(၈)ကြိမ်မြောက် ရိုးမ - ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲကျင်းပ ပြည်တွင်း၊ ပြည်ပမှ အပြေးအားကစားသမား ၁၁၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်

 
 
 
နေပြည်တော် ဇန်နဝါရီ ၁၉
အပြေးအားကစားကို ချစ်မြတ်နိုးစိတ်မှတစ်ဆင့် ပြည်တွင်း၊ ပြည်ပ အားကစားသမားများ၏ စိတ်ဝင်စားမှု ရရှိနိုင်ရန်နှင့် အဖွဲ့အစည်းများကို ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ် (၈)ကြိမ်မြောက် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ယနေ့နံနက် ၅ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏဘူမိ Event Park ၌ ကျင်းပသည်။
 
 
ပြိုင်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင် ထွန်း၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုး၊ တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ အားကစား နှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့က (၈)ကြိမ်မြောက် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ပြိုင်ပွဲကို တာထွက်အလံမြှောက်၍ ဖွင့်လှစ်ပေးကြသည်။
 
 
ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ၄၂ ကီလိုမီတာ မာရသွန်ပြိုင်ပွဲ၊ ၂၁ ကီလိုမီတာ မာရသွန်ပြိုင်ပွဲ၊ ၁၀ ကီလိုမီတာ စိန်ခေါ် မာရသွန်ပြိုင်ပွဲနှင့် ၃ ကီလိုမီတာ အပျော်တမ်း အပြေး/ လမ်းလျှောက်ပြိုင်ပွဲ ဟူ၍ ပြိုင်ပွဲအမျိုးအစား လေးမျိုးခွဲခြားပြီး ရန်ကုန်မြို့၏ အထင်ကရနေရာ များဖြစ်သည့် ဗိုလ်တထောင်ဘုရား၊ ရွှေတိဂုံဘုရားနှင့် အင်းလျားကန်တို့ကို ဖြတ်သန်းကာ သုဝဏ္ဏဘူမိ Event Park သို့ ပြန်လည်ပန်းဝင်ကြမည် ဖြစ်သည်။
 
 
အဆိုပါပြိုင်ပွဲသို့ ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ တရုတ်၊ မလေးရှား၊ ပြင်သစ် အပါအဝင် ပြည်တွင်း၊ ပြည်ပမှ အပြေးအားကစားသမား ၁၁၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြသည်။
 
 
သတင်းစဉ်