတွေ့ပြီး ပြည်သူ့အသံကို နားထောင်တတ်ဖို့ မပြောနဲ့ သူတို့လက်အောက်ခံအဖွဲ့အစည်း PDF ရဲ့အသံကိုတောင် တိုက်ရိုက်နားမထောင်ဘဲ ကြားခံ ထားမှတော့ ဘယ်လိုလုပ် ကိုယ်တိုင်ကြားပြီး နားလည်ကိုယ်ချင်းစာပေးနိုင်တော့မလဲ”လို့ သူ့ရဲ့ခံစား ရတာကို မျှဝေပေးခဲ့တာတွေဟာ တကယ်ဖြစ်ရပ်မှန် တွေပါပဲ။
စိတ်မဝင်စားဘူး
ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်က CNN က 'Inside the Myanmar mountain camp where rebels train to fight for freedom from the junta' ဆိုပြီး ထုတ်လွှင့်ခဲ့တဲ့ သတင်းတစ်ပုဒ်မှာ ချင်းပြည်နယ်မှာ တောခိုနေတဲ့ GZ တွေရဲ့ဘဝနဲ့ စစ်ဘေးဒုက္ခသည် တွေအကြောင်း သတင်းဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့ ပါတယ်။ ဆောင်းပါးမှာ တပ်မတော်ကို ခပ်ပါးပါး အပြစ်တင်ထားပြီး PDF တွေ ရှုံးနိမ့်နေပြီဆိုတာကို သွယ်ဝိုက်ပြီးတော့ ဝန်ခံထားတာကို တွေ့ရပါတယ်။
ဆောင်းပါးမှာ တောထဲမှာ ဗုံးစမ်းသပ်ရင်း ပေါက်ကွဲလို့ ပွဲချင်းပြီးတဲ့ GZ တွေအကြောင်းလည်း ပါပါတယ်။ ဆောင်းပါးဟာ မြန်မာ - အိန္ဒိယ နယ်စပ်က လက်နက်ကိုင်အဖွဲ့ (CNF) ကို အခြေ ပြုထားပြီး တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ တပ်မတော်ကို ဘုံရန်သူအဖြစ်ထားပြီး ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးအတွက် တိုက်ပွဲဝင်ကြဖို့ လမ်းကြောင်းပေးထားတာ တွေ့ရ ပါတယ်။ တကယ်တော့ EAOs တွေဟာ သူ့နေရာ မှာသူ လှုပ်ရှားနေကြတာဖြစ်ပါတယ်။ အတွင်းထဲ ဝင်ပြီး တပ်မတော်နဲ့ တိုက်ခိုက်နိုင်တဲ့အခြေအနေ မရှိပါဘူး။ ဘယ် EAOs မှ ရှိရင်းစွဲ မျှခြေကို အပျက်ခံပြီး စစ်မြှူဖို့ စိတ်မဝင်စားပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့က ကုလသမဂ္ဂ ရဲ့ မြန်မာကိုယ်စားလှယ်ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ဝရမ်းပြေးက စစ်ကိုင်းတိုင်းဒေသကြီးတစ်ဝိုက်က ရွာတွေမှာ ပြီးခဲ့တဲ့လက လူအစုလိုက် ညှဉ်းပန်းသတ်ဖြတ်မှုတွေရှိတယ်ဆိုပြီး ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ကို မျက်ရည်ခံထိုး တိုင်တန်းထားတာ တွေ့လိုက်ရပါတယ်။ ကုလသမဂ္ဂကို လေလှိုင်းပေါ် က တစ်ဖက်တည်းအမြင်တွေနဲ့ “သူခိုးက လူ လူ” ဟစ်လိုက်တာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်းက မြို့နယ်အချို့ရဲ့ ကျေးရွာတချို့ ပတ်ဝန်းကျင်မှာ NLD က ပေါက်ဖွားလာတဲ့ CRPH နဲ့ NUG က ကျေးလက်က မသိနားမလည်တဲ့ ပြည်သူတွေကို မြှောက်ပင့်ပေးပြီး အကြမ်းဖက် သမားဘဝကို တွန်းပို့ပေးခဲ့တာဖြစ်ပါတယ်။
ကျေးလက်ပြည်သူတချို့ဟာ ဒေသခံ PDF အဖြစ် မပြန်လမ်းကို ရောက်ရှိသွားတာဖြစ်ပါ တယ်။ ရရာလက်နက်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို တန်ပြန်တိုက်ခိုက်တာဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာပါပဲ။ ကြားထဲက ကျေးလက်ပြည်သူတွေဟာ မြေစာပင်ဖြစ်ကြရပါ တယ်။ စစ်ကိုခေါ်တုန်းကခေါ်ပြီး တိုက်ခိုက်ရင်း နဲ့သေဆုံး၊ စစ်ဘေးဒုက္ခသည်တွေဖြစ်လာမှ လုံခြုံရေး တပ်ဖွဲ့ကို အပြစ်ပုံချတာ အလွန်ညံ့ဖျင်းတဲ့ စိတ်ကူး ဖြစ်ပါတယ်။
သေတွင်းတူးသလို
အရင်တစ်ခါ Federal Army ဘာညာသတင်း ကိုမျှော်ရင်း CRPH က ဝန်ကြီးဆိုသူက စစ်သင်တန်းသာ ရအောင်တက်ထား၊ လက်နက် ကိစ္စပူရန်မလို အားလုံးစီစဉ်ပြီးနေပြီ လူစေ့မရ တောင် ဝေစုတစ်စုစာရောက်အောင် ပို့ပေးလိုက် မယ်ဆိုတဲ့ မြှောက်ပင့်ပေးတာနဲ့ ရရာတူမီးသေနတ် နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ပြန်လည်တိုက်ခိုက်ကြ တာ သေသူသေ၊ အဖမ်းခံရသူအဖမ်းခံပဲ အဖတ် တင်ပါတယ်။ နောက်တစ်ခါ ဇွန် ၃၀ ရက်ကို D – Day ဆိုပြီး မြှောက်ပင့်ပေးလိုက်တာ အတုံး အရုံး သေဆုံးအဖမ်းခံကြရပြန်ပါတယ်။
အခုနောက်တစ်ခါ ပြည်သိမ်းစစ်ပွဲကြီး D – Day ကြီးလာတော့မယ်လို့ ထပ်မံမြှောက်ပင့် လှုံ့ဆော်ပေးလာပြန်ပါတယ်။ နှစ်လအတွင်း ပြည်သိမ်းမယ်လို့ သင်္ကြန်အမြောက်ဖောက်ကြ ပြန်ပါတယ်။ တစ်ဖက်ကတော့ မနိုင်မှန်းသိလို့ တပ်မတော်ကို ပြိုကွဲဖို့ သွေးထိုးလှုံ့ဆော်ပေးကြပါ တယ်။ စနစ်တကျဖွဲ့စည်းပြီး နှစ်ပေါင်း ၇၀ ခန့် စစ်ရေးအတွေ့အကြုံရှိတဲ့ EAOs တွေတောင် စစ်ကိုမြှူဖို့ မကြိုးစားခဲ့ပါဘူး။ မနေ့တစ်နေ့ကမှ စစ်သင်တန်းလေးဘာလေးတက်ပြီး စစ်ကိုမြှူဖို့ ကြိုးစားရင် ကိုယ့်သေတွင်း ကိုယ်တူးသလိုဖြစ်မှာ သေချာပါတယ်။
သို့သော်လည်း ဖမ်းမိပြီးသား အကြမ်းဖက် သမားတွေ အရေအတွက်နဲ့ လက်နက်တွေကို ကြည့်မယ်ဆိုရင် ရန်သူကို လျှော့တွက်လို့တော့ မရပါဘူး။ တပ်မတော်က မဖြိုခွဲနိုင်ရင် အဲဒီလူ တွေနဲ့လက်နက်တွေဟာ တိုင်းပြည်ကို ဖရိုဖရဲဖြစ် သွားနိုင်ပါတယ်။ အစဉ်အလာရှိတဲ့ တပ်မတော်ဟာ တရားတဲ့စစ်ပွဲရဲ့ နိုင်ခြေကို ရာခိုင်နှုန်းပြည့် ဆွဲတင် ထားမှာဖြစ်ပြီး အကြမ်းဖက်သမားတွေကို သုညအထိ ဆွဲချမှာသေချာပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အကြမ်းဖက်သမားတွေ အခု D – Day လို့ အော်လိုက်တာကို “နောက်တစ်ခါလာပြန် ပြီဟေ့ . . . ဟေ . . . ဟေ . . . ဝါး”လို့သာ ရယ်လိုက် ချင်ပါတယ်။ ။
ကိုရေချမ်း
- Log in to post comments